ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာသော စစ်ပြေး ဒုက္ခသည်များသည် အောက်တိုဘာ လဆန်းပိုင်းမှ စတင်၍ မူလ နေရပ်ရင်းများသို့ ပြန်နေကြပြီ ဖြစ်သည်။
ဖားကန့်မြို့ပေါ်တွင် ယာယီ ဒုက္ခသည် စခန်း ၂၃ နေရာခန့် ရှိပြီး အားလုံးနီးပါး ပြန်သွားကြကြောင်း ဖားကန့်မြို့နယ် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ဦးဒါချီလစိုင်းက ဧရာဝတီသို့ ပြောသည်။
သြဂုတ်လ အတွင်း အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လူဦးရေ ၈၀၀၀ ခန့် ဖားကန့် မြို့ပေါ်ရှိ ခရစ်ယာန် ဘုရားကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် လူမှုကယ်ဆယ်ရေး စခန်းများသို့ တိမ်းရှောင်ခဲ့ကြကြောင်း လည်း ၎င်းက ပြောပြသည်။
“လတ်တလော မြို့ပေါ်မှာ စစ်ပြေး ဒုက္ခသည်တွေကတော့ မရှိသလောက်ဖြစ်သွားပြီ၊ သူတို့ မူလနေရာကို ပြန်သွားကြတယ်၊ အဓိ က လမောင်းကုန်း ဒေသခံတွေလောက်ပဲ မပြန်ကြသေးတာ၊ ရာဂဏန်းလောက်ပဲ ကျန်ပါတော့တယ်”ဟု ဦးဒါချီလစိုင်းက ဆို သည်။
ဦးဒါချီလစိုင်း က ဆက်လက်ပြီး“လောလောဆယ် အခြေအနေကတော့ နည်းနည်းတည်ငြိမ်မှုရှိလာပါပြီ၊ မှော်မောင်းလျှံ၊ ရှရော်ခ တို့ဆိုရင် မနက်ဖြန်မှာ ကျောင်းတွေ စပြီး ပြန်ဖွင့်တော့မယ်”ဟုလည်း ပြောဆိုသည်။
ဒုက္ခသည်များသည် အစိုးရတပ်နှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲများ ရပ်ဆိုင်းသွားသောကြောင့် ၎င်းတို့၏ ကျေးရွာဒေသများသို့ ပြန်သွားကြ ခြင်း ဖြစ်ကြောင်း သိရသည်။
ထွက်ပြေးတိမ်းရှောင်လာသည့် ဒုက္ခသည်များမှာ ဖားကန့်မြို့နှင့် ၃ မိုင်ခန့် အကွာ တိုက်ပွဲဖြစ်ပွားရာ ဒေသရှိ ဖလခ၊ စိုင်းတောင်၊ မှော်မောင်းကုန်း၊ မှော်ဝန်းကြီး၊ မှော်ဝန်းလေး၊ ရှရော်ခ၊ စိုင်းဂျာဘုံ၊ လမောင်းကုန်း၊ မြောက်ဖြူနှင့် သန်းကြွယ် အပါအဝင် ကျေးရွာ ပေါင်း ၂၀ ကျော်မှ ဒေသခံများ ဖြစ်သည်။
ယင်း ဒုက္ခသည်များသည် ကျောက်စိမ်း တူဖော်ရေးလုပ်ငန်းများ၌ အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်နေသကဲ့သို့ ဆန်စပါးနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုး လုပ်ကိုင်သူများလည်း ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
KIA နှင့် အစိုးရတပ်များ အကြား ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှ စတင်ကာ ကချင်ပြည်နယ် အတွင်း တိုက်ပွဲများ တနှစ်ကျော်ကြာအထိ ဖြစ် ပွားလျက်ရှိရာ ဒေသခံ ၉၀၀၀၀ ခန့် အိုးအိမ် တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများတွင် ခိုလှုံနေရကြောင်း ကချင် လူ့အခွင့်အရေး ဆောင်ရွက်နေသူများက ထုတ်ပြန်ထားသည်။
KIA သည် ၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
ယင်း တိုက်ပွဲများကြောင့် အစိုးရနှင့် KIA ကြား ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ၂၀၁၂ ခုနှစ် အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း ယနေ့အထိ ရေရာသည့် သဘောတူညီချက် တစုံတရာ မရရှိသေးပေ။
သမ္မတ ဦးသိန်းစိန်က KIA မှ ကိုယ်စားလှယ်များကို အပစ်အခတ်ရပ်စဲရေးအတွက် နေပြည်တော်သို့ လာရောက်ရန် ကမ်းလှမ်း ခဲ့သော်လည်း KIA အဖွဲ့ ကိုယ်စားလှယ်များက အကြောင်းပြန်ကြားခြင်း မရှိကြောင်း သိရသည်။