ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်တော်သာ ရပ်ကွက်ရှိ ပုဂ္ဂလိကဆေးရုံတခု၏ တည်ဆောက်ရေး လုပ်ငန်းခွင် ငြမ်းပြိုကျပြီး စုစုပေါင်း လူ ၇ ဦး သေဆုံးကြောင်း သိရသည်။
ပြည်တော်သာရပ်ကွက်၊ ကြံ့ခိုင်ရေးလမ်းရှိ ပုဂ္ဂလိက အထူးကုဆေးရုံကို ၇ ထပ်ရှိ အဆောက်အအုံ အဖြစ်တည်ဆောက်နေရာ အဆောက် အအုံ၏ ၅ လွှာတွင် တပ်ဆင်ထားသည့် ငြမ်း ယမန်နေ့က ပြုတ်ကျ၍ ၆ ဦးပွဲချင်းပြီး သေဆုံးကာ ၄ ဦးမှာ အတွင်း လူနာအဖြစ် တောင်ကြီးဆေးရုံ၌ ဆေးကုသမှု ခံယူနေ ယနေ့ နောက်ထပ်တဦး ထပ်မံသေဆုံးကြောင်း မြို့ခံများက ဧရာဝတီကို ပြောသည်။
“ကွန်ကရစ် လောင်းနေရင်း ငြမ်းကြိုးပြတ်ကျပြီး ပြုတ်ကျတော့ လူတွေက အဆောက်အအုံ ပြိုကျတဲ့ ပစ္စည်းတွေအောက်မှာ ပိကုန်ကြတယ်၊ ငြမ်းကြိုးက ဆွေးနေတဲ့ ကြိုးဖြစ်လို့ပါ” ဟု မျက်မြင်တဦးက ပြောသည်။
သေဆုံးသွားသူများမှာ ဦးတင့်အောင်၊ ဦးအောင်ကိုလတ်၊ ဒေါ်ပြုံးရီ၊ မလစန္ဒာ၊ မလှလှခိုင်၊ မထွေးထွေးတို့ ဖြစ်ကြသည်။ ကိုတင့်နိုင်ဦး၊ ဦးကြည်ဝင်း၊ ကိုကုလား၊ ကိုသက်ပိုင် တို့မှာ အတွင်းလူနာများ အဖြစ်ဆေးကုသ ခံနေစဉ် ကိုကုလားမှာ ယနေ့ ထပ်မံသေဆုံးသွားကြောင်း သိရသည်။
ထိုလုပ်ငန်းခွင်၌ အလုပ်သမား စုစုပေါင်း ၁၂၀ ဝန်းကျင်ရှိပြီး အများစုမှာ ဒေသခံများဖြစ်ကြောင်း၊ လုပ်ငန်းခွင် တာဝန်ခံ အင်ဂျင်နီယာ ၃ ဦးကို အာဏာပိုင်တို့က ယခုအခါ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း ဒေသခံတချို့က ပြောသည်။
နောက်ဆုံးရရှိသော သတင်းများအရ မူခင်းရဲတပ်ဖွဲ့က တာဝန်ခံ အင်ဂျင်နီယာ ကိုသန့်ဇင်အား ပုဒ်မ ၃၀၄ (က)/၃၃၈ ဖြင့် အရေးယူထားကြောင်း သိရသည်။
အလုပ်သမားများ ယခုကဲ့သို့ အစုအပြုံလိုက် သေဆုံးရခြင်းသည် အဆောက်အအုံပိုင်ရှင်နှင့် လုပ်ငန်းခွင် တာဝန်ရှိသူ တို့၏ ပေါ့ဆမှုကြောင့် ဖြစ်ကြောင်း၊ အလုပ်သမားတို့၏ လုပ်ငန်းခွင် လုံခြုံမှုကို အလေးထားမှု နည်းပါးသည့် အတွက် ဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။