အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအသင်း OIC ရုံးကို ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ရန် ကြိုးပမ်းနေခြင်းအား ရခိုင်ပြည်သူအများစု က ကန့်ကွက်ကြောင်း သိရသည်။
မောင်တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်မှ ဆရာတော် ဦးမဏိစာရ က ဧရာဝတီကို “စစ်တွေနဲ့ ရခိုင်ပြည်တွင်းက ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ဖွင့်ဖို့ ကိစ္စကန့်ကွက်တယ်၊ အလားတူပဲ မြန်မာနိုင်ငံရဲ့ တခြားဒေသတွေမှာ ဖွင့်ခွင့်ပေးမယ်ဆိုရင် လည်းပဲ သဘောမတူဘူး”ဟု မိန့်သည်။
OIC ရုံးအား ရခိုင်ပြည်၏ မည်သည့်နေရာတွင်မဆို ဖွင့်လှစ်ခွင့် ပေးမည်မဟုတ် သကဲ့သို့ မြန်မာနိုင်ငံ၏ တခြားဒေသများတွင် လည်း ဖွင့်လှစ်ရန် ကြိုးပမ်းပါက လည်း ကန့်ကွက်ကြောင်း မကြာသေးခင်က ပြုလုပ်ခဲ့သည့် ရသေ့တောင် ရခိုင်ဒေသ လူထု စည်းဝေးပွဲ ဆုံးဖြတ်ချက်၌ လည်း ပါရှိ သည်။
စစ်တွေဒေသမှ သံဃာတော် ၁၀၈ ပါးသည် OIC ဖွင့်ရေး ကိစ္စကန့်ကွက်သည့်အနေဖြင့် မနက်ဖြန် အောက်တိုဘာ ၉ ရက်တွင် လမ်းလျှောက်ချီတက် ကြမည်ဟု သံဃာတော်များ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ (စစ်တွေ) မှ အရှင် ဦးဥတ္တမကလည်း မိန့်ကြားသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ စစ်တကောင်း ဒေသရှိ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များ မီးရှှို့ဖျက်ဆီး ခံရခြင်း နှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဝင်များအား ကာကွယ်ပေးရန် သံဃာတော်အပါး ၁၀၀ ကျော်က တောင်းဆို ဆန္ဒပြမှု တခု ရန် ကုန်မြို့၌ ပြီးခဲ့သည့် ရက်ပိုင်းက ပြူလုပ်ရာတွင်လည်း မြန်မာနိုင်ငံတွင်း OIC ရုံးဖွင့်ခွင့််ကို ကန့်ကွက်ခဲ့ကြသေးသည်။
OIC အဖွဲ့သည် အစ္စလာမ်နိုင်ငံ ၅၇ ခုအား ကိုယ်စားပြုဖွဲ့သည့် အဖွဲ့တခုဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မူဆလင်များကို ကူညီထောက်ပံ့နိုင်ရေး မြန်မာနိုင်ငံတွင် ရုံးဖွင့်နိုင်ရေး အတွက် မြန်မာအစိုးရနှင့်သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။
OIC ရုံးဖွင့်ခွင့်ကို ရခိုင်နိုင်ငံရေး ပါတီများကလည်း လုံး၀ ကန့်ကွက်ကြောင်း ဧရာဝတီ ကို ပြော သည်။
“တကယ်လို့ အစိုးရက အမိန့်အာဏာနဲ့ ဖွင့်မယ်ဆိုရင်ဆို ရခိုင်ပြည်သူလူထုရဲ့ အားနဲ့ ကျနော်တို့က ကန့်ကွက်မှာပါ၊ ပြည်နယ် အစိုးရက ဖွင့်ခွင့်ပေးမယ်ဆိုရင်လည်း လွှတ်တော်မှာ ကန့်ကွက်ရပါလိမ့်မယ်”ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) ၏ ဥက္ကဋ္ဌနှင့်အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောသည်။
ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများအား လူသားချင်းစာနာ ထောက်ပံ့မှုများကို OIC အပြင် မည်သည့်နိုင် ငံ၏ အဖွဲ့အစည်းများကို မဆို လက်ခံကြောင်း၊ ကူညီထောက်ပံ့ရေး ကိစ္စ ကို OIC အနေဖြင့် သီးသန့်ရုံးဖွင့်ရန် မလိုဘဲ အစိုး ရနှင့်ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
“ရခိုင်ဒေသမှာ OIC ရုံးဖွင့်မယ်ဆိုရင် ပဋိပက္ခတွေကို ပိုပြီးတော့ ကြီးထွားလာစေနိုင်တယ်၊ နိုင်ငံတခုရဲ့ အချုပ်အချာအာဏာကို ခြိမ်းခြောက်လာနိုင်တာမျိုး၊ နယ်မြေတခုရဲ့ ဘာသာရေး၊ နိုင်ငံရေးတွေ အပေါ်မှာ ဝင်ရောက်စွက်ဖက်မှု တွေ ဖြစ်လာမှာကို လည်းပဲ စိုးရိမ်ပါတယ်”ဟု ဒေါက်တာ အေးမောင်က ဆိုသည်။
အကယ်၍ နိုင်ငံတကာ ဖိအားများကြောင့် ရန်ကုန်မြို့၊ နေပြည်တော်တို့တွင် ဖွင့်ခွင့်ပေးမည်ဟု ဆိုလျှင် ၎င်းတို့အနေဖြင့် ကန့်ကွက်ရန် မရှိကြောင်း ဆက်ပြောသည်။
ရခိုင်ပြည်နယ် အစိုးရ၏ သတင်းပြန်ကြားရေးနှင့်မှတ်တမ်း စုဆောင်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌနှင့်ပြည်နယ် ဥပဒေချုပ် ဦးလှ သိန်း က ပြောဆိုရာတွင် OIC ရုံးဖွင့်ရေး ကိစ္စနှင့်ပတ်သက်၍ ဗဟိုအစိုးရအပါအဝင် မည်သည့် အဖွဲ့အစည်းကမျှ ပြောဆိုခြင်း၊ ဆွေးနွေးခြင်း မရှိသေးကြောင်း ဧရာဝတီကို ပြောသည်။
OIC ရုံးဖွင့်မည့် ကိစ္စအား ကန့်ကွက်ခြင်းနှင့် ရခိုင်အမျိုးသမီးများ အပါအဝင်မြန်မာ အမျိုးသမီးထု တရပ်လုံး၏ ဘဝလုံခြုံရေး၊ အခွင့်အရေးများ ရရှိရေးတို့အတွက် စစ်တွေမြို့ခံ အမျိုးသမီးများ ဦးဆောင်လှှုပ်ရှားမှု တခုကို စစ်တွေမြို့၌လုပ်ဆောင် ရန် ခွင့်ပြုချက်ရထားပြီး ဖြစ်ကြောင်း ခေါင်းဆောင်ဖြစ်သူ ဒေါ်ညိုအေးက ပြောသည်။ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီ က လည်း ရခိုင်ဒေသတွင်း OIC ရုံးဖွင့်မည့် ကိစ္စကို ကန့်ကွက် ထားကြောင်း သိရသည်။
ရန်ကုန်အခြေစိုက် အစ္စလမ်သာသနာရေးရာ ကောင်စီဌာနချုပ် ၏ ပြောခွင့်ရသူ ဦးဝဏ္ဏရွှေကို ဆက်သွယ်စုံစမ်းရာ ၎င်းတို့အဖွဲ့ အနေဖြင့် OIC နှင့်တရားဝင် ပတ်သက်ဆက်သွယ်မှု မရှိကြောင်း၊ ရုံးဖွင့်ရေး ကိစ္စသည် အစိုးရနှင့်OIC တို့ အကြား ဆွေးနွေး မှုသာ ဖြစ်ကြောင်း၊ သို့သော် လူအများ၏ ကောင်းကျိုးအတွက် ပြုလုပ်သည့်အဖွဲ့ ဖြစ်ပါက မည်သည့် နိုင်ငံတကာအဖွဲ့ကိုမဆို ကြိုဆိုကြောင်း ဧရာဝတီ ကိုပြောသည်။
OIC အဖွဲ့သည် အစ္စလာမ်နိုင်ငံများ ကိုယ်စားပြုသည့် အစိုးရများ စုပေါင်း ဖွဲ့စည်းထားကြောင်း၊ အကြမ်းဖက်မှုလုပ်ဆောင်သည့် အဖွဲ့မဟုတ်ကြောင်း၊ သို့သော် OIC အဖွဲ့၏ လှှုပ်ရှားဆောင်ရွက်မှု၊ ရည်ရွယ်ချက်များကို အတိအကျမသိရသေး ကြောင်း၊ သို့ဖြစ်၍ ရုံးဖွင့်ခွင့် ကိစ္စ ကန့်ကွက်သူများနှင့် ပတ်သက်၍လည်း မှတ်ချက် မပေးလိုကြောင်း ဦးဝဏ္ဏရွှေ က ဆိုသည်။
OIC ၏ လူသားချင်း စာနာမှုဆိုင်ရာ ရုံးတစ်ရုံး မြန်မာပြည်တွင် ဖွင့်လှစ်ရန် မြန်မာအစိုးရနှင့် သဘောတူညီချက် လက်မှတ် ရေးထိုးလိုက်ပြီဖြစ်ကြောင်း ကူဝိတ်နိုင်ငံရှိ OIC အထွေထွေ အတွင်းရေးမှူးရုံးက ကြေညာချက် ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်ရှိ မူဆလင်များအရေး OIC အတွင်းရေးမှူးချုပ်က အချက်အလက် ရှာဖွေရေး အဖွဲ့တဖွဲ့ကို ရခိုင်ပြည်သို့ သွားရောက်ခဲ့ပြီးနောက် ယင်းသဘောတူညီချက်ကို စက်တင်ဘာလအတွင်း လက်မှတ်ရေးထိုးခြင်းဖြစ်သည်။
OIC အတွင်းရေးမှူးချုပ်လည်း မြန်မာနိုင်ငံ သွားရောက်ဖို့ အစီအစဉ်ရှိပြီး ခရီးစဉ်အတွက် မြန်မာအစိုးရနှင့် ဆွေးနွေးနေသည်။