ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အတွင်း၌ အလုပ်သမား သမဂ္ဂများ ရုံးခန်းအဖြစ် အသုံးပြုနိုင်ရန်အတွက် အလုပ်သမား သမဂ္ဂများ စုပေါင်းဗဟိုရုံး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုရုံးခန်းအား လက်ရှိတွင် လှိုင်သာယာမြို့နယ်အတွင်းရှိ စက်ရုံအလိုက်ဖွဲ့စည်းထားသော အလုပ်သမားသမဂ္ဂ ၁၅ ခုကို စုစည်း၍
အမှတ် ၈၈၊ ပီမိုးနင်းလမ်း၊ ၂/၆ ရပ်ကွက်၊ လှိုင်သာယာမြို့နယ်တွင် ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း၊ နောက်ပိုင်းတွင် မြန်မာ တနိုင်ငံ လုံးမှ အလုပ်သမားအဖွဲ့များနှင့် ဆက်သွယ်၍ စုပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုဇော်ရမ်းက ပြောပြသည်။
လှိုင်သာယာမြို့နယ်အတွင်းရှိ အလုပ်သမားသမဂ္ဂများ အားလုံး ရုံးခန်းအဖြစ် အသုံးပြုနိုင်ရုံသာမကဘဲ အလုပ်သမားများကို သင် တန်းများ၊ ဆွေးနွေးပွဲများ ပြုလုပ်ရန်အတွက်လည်း ရည်ရွယ်ကြောင်း၊ ထို့အပြင် လက်ရှိအခြေအနေအရ ဖြစ်ပေါ်နေသော အလုပ် သမားသမဂ္ဂများ ကွဲပြားနေခြင်းကို စုစည်းမိစေရန်လည်း ရည်ရွယ်ခြင်းဖြစ်ကြောင်း ကိုဇော်ရမ်းက ပြောသည်။
“အဲဒီ ရုံးခန်းမှာ ဘယ်စက်ရုံမှာ ဘာဖြစ်တယ်ဆိုတာ၊ အလုပ်သမားတွေရဲ့ အခြေအနေ၊ အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထား မယ်။ အလုပ်သမား သမဂ္ဂတွေ စုဝေးစဉ်းစားကာ ဘယ်ကိစ္စကို ဘယ်လိုဆောင်ရွက်မယ် ဆိုတာမျိုးတွေပါ လုပ်သွားမယ်။ အဲဒီလို လုပ်ဖို့ နေရာတခုလိုတာကို ဖြည့်ဆည်းလိုက်တဲ့ သဘောပဲ”ဟုလည်း ၎င်းက ဆိုသည်။
အဆိုပါ ရုံး၏ ရေရှည်ရပ်တည်နိုင်ရေး၊ လုပ်ငန်းလည်ပတ်နိုင်ရေးများအတွက် အလုပ်သမားများကိုယ်တိုင် စုပေါင်းလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ လတ်တလောတွင် တနှစ်အထိသာ ရုံးခန်းငှားရမ်းထားကြောင်း၊ ရုံးခန်း ဆိုင်းဘုတ်၊ အလံနှင့် အမှတ်တံဆိပ်များ ကိုလည်း နောက်တပတ်အတွင်း အပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရုံးခန်းကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်ထားမည်ဖြစ်ပြီး အလုပ်သမားသမဂ္ဂများ စုပေါင်းဆွေးနွေး၍ ရုံးအဖွဲ့များဖွဲ့စည်းပြီး လိုအပ်လျှင် ဆက်တိုက် ဖွင့်လှစ်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း၊ ရန်ပုံငွေများလည်း လိုအပ်နေသေးကြောင်း အလုပ် သမား ကိုယ်စားလှယ်တဦးဖြစ်သည့် ကိုမျိုးမင်းသိန်းက ပြောပြသည်။
တော်ဝင်မြန်မာ ဇာပန်ထိုး စက်ရုံမှ အလုပ်သမား ကိုယ်စားလှယ်တဦးကလည်း“ဒီလိုရုံးမျိုးက မြန်မာနိုင်ငံမှာ ပထမဦးဆုံးဖွင့်လှစ်နိုင် မယ့် အလုပ်သမား သမဂ္ဂတွေရဲ့ရုံးဖြစ်လာမှာပါ။ ဒီလိုရုံးမျိုး ရှိလာတဲ့အတွက် အလုပ်သမားအဖွဲ့တွေကြား တွေ့ဆုံမှုတွေ ကောင်း လာမယ်။ အလုပ်သမား အရေးတွေ ဆောင်ရွက်ရာမှာ အကူအညီ ပေးမယ့်သူတွေနဲ့လည်း တွေ့ဆုံရတာမျိုး၊ ဆွေးနွေးရတာမျိုးက အခုလို ရုံးရှိလာတော့ ကောင်းတယ်”ဟု ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် အလုပ်သမားအဖွဲ့ပေါင်း ၂၆၄ ဖွဲ့ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။
လှိုင်သာယာ စက်မှုဇုန် အပါအဝင် မြန်မာနိုင်ငံ မြို့ကြီးများရှိ စက်ရုံ၊ အလုပ်ရုံများ၌ လုပ်ခ လစာ၊ အချိန်ပိုကြေး၊ အလုပ်ရှင် အလုပ် သမား ပြဿနာများနှင့် အလုပ်သမား အခွင့်အရေး ဆိုင်ရာ ပြဿနာများကြောင့် မကြာခဏ အလုပ်သမား ဆန္ဒပြမှုများလည်း ဖြစ် ပေါ်လျက် ရှိသည်။