အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးပါတီတခု၏ ခေါင်းဆောင် တဦးအနေဖြင့် ပြည်သူလူထု လိုလားလျှင် သမ္မတအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို ဆက်လက် ကြိုးပမ်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
ယနေ့ နံနက်က ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ကျင်းပပြုလုပ်သော အမေရိကန် ပြည်ထောင်စုခရီးစဉ် ဆိုင်ရာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကျမက နိုင်ငံရေး ပါတီတခုရဲ့ ခေါင်းဆောင်ပဲ။ နိုင်ငံရေးပါတီ တခုရဲ့ ခေါင်းဆောင် ဆိုမှတော့ သမ္မတလည်း လုပ်ရဲတဲ့ သတ္တိရှိရမယ်။ ပြည်သူလူထု လိုလားရင် လုပ်မှာပဲ” ဟု သူက ဆိုသည်။
ဆက်လက်၍ ၎င်းက ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်က ပြင်ရမည် ဖြစ်ကြောင်း၊ NLD ပါတီအနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ကတည်းက အခြေခံဥပဒေ ပြင်ဆင်ရေးကို မူတခုအနေနှင့် ချမှတ်ထားရာ စိုက်လိုက်မတ်တပ် ကြိုးစား သွားမည်ဖြစ်ကြောင်း ပြောသည်။
“ကျမ သမ္မတဖြစ်ရေး ကိစ္စတင် မဟုတ်ပါဘူး၊ တခြားဟာတွေလည်း ပြင်စရာ လိုပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
လက်ရှိ နိုင်ငံရေးအပြောင်းအလဲတွင် တပ်မတော်၏ အနေအထားမှာ ဒီမိုကရေစီ အနည်းငယ်ဆန်လာပြီး တပ်မတော်၏ အလုပ်များကို လုပ်ဆောင်လာပြီ ဖြစ်ကြောင်း၊ တပ်မတော်သည် တပ်မတော်နှင့် မဆိုင်သော အလုပ်များကို လုပ်ကိုင်လျှင် နိုင်ငံအတွက် မကောင်းသည့်အပြင် တပ်မတော်လည်း သိက္ခာကျနိုင်ကြောင်း၊ လွှတ်တော်တွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များသည်လည်း နိုင်ငံသားများဖြစ်ပြီး နိုင်ငံကောင်းစားလျှင် တပ်မတော်သားများလည်း ကောင်းစားမည် ဖြစ်ကြောင်း၊ လတ်တလောတွင် တပ်မတော်သားများ ဘက်က စိမ်းကားသည့် အနေအထားများ မရှိသော်လည်း ရင်းနှီး ကျွမ်းဝင်မှုလည်း မရှိသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။
“အခက်အခဲဆုံး ကာလမှာ မှန်မှန်ကန်ကန် မမြင်မှာ စိုးရိမ်တယ်။ အဖြစ်ကို အဖြစ်အတိုင်း မမြင်ဘဲနဲ့ ဖြစ်စေချင်တဲ့အတိုင်း မြင်မှာကို စိုးရိမ်တယ်။ ဒီမိုကရေစီလမ်းကို စပြီး ေဆောက်ရမယ့်ကာလမှာ လမ်းတခုကိုစဖို့က အခြေခံမှန်ဖို့ အင်မတန် အရေးကြီးတယ်” ဟု ၎င်းက ဆက်ပြောသည်။
ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ရှိနေသော်လည်း မြန်မာနိုင်ငံ၏ ကျန်းမာရေး၊ ပညာရေး အခြေအနေများမှာ အလွန် ဆိုးရွားနေကြောင်း၊ ကျောင်းမနေနိုင်သော ကလေးများစွာ ရှိနေသေးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်သည်။
“နှစ်ပေါင်း ၅၀ မှာ အင်မတန်မှ ညံ့ဖျင်းခဲ့တဲ့ ပညာရေး ပြဿနာကြောင့် မျိုးဆက်သစ်တွေထဲမှာ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်း ရှိတဲ့သူတွေက ရှားသွားရော။ ကျမတို့ရဲ့ ပြည်သူတွေ မတော်လို့ မဟုတ်ပါဘူး။ ပညာရေးစနစ် ညံ့ဖျင်းလွန်းလို့ ဖြစ်ရတဲ့ ကိစ္စပါ။ ဒီအကျိုးဆက်ကို ကျမတို့ တတ်နိုင်သလောက် ရုန်းထွက်နိုင်ဖို့ ကြိုးစားရပါ့မယ်” ဟု သူက ရှင်းပြသည်။
အဆင့်မြင့် ပညာရေးကဏ္ဍ မြှင့်တင်ရန် ကြိုးပမ်းရာတွင် ရန်ကုန်တက္ကသိုလ်၊ မန္တလေး တက္ကသိုလ်များ အပါအဝင် တက္ကသိုလ်များ အဆင့်အတန်း မြင့်မားရေး ကြိုးပမ်းလုပ်ဆောင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောသည်။
“တချိန်တခါတုန်းက ဆိုရင် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်ကနေ အောင်သွားတဲ့ ကျောင်းသူ ကျောင်းသားတွေက ကမ္ဘာ့ အဆင့်အတန်းကို လိုက်နိုင်တဲ့ ပညာရေးကို ရခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်ကို အထူး အလေးပေးပြီးတော့ အရင်ကလို လျှမ်းလျှမ်းတောက် တက္ကသိုလ်ပြန်ဖြစ်လာဖို့ ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။ အင်မတန်မှ ပြောင်မြောက်တဲ့ တက္ကသိုလ်တွေ ရှိတယ်ဆိုတာ တိုင်းပြည်အတွက် အင်မတန် ဂုဏ်ရှိရုံတင်မကဘူး၊ နိုင်ငံရဲ့ သိက္ခာကိုလည်း မြင့်စေတယ်” ဟု သူက ဆိုသည်။
ကျန်းမာရေး ကဏ္ဍတွင်မူ အလွန်ဆိုးရွားနေပြီး ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုမှာ နိမ့်ကျလျှက် ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“အခြေခံကျန်းမာရေးစနစ်က မကောင်းဘူးဆိုတာ အားလုံးသိပြီးသားပါ။ ပစ္စည်းကလည်း မရှိဘူး။ ဆေးရုံ ဆိုတာကလည်း အားနာနာနဲ့ ပြောရမယ်ထင်တယ်။ အခုခေတ်မှာဆိုရင် ငွေရေးကြေးရေး ပြည့်စုံတဲ့သူတွေက ပုဂ္ဂလိက ဆေးရုံတွေ သွားကြတယ်။ အများပြည်သူတွေ အားကိုးတဲ့ ဆေးရုံတွေကျတော့ ပစ်ထားသလိုပဲ” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။
မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံလိုသော နိုင်ငံခြား ကုမ္ပဏီများရှိနေပြီး ယင်း ရင်းနှီးမြှုပ်နှံမှုများကို စဉ်းစား ချင့်ချိန် ဆုံးဖြတ်သွားရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
“အခု မြန်မာပြည်မှာဝင်ပြီးတော့ ရင်းနှီးမြှုပ်နှံမှု လုပ်ချင်တဲ့သူ အများကြီးရှိပါတယ်။ ကျမတို့ ရသမျှ ယူမယ်ဆိုပြီးတော့ စိတ်ဓာတ်နဲ့ လုပ်ရင် အမှားတွေ ဖြစ်မယ်။ စဉ်းစဉ်းစားစား လေ့လာပြီးတော့ ယူရပါမယ်။ နောက်ပြီးတော့ ကျမတို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ သူတွေကလည်း တကယ်ပဲ ကျမတို့နိုင်ငံရဲ့ ရေရှည်အကျိုးရော မိမိတို့အကျိုးရော ကြည့်ပြီးတော့ စဉ်းစဉ်းစားစားနဲ့ လုပ်သင့်ပါတယ်။ မပေါင်းသင့်တဲ့သူတွေနဲ့ ပေါင်းပြီး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရေရည်မှာ နိုင်ငံအတွက်လည်း အကျိုးမဖြစ်ဘူး၊ ရင်းနှီးမြှုပ်နှံတဲ့ သူတွေအတွက်လည်း အကျိုးမဖြစ်ဘူး။ မပေါင်းသင်းတဲ့ သူတွေနဲ့ ပေါင်းပြီး ရင်းနှီးမြှုပ်နှံရင် ကျမတို့က သိရင် သိသလို သတင်းဖြန့်တာပဲ။ ဒါကတော့ ကျမတို့တာဝန်တခုအနေနဲ့ လုပ်ရမှာပဲ” ဟု သူကရှင်းပြသည်။
အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံ၏ အခြေအနေနှင့် လိုအပ်ချက်များကို ရှင်းပြရန် ဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီအရေး နှစ်ပေါင်းများစွာ ထောက်ခံ အားပေးမှုအတွက် ကျေးဇူးတင်စကား ပြောဆိုရန်ဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
ဆက်လက်၍ သူက အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံသို့ သွားရောက်လိုကြောင်း၊ တရုတ်နိုင်ငံနှင့် ချစ်ကြည် ရင်းနှီးမှု ရှိရန် အရေးကြီးကြောင်းလည်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ခရီးစဉ်အတွင်း အမေရိကန်လွှတ်တော်မှ ချီးမြှင့်သော ကွန်ဂရက် ရွှေတံဆိပ်ဆု၊ လူ့အခွင့်အရေးဆု အပါအဝင် ဂုဏ်ထူးဆောင်ဆု များစွာကို လက်ခံခဲ့ပြီး အမေရိကန် သမ္မတ အိုးဘားမားနှင့်လည်း တွေ့ဆုံခဲ့သေးသည်။