ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ “ဆိုင်းစုမှသည် မန်ဟိုင်း ဆီသို့” အမည်ရှိ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ပေါင်းချုပ် စာအုပ်ကို ဖြိုးမောက် သာ စာစဉ် ၁ မှထုတ်ဝေ၍ ဓူဝံစာပေမှ အောက်တိုဘာ လကုန်ပိုင်းတွင် ဖြန့်ချိသွားမည်ဟု သိရသည်။
အဆိုပါ စာအုပ် ထုတ်ဝေရခြင်း ရည်ရွယ်ချက်မှာ လူငယ်မျိုးဆက်သစ်များအား နိုင်ငံရေးနှင့်ပတ်သက်ပြီး သိရှိစေရန်နှင့် နိုင်ငံရေး ကို မျိုးဆက်မပြတ် ထုတ်ဝေခြင်း ဖြစ်ကြောင်း ဖြိုးမောက်သာ မှ ဦးဘိုဘိုက ဧရာဝတီ သို့ ပြောသည်။
“ဒီစာအုပ်ကို ထုတ်ဝေခွင့်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ ဗိုလ်ချုပ်ကျော်ဇောရဲ့စာအုပ်က ပြည်ပမှာပဲ ထုတ်သေးတာ။ ပြည်တွင်းမှာ မထုတ်သေးတဲ့အတွက် လိုအပ်ချက်တခုကြောင့် ထုတ်တာပါ။ ပြည်ပမှာ ထုတ်ထားတဲ့အတိုင်း မူရင်းစာလုံးတွေအားလုံး မပျက်အောင် လုပ်ထားပါတယ်။ အမှာစာပဲ ပြောင်းမှာပါ။ နောက်ထပ် ဦးကျော်ဇောနဲ့ပတ်သက်တဲ့ စာအုပ်တွေကိုလည်း ထုတ်သွားမှာပါ”ဟုလည်း ၎င်းက ဆိုသည်။
ထို့အပြင် ယင်းစာအုပ်ကို အကျိုးအမြတ်တခုမှမယူဘဲ လူငယ်များ၊ နိုင်ငံရေးသမားများ၏လက်ထဲသို့ ရောက်ရှိစေချင်သည့် ဆန္ဒနှင့် စာအုပ် အရည်အသွေးကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားထားကြောင်း ယမန်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပသော စာအုပ်ထုတ်ဝေခြင်းနှင့် ပတ်သက်သည့် စာနယ်ဇင်း ရှင်းလင်းပွဲ၌ ဦးဘိုဘိုက ဆက်လက် ပြောဆိုသွားသည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၏ သားဖြစ်သူ ဦးအောင်ကျော်ဇောက“အဖေ့ရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်ကို ထုတ်ဝေပေး တဲ့ သူနဲ့ လူငယ်မျိုးဆက်တွေ လက်ထဲရောက်အောင် ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။
ထင်ရှား ကြည်ညိုသူများ၏ အတ္တုပ္ပတ္ထိ စာအုပ်များ ထုတ်ဝေသည့်အတွက် အလွန်ဝမ်းသာကြောင်း၊ တနေ့တချိန်တွင် ထိုပုဂ္ဂိုလ်များ ၏ ဇာတ်လမ်းကို ရုပ်ရှင်ရိုက်ကူးသည့်အခါ အလွယ်တကူ ရှာ၍ရမည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ၏ ဇာတ်လမ်းကို ရိုက် သည့် အခါ အတ္တုပ္ပတ္တိ ရှာဖွေရသည်မှာ အလွန်ပင် အခက်အခဲဖြစ်သည့်အတွက် ယခု စာအုပ် ထုတ်ဝေခြင်းကို ကြိုဆိုကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲ တက်ရောက်လာသော စာရေးဆရာ မောင်မိုးသူ ကလည်း ပြောဆိုသည်။
မကြာသေးခင် ကလည်း နေရီရီ စာအုပ်တိုက် က ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၏ “အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများ” စာအုပ်ကို ပထမဆုံး ပြန်လည် ထုတ်ဝေခဲ့သေးသည်။
မြန်မာနိုင်ငံတွင်း၌ နှစ်ပေါင်းများစွာ ပိတ်ပင်ထားသည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ စာအုပ်များ ပြန်လည်၍ စတင် ထုတ်ဝေခွင့် ရလာခြင်း ဖြစ်သည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် ရဲဘော်သုံးကျိပ်ဝင် တဦးဖြစ်ပြီး စစ်ပြီးခေတ် မြန်မာ့ တပ်မတော်ကို ပြန်လည်ဖွဲ့စည်းရာတွင် ပါ ဝင် ခဲ့သူတဦး ဖြစ်သည်၊၊
ပြည်တွင်းစစ် ကာလ၌ ကရင်အမျိုးသားကာ ကွယ်ရေးတပ်(KNDO)များ ဝန်းရံထားသည့် ရန်ကုန်မြို့ကို ကာကွယ်ပေးခဲ့ပြီး ကျူးကျော် သူ တရုတ်ဖြူ တပ်များကိုလည်း ရန်ကြီးအောင်၊ ဘုရင့်နောင် စစ်ဆင်ရေးများ ပြုလုပ်ကာ တိုက်ခိုက်ခဲ့သူ ဖြစ်သည်။
၁၉၇၆ ခုနှစ် ရန်ကုန်မြို့ စမ်းချောင်းနေအိမ်မှ ဗမာပြည် ကွန်မြူနစ်ပါတီ အခြေစိုက်ရာ တရုတ်-မြန်မာ နယ်စပ်သို့ ထွက်ခွာသွားသည့် နောက်ပိုင်း ပြည်တွင်းစစ်ကာလနှင့် တရုတ်ဖြူကျူးကျော်မှု အကြောင်း ရေးသားသည့် သမိုင်းနှင့် စစ်ဖက်ဆိုင်ရာ စာအုပ်များ တွင် ဗိုလ်မှူးချုပ်ကျော်ဇော အမည်အစား စစ်ဆင်ရေးမှူးကြီး၊ တိုင်းမှူးကြီး စသည့် နာမ်စား စကားလုံးများကိုသာ စာပေစိစစ်ရေး က သုံးစွဲခွင့်ပြုခဲ့သည်။
ယခုအခါ အသက် ၉၃ နှစ် ရှိပြီဖြစ်သည့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် တရုတ်နိုင်ငံ ကူမင်းမြို့တွင် နိုင်ငံရေးခိုလှုံနေရပြီး လက်ရှိ အချိန်တွင် ကျန်းမာရေးလည်း ဆိုးရွားနေကြောင်း သိရသည်။