ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲအင်း၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် လုံခြုံမှု စိုးရိမ်နေခြင်းနှင့် ယင်းဒေသတွင် တရားဥပဒေစိုးမိုးမှု မရှိသည့်အပေါ် တိုင်းဒေသကြီးအစိုးရမှ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန် ကျုံပျော်လွှတ်တော် ကိုယ်စားလှယ်က တိုင်းလွှတ်တော်အစည်းအဝေးတွင် အရေးကြီးအဆိုအဖြစ် ယမန်နေ့က တင်သွင်းခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့က ကိုဝင်းနိုင် (ခေါ်) ကိုတရုတ်ကြီးအား သတ်ဖြတ်ရာတွင် ပါဝင်ကြသည်ဟု စွပ်စွဲခံရသည့် ဝိုင်းဝိုင်းလည်သမအသင်းမှ ဖိုးလူ၀ (ခေါ်) ကျော်သိန်းတို့အဖွဲ့အား ခေါ်ယူစစ်ဆေးမှု မရှိခြင်း၊ ယင်းအဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် ရွာသားများ ကြောက်ရွံ့ထိတ်လန့် နေကြသည့်အတွက် ဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ကျုံပျော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းက အဆိုတင်သွင်းခဲ့သည်။
“ရွာသားတွေ ညဘက်မှာ အိမ်မှာတောင်မအိပ်ရဲဘဲ သုံး၊လေးအိမ် စုအိပ်နေရတယ်။ ရဲလုံခြုံရေးက ဈေးနဲ့ရွာလမ်းမှာ သာရှိပြီး မထိရောက်ဘူး ဖြစ်နေတယ်။ အစိုးရရဲ့ လုပ်ဆောင်ချက် အားနည်းတယ်ဆိုပြီး ရွာသားတွေက မယုံကြည်တဲ့ အနေအထား ရောက်နေတယ်။ မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ကို ရွာသားတွေက လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး တည်ငြိမ်အောင် မဆောင်ရွက်နိုင်လို့ အားကိုးမှု လျော့နည်းနေပါတယ်” ဟု ဦးသန်းထွန်းက လွှတ်တော်တွင် ပြောသည်။
စတုတ္ထအကြိမ်မြောက် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ပုံမှန် အစည်းအဝေးကို ယခုလ ၈ ရက်နေ့မှ စတင်ကာ ပုသိမ်မြို့ရှိ တိုင်းဒေသကြီး လွှတ်တော်ခန်းမ၌ ကျင်းပနေသည်။
ရှားခဲကြီး ရှားခဲလေးအင်းကို ရွာခံရေလုပ်သားများအား ကြမ်းခင်းဈေး ၄၅ သိန်းဖြင့် လုပ်ကိုင်ခွင့် ချပေးမည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့က ကတိပေးပြီးနောက် ဦးမြင့်ဟန် ဦးဆောင်သည့် ဝိုင်းဝိုင်းလည်သမအဖွဲ့အား ၆၅ သိန်းဖြင့် လုပ်ခွင့်ပေးခဲ့ရာမှ စတင်ကာ ဝိုင်းဝိုင်းလည်နှင့် ရွာသားများအကြား တင်းမာမှုများ ပေါ်ပေါက်ခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့ညပိုင်းက ဝိုင်းဝိုင်းလည်သမအသင်းမှ ဖိုးလူ၀ ဦးဆောင်သည့်အဖွဲ့က ကိုတရုတ်ကြီးအား သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲကာ ရွာသားများက မကျေနပ်သည့်အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆန္ဒပြကြကြောင်း၊ ယင်းဆန္ဒပြပွဲကို ကျုံပျော်နှင့် ဟင်္သာတမှ ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ် စုလူခွဲခဲ့သည့်အတွက် ကိုကြည်သိန်းနှင့် ကိုကျော်ဆန်းငွေတို့ ၂ ဦး သေဆုံးခဲ့ရပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း ဦးသန်းထွန်းက လွှတ်တော်တွင် တင်ပြသွားသည်။
လွှတ်တော်အမတ် ဦးသန်းထွန်း၏ အရေးကြီးအဆိုကို သာပေါင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းက ထောက်ခံဆွေးနွေးခဲ့ပြီး ရဲတပ်ဖွဲ့အနေဖြင့် သေနတ်ဖြင့် ပစ်ခတ်ရာတွင် အဓိကရုဏ်းနှိမ်နှင်းသည့် ဥပဒေများကို လိုက်နာခြင်း ရှိ မရှိ၊ ပစ်ခတ်ရာတွင် အသက် မသေနိုင်သည့်နေရာကို ပစ်ခတ်ရန် လိုက်နာမှု ရှိ မရှိနှင့် အခင်းဖြစ်နေရာကို လာစဉ်ကပင် လိုအပ်သည့် အတားအဆီးများ ပါ မပါ၊ သုံး မသုံး စုံစမ်း စစ်ဆေးသင့်ကြောင်း ဆွေးနွေးခဲ့သည်။
“ရဲတပ်ဖွဲ့အနေနဲ့ လူ ၂၀၀ ခန့်ကို ဟန့်တားနိုင်တဲ့ ပစ္စည်းတွေ၊ နည်းလမ်းတွေ ကြိုတင်ပြင်ဆင် ယူလာသင့်ပါတယ်။ အဝိုင်းခံရတော့မှ အသက်ဘေးအတွက် ကာကွယ်ရတဲ့အခါမှာ အသက်ခြင်းလဲယူ ဆောင်ရွက်ရတဲ့အဖြစ်ဟာ မဖြစ်သင့်ပါဘူး” ဟု သာပေါင်းအမတ် ဦးဝင်းသိန်းက ပြောသည်။
ရှားခဲအင်းကိစ္စအား ဦးစိုးဦးဆောင်သည့် ရေလုပ်သား ၂၀၀ ခန့်က ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်သို့ ပြီးခဲ့သည့် ဇွန်လအတွင်းက တိုင်ကြားခဲ့ရာ လွှတ်တော်ရေးရာကော်မတီက ကွင်းဆင်းစုံစမ်းခဲ့ပြီးနောက် မင်းမဲ့စရိုက်များ၊ ဥပဒေမဲ့ လုပ်ဆောင်မှုများ ပေါ်ပေါက်နိုင်ဖွယ် ရှိသည့်အတွက် အများရှာဖွေ စားသောက်နိုင်သော ဘုံစားအင်းအဖြစ် သတ်မှတ်ပေးသင့်ကြောင်း အစိုးရအဖွဲ့အား ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က အကြံပြု တင်ပြခဲ့သည်။
ထိုအကြံပြုချက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့က အချိန်နှင့်တပြေးညီ မဆောင်ရွက်သည့်အတွက် ယခုကဲ့သို့ မင်းမဲ့စရိုက်ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုတင်သွင်းသူနှင့် ထောက်ခံဆွေးနွေးသူအမတ် ၂ ဦးစလုံးက ထောက်ပြ ပြောဆိုသွားသည်။
“အပ်နဲ့ထွင်းလို့ ပြီးရမယ့်ကိစ္စက ပုဆိန်နဲ့ အသက်ပျောက်သည်အထိ ရှင်းကြတဲ့အဖြစ် ရောက်ခဲ့ပါတယ်” ဟု ဦးဝင်းသိန်းက ပြောသည်။
လက်ရှိတွင် အဆိုပါ ရှားခဲအင်းအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်က ဘုံစားအင်းအဖြစ် သတ်မှတ်ပေးလိုက်ပြီဖြစ်သည်။
ရှားခဲအင်းပဋိပက္ခနှင့် ပတ်သတ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့အချိန်အထိ တရားဝင် သတင်းထုတ်ပြန် ပြောဆိုခြင်း မရှိသေးပေ။ ယမန်နေ့ လွှတ်တော်အစည်းအဝေး၌ တိုင်းဒေသကြီးအစိုးရ၏ လုပ်ဆောင်ချက်များအား ဝန်ကြီးချုပ် ဦးသိန်းအောင်က လွှတ်တော်သို့ တင်ပြခဲ့ရာတွင် ရှားခဲအင်း ပဋိပက္ခအကြောင်း တစုံတရာ ထည့်သွင်း ပြောဆိုသွားခြင်း မရှိချေ။
ကျုံပျော်အမတ် ဦးသန်းထွန်း တင်သွင်းခဲ့သည့် အရေးကြီးအဆိုအား လွှတ်တော်တွင် ဆက်လက် ဆွေးနွေး ဆောင်ရွက်သွားရန် လွှတ်တော်အမတ်များအား သဘောထား တောင်းခံခဲ့ရာ အားလုံးက ကန့်ကွက်ခြင်းမရှိဘဲ သဘောတူညီခဲ့ကြသည်။
ယမန်နေ့ လွှတ်တော်အစည်းအဝေးသို့ သင်တန်းတက်ရောက်နေသည့် တပ်မတော်သား ကိုယ်စားလှယ် ၂ ဦးမှလွဲ၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ စုစုပေါင်း အယောက် ၇၀ တက်ရောက်ခဲ့ကြသည်။