ကရင်ပြည်နယ် အတွင်း လူသွားများသည့် နေရာများတွင် မြေမြှုပ်မိုင်းများ စတင် ရှင်းလင်း နေပြီဖြစ်ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်းက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ကရင်ပြည်နယ် အတွင်းရှိ ဒေသအားလုံးကို အစဉ်အတိုင်း လုပ်ဆောင်ခြင်း မဟုတ်ကြောင်း၊ ပုံမှန် လူသွားများသည့် နေရာများနှင့် ယခင် စစ်ပွဲဖြစ်ခဲ့သည့် ဒေသများတွင်သာ အဓိက လုပ်ဆောင်နေကြောင်၊ ရွာနှင့် နီးစပ်ရာ၊ လူနေ အိမ်ခြေများနှင့် မလွတ်သည့် ဒေသများတွင် ဦးစားပေး ရှင်းလင်းမည် ဖြစ်ကြောင်း သူက ဆိုသည်။
“မြေမြှုပ်မိုင်း ဖော်ဖို့ ကိစ္စကို အခုအချိန်မှာ ကရင်လွတ်မြောက်ရေး တပ်မတော် (KNLA) ဘက်က ကျွမ်းကျင်တဲ့ သူတွေနဲ့ အစိုးရ စစ်တပ်ဘက်က ကျွမ်းကျင်တဲ့သူတွေ ပေါင်းပြီး ရှင်းလင်း နေပါတယ်။ ကျောက်ကြီး ဘက်မှာတော့ ရှင်းလင်းပြီးသွားပါပြီ။ စီမံချက်နဲ့ လုပ်ဖို့လည်း ရှိပါတယ်” ဟု ဦးဇော်မင်းက ပြောသည်။
ငြိမ်းချမ်းရေး အတွက် ဆွေးနွေး ရာတွင်လည်း မြေမြှုပ်မိုင်း ရှင်းလင်းမည့် ကိစ္စ ပါဝင်ကြောင်း၊ နယ်စပ်ဒေသများတွင် စစ်ရှောင် ပြေးခွာနေသည့် ပြည်သူများ ပြန်လာပါက ၎င်းတို့ ကိုယ်ပိုင်နေရာများတွင် ပြန်နေနိုင်ရန် စီစဉ်ပေးနေကြောင်း၊ထိုင်း – မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများတွင် နေထိုင်သည့် သူများ အားလုံး ပြန်လာနိုင်ရန် အတွက်လည်း မြန်မာ အစိုးရနှင့် ထိုင်း
အစိုးရတို့ ညှိနှိုင်းကာ စာရင်းကောက်ယူနေကြောင်း သိရသည်။
“ပြန်ဝင်လာဖို့ ခန့်မှန်းခြေ လူ တသိန်းလေးသောင်းနဲ့ တသိန်း ခြောက်သောင်းလောက် ရှိတယ်။ တချို့က သူ့ရပ်သူ့ရွာ ရှိတယ်၊တချို့ကတော့ မရှိဘူး။ သူတို့ လာရင် စနစ်တကျ နေထိုင်လို့ရအောင် စီစဉ်ပေးမှာပါ” ဟု ဦးဇော်မင်းက ဆက် ပြောသည်။
ထိုင်း – မြန်မာနယ်စပ် ဒေသရှိ ဒုက္ခသည် စခန်းများသို့ ရောက်ရှိနေသူများ ပြန်လာမည်ဆိုပါက အဆင်သင့် ဖြစ်စေရန်အတွက် ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေး ကိစ္စများကို အပြည့်အ၀ ပေးနိုင်ရန်လည်း စီစဉ်ပေး နေကြောင်း၊ နော်ဝေ နိုင်ငံ အမျိုးသား ကြက်ခြေနီ အဖွဲ့ကလည်း အဆိုပါဒေသရှိ ကျောင်းနေရန် ခက်ခဲသူများအတွက် အိမ်များ ဆောက်ပေးနိုင်ရန် ပူးပေါင်း ဆောင်ရွက်နေသည်ကိုလည်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့တွင် ပထမဆုံး အကြိမ် ပြည်နယ်အဆင့် အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွင် ဆက်ဆံရေး ရုံးများ ဖွင့်လှစ်သွားရန် ပါရှိပြီး ယခုနှစ် ဧပြီလမှ စတင်၍ ပဲခူးတိုင်း ကျောက်ကြီး မြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ ဘုရားသုံးဆူမြို့နယ်နှင့် မြဝတီမြို့နယ်တို့တွင် ဖွင့်လှစ် ထားပြီး ဖြစ်သည်။
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် အနေနှင့် ဦးအောင်မင်းက KNU ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့ပြီးနောက် တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။