လူ ၃ ဦး သေဆုံးသည်အထိ ပဋိပက္ခများ ဖြစ်ပွားခဲ့သော ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ် ရှားခဲကျေးရွာသားများမှာ ပဋိပက္ခနောက်ပိုင်း ၎င်းတို့အသက်အန္တရာယ် လုံခြုံရေး စိတ်မချသဖြင့် နေအိမ်များတွင် စုပေါင်းအိပ်စက်နေရကြောင်း သတင်းရရှိသည်။
ကိုဝင်းနိုင် (ခေါ်) ကိုတရုတ်ကြီးအား သတ်ဖြတ်ခဲ့သူဟု ရွာသားများက စွပ်စွဲနေကြသည့် ဦးကျော်သိန်း (ခေါ်) ဖိုးလူ၀ တို့အဖွဲ့အား ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခြင်း မရှိသည့်အပြင် ယင်းအဖွဲ့က ရွာသားများအား ခြိမ်းခြောက်မှုများ ရှိနေသည့်အတွက် မိမိတို့အိမ်တွင် မအိပ်ရဲဘဲ တခြားအိမ်များ၌ စုပေါင်း အိပ်စက်နေရသည်ဟု ရွာသားများက ပြောသည်။
“ဖိုးလူဝက ရွာနားပတ်ဝန်းကျင်မှာ ရှိနေပြီးတော့ နောက်ထပ် ဘာတွေပြောနေလဲဆိုတော့ လူတစ်ယောက်သတ်လည်း ဒီအမှုပဲ၊ နှစ်ယောက်သတ်လည်း ဒီအမှုပဲဆိုတော့ ကျန်တဲ့ သူတို့သတ်ချင်နေတဲ့ ဒီအင်းလမ်းကြောင်းနဲ့ ဆက်နွယ်နေတဲ့လူတွေကို သတ်ပြီးမှ အဖမ်းခံမယ်ဆိုပြီး ပြောနေတော့ ရွာပေါ်ကလူတွေက အခုကျတော့ ကြောက်နေကြတယ်”ဟု ရှားခဲရွားသား ကိုထွန်းထွန်းမိုးက ဧရာဝတီကို ပြောသည်။
ထိုသို့ ခြိမ်းခြောက်မှုများကြောင့် ၂၇ ရက်နေ့ညက သေဆုံးခဲ့သူ ကိုတရုတ်ကြီး၏ မိသားစုဝင်များဖြစ်သည့် မိမိတို့မှာ နေအိမ်တွင် မအိပ်ရဲဘဲ ဟင်္သာတဘက်ကမ်းရှိ ဆွေမျိုးများအိမ်တွင် သွားရောက် အိပ်စက်နေရသည်ဟု ကိုတရုတ်ကြီး၏ သားကြီး ကိုအောင်နေဝင်းက ပြောသည်။
“ကျနော်တို့မှာ သေတဲ့လူကို ပူဆွေးမနေရဘူး။ ကိုယ့်အသက်ကို စိုးရိမ်ပြီး ပုန်းအိပ်နေရတယ်”ဟု သူက ပြောသည်။
နေအိမ်တွင် အိပ်စက်နိုင်ရေးအတွက် လုံခြုံရေးကင်းလှည့်ပေးရန် ခရိုင်ရဲမှူးအား သွားရောက် အကူအညီတောင်းခဲ့ရာ ရဲမှူးက နာရီဝက်တခါ ကင်းလှည့်ပေးမည်ဟု ပြောဆိုသော်လည်း တကယ်တမ်းတွင် လုပ်ဆောင်ပေးခြင်း မရှိကြောင်း သူက ဆက်ပြောသည်။
ရှားခဲအင်းကို ငွေကျပ် ၄၅ သိန်းဖြင့် ရွာသားများအား လုပ်ခွင့်ပေးမည်ဟု ဧရာဝတီတိုင်း အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးတင်စိုးက ကတိပေးခဲ့ပြီးနောက် ဦးမြင့်ဟန်ဦးဆောင်သည့် ဝိုင်းဝိုင်းလည် သမအသင်းအား ငွေကျပ် ၆၅ သိန်းဖြင့် လုပ်ခွင့်ချပေးခဲ့သည့်အတွက် ဝိုင်းဝိုင်းလည်နှင့် ရွာသားများကြား ပဋိပက္ခများ ဖြစ်ပွားရသည်ဟု ရှားခဲအင်း ရေလုပ်သားများက ဆိုသည်။
ရှားအင်းခဲ ရွာသားများအဆို စက်တင်ဘာ ၂၇ ရက်နေ့ညတွင် ဝိုင်းဝိုင်းလည်အသင်းမှ ဖိုးလူဝဦးဆောင်သည့် ရေလုပ်သား ၂၀ ကျော်က ကိုတရုတ်ကြီးအား ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ၎င်း၏ ဇနီးနှင့် သမီးက အော်ဟစ် အကူအညီတောင်းခဲ့သည့်အတွက် ရွာသားများက သိရှိသွားပြီး ကိုတရုတ်ကြီးအား ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
ထိုသို့တောင်းဆိုနေစဉ် ကျုံပျော်မြို့ဘက်မှ လုံခြုံရေးရဲကား ၃ စီးရောက်ရှိလာပြီး နောက်ဆုံး ရဲကားပေါ်မှ သေနတ် ၆ ချက် ပစ်ခဲ့ရာ ရွာသား ၄ ဦး ထိမှန် ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ကိုထွန်းထွန်းမိုးက ပြောသည်။
“နောက်ဆုံးကားကနေပြီးတော့ ပစ်လိုက်တဲ့အတွက် လူတွေ ဒဏ်ရာရပြီးတော့ ထမ်းလာတဲ့အချိန်အခါမျိုးမှာ သူတို့ပြန်ပြောတာရယ် အဲဒီအလောင်းတွေကို ဂွန်ဒေါင်းလေးငှားပြီးတော့ အထောင်ဆေးရုံကို ပို့တဲ့အချိန်မှာ ဖြစ်ခဲ့တဲ့ မြင်ကွင်းတွေကို သူတို့ ပြန်ပြောပြတဲ့အခြေအနေတွေကို ကျနော်က ပြန်ရှင်းပြတာပါ”ဟု သူက ပြောသည်။
ထိမှန်သူ ၄ ဦးအနက် ကိုကြည်သိန်းနှင့် ကျော်ဆန်းငွေမှာ သေဆုံးသွားပြီး ကိုဝင်းသန့်နှင့် ကိုကျော်ဇင်သန့်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရသည်။
သေဆုံးသူ ၃ ဦးဖြစ်သည့် ကိုတရုတ်ကြီး၊ ကိုကြည်သိန်းနှင့် ကိုကျော်ဆန်းငွေတို့အား ရှားခဲရွာ သင်္ချိုင်း၌ မြေမြှုပ်သဂြိုဟ်ခဲ့ပြီးဖြစ်သည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်က ကိုကြည်သိန်းအတွက် ငွေ ၃ သိန်းနှင့် ဆန် ၅ အိတ်၊ ကိုတရုတ်ကြီး အတွက် ငွေ ၁ သိန်းနှင့် ဆန် ၅ အိတ် ကူညီထောက်ပံ့ခဲ့ပြီး ကိုကျော်ဆန်းငွေအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့က ငွေ ၁ သိန်း၊ ကျုံပျော်မြို့နယ် ထွေ/အုပ်အဖွဲ့က ၁ သိန်းနှင့် ဆန် ၅ အိတ် ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုတရုတ်ကြီး အသတ်ခံရမှုအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးပါရန် ဒေသခံရေလုပ်သားများက ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌ ဦးဆန်းဆင့်ထံ ယခုလ ၄ ရက်နေ့က စာပေးပို့၍ အကူအညီ တောင်းခံထားသည်။
ယင်းစာတွင် ကိုတရုတ်ကြီးအား ဖိုးလူဝတို့အဖွဲ့က သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်များကို ရေးသားထားပြီး လက်ရှိတွင် ယင်းအဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် ကျေးရွာလူထုကြောက်လန့်နေရသည့် အခြေအနေများကို တင်ပြထားသည်။
ဆက်စပ်သတင်း