စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ကိုင်နေသည့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်နှင့် မြန်မာ ဝမ်ပေါင် ကုမ္ပဏီကို ဒေသခံလယ်သမား ၁၀၀၀ ကျော်က တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သတင်း ရရှိသည်။
“ကျမတို့ လယ်မြေထဲ မတရားအဆောက်ဦတွေ လာဆောက်တယ်၊ ဘုန်းကြီးကျောင်းတွေ အဖျက်ခံရတယ်၊ စွန့်ပစ် မြေတွေမပုံဖို့ တောင်းပန် ထားပေမယ့် ပုံတယ်။ သွားပြောတဲ့ လယ်သမားတွေကို ဆဲဆိုတာတွေ လုပ်တာအပြင် အာဏာ ကို အလွဲသုံးစားလုပ်ပြီး ကျမတို့ကို ခြိမ်းခြောက်တာတွေရယ်၊ ရှေ့ဆက်လေ ကျမတို့ပေါ် မတရားတာတွေ များများလာလို့ မခံချင်စိတ်နဲ့ တရားစွဲဖို့ လုပ်တာပါ”ဟု ဒေသခံ ဝက်မှေးရွာသူ မသွဲ့သွဲ့ဝင်း က ပြောသည်။
လယ်သမားများ တရားစွဲမည့်သူများတွင် ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးလည်း ပါဝင်ကြောင်း၊ အာဏာကို အလွဲသုံးစားပြု လုပ်၍ လက်ပံတောင်းတောင် ဧရိယာတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းကြောင့်ဖြစ်ကြောင်း၊ ကြေးနီးတူးဖော်ရေး ကုမ္ပဏီမှ ရဲ တပ်ဖွဲ့အား အသုံးပြု၍ ဖိနှိပ်ရန် စီစဉ်မှုများကို ဦးတည်တိုင်တန်း၍ ဆားလင်းကြီး ရဲစခန်းတွင် အမှုဖွင့်ခြင်းဖြစ်ကြောင်းလည်း သူက ပြောဆိုသည်။
“လက်ခံမယ်ဆိုတဲ့ အကြောင်းမျိုးပဲ စာရေးပေးလိုက်တယ်။ ပုဒ်မက ဘာနဲ့စွဲရမလဲ ဆိုတာတော့ သူတို့ မနက်ဖြန် ညနေ ၄ နာရီ မှ အကြောင်းပြန်ကြားမယ် ပြောတယ်။ ဖုန်းနဲ့ပြောမလား၊ စာပေးမလားတော့ မသိဘူး။ အများနဲ့ဆိုတော့ တရွာကို ကိုယ်စား လှယ် ၃ ယောက်နှုန်းနဲ့ပဲ ဖွင့်ခဲ့ရတယ်။ ကျန်တဲ့လူတွေကတော့ ဝိုင်းပြီး လက်မှတ်ထိုးပေးတယ်။ ရွာပေါင်း ၂၆ ရွာက လူပေါင်း ၁၀၀၀ ကျော်တယ်”ဟုလည်း မသွဲ့သွဲ့ဝင်းက ပြောသည်။
ထို့အပြင် လယ်သမားများနှင့် လယ်သမားအရေး ကူညီပေးသူများအပါအဝင် ၁၆ ဦးကို ဦးပိုင် ကုမ္ပဏီက အသရေဖျက်မှု၊ လူစု လူဝေးဖြင့် ဥပဒေမဲ့ပြုမှု စသည့်ပုဒ်မများဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေသည်ဟုလည်း ကြားသိရကြောင်း၊ ထို ၁၆ ဦးထဲတွင်သြ ဂုတ်လအတွင်းက ဦးပိုင်ကုမ္ပဏီ၊ မြန်မာ ဝမ်ပေါင်နှင့် ပုဒ်မ ၁၄၄ ကို ကိုယ်စားပြုသည်ဆိုသည့် အခေါင်းအတု ၃ ခုကို မီးရှို့ဆန္ဒ ပြ သူများလည်း ပါဝင်ကြောင်း၊ ထို့ကြောင့် လယ်သမားများဘက်မှ တန်ပြန်တရားစွဲလိုခြင်းဖြစ်ကြောင်း မသွဲ့သွဲ့ဝင်းက ဆက် ပြောသည်။
“ကျမတို့ တောင်သူ လယ်သမားတွေကို တရားစွဲတာ သူတို့က အရင် စလုပ်တယ်။ ကျမတို့ မကျူးလွန်တဲ့အမှုကို သူတို့က ကျူးလွန်တယ်ဆိုပြီး စွပ်စွဲတယ်။ အမှုဖွင့်တာ လုပ်တယ်။ တကယ်တော့ သူတို့ ကျူးလွန်ထားတဲ့အမှုတွေကို ကျမတို့ အမှုပြန်ဖွင့် လိုက်တဲ့ သဘောပါ။ ကျမတို့ကို တရားစွဲတယ်ဆိုတဲ့ တရားဝင်စာကတော့ ကျမတို့ လက်ထဲမရောက်သေးဘူး။ ရေဒီယိုမှာပါလို့သာသိရတယ်။ အကြောင်းကြားတာလည်း မရှိဘူး။ သူတို့နဲ့ တိုက်ရိုက်မတွေ့ရသေးတော့ အခြေအနေကို သေချာမသိရသေး ဘူး။ ကျမတို့ဘက်ကတော့ ဘာပဲဖြစ်ဖြစ် ဒီစီမံကိန်း မရပ်မချင်း လုပ်စရာရှိတာ လုပ်သွားမှာပဲ”ဟုလည်း သူက ဆိုသည်။
တနင်္လာနေ့ နေ့လယ်ပိုင်းက လက်ပံတောင်းတောင် ဒေသ လယ်သမားများ၊ ဒေသခံများစုဝေး၍ လက်ပံတောင်းတောင် ကြေး နီစီမံကိန်း ရပ်ဆိုင်းရေးနှင့် ပတ်သက်ပြီး လုပ်ဆောင်ရန်များကို ဆွေးနွေး၍ သမ္မတ ထံ အသနားခံစာတင်ရန် လက်မှတ်များလည်း ဆက်လက်စုဆောင်းနေသည်ဟု သိရသည်။
စစ်တပ်ပိုင် စီးပွားရေး ဦးပိုင် လီမိတက်နှင့် တရုတ်အမျိုးသားပိုင် မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့ ၂၀၁၁ ခုနှစ်မှ စတင်၍ အကျိုးတူ လုပ်ကိုင်နေသည့် အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဝန်းကျင်ရှိ ဝက်မှေး၊ ဆည်တည်း၊ ကန်တောနှင့် ဇီးတော စသည့် ရွာပေါင်း ၂၆ ရွာမှ လယ်မြေဧက ၇၈၀၀ ကျော် သိမ်းဆည်း ခံခဲ့ရသည်။
သိမ်းဆည်းခံ လယ်မြေများပြန်ရရေး၊ ပျက်စီးဆုံးရှူံးသွားသော လယ်မြေများအတွက် သင့်တင့်သော လျော်ကြေးငွေများ ရရှိရေး၊ ကြေးနီသန့်စင်စက်ရုံမှ စွန့်ပစ်ရေများကြောင့် သဘာ၀ ပတ်ဝန်းကျင်ပျက်စီးမှုကို ကာကွယ်ရေး စသည်တို့ကို ပြီးခဲ့သည့် ဇူလိုင် လဆန်းမှ စတင်၍ တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့သည်။
သြဂုတ်လအတွင်းတွင် လယ်သမား ၅၀၀ ကျော်တို့ ဆန္ဒထုတ်ဖော်ခဲ့ရာ ကုမ္ပဏီဘက်က ရဲတပ်ဖွဲ့ကို အသုံးပြုဟန့်တားခဲ့၍ ဒေသခံများနှင့် ကုမ္ပဏီ အပါအဝင် အာဏာပိုင်များအကြား တင်းမာမှုများ စတင်ခဲ့သည်။
ထိုမှစ၍ ဒေသခံများသည်လည်း လယ်သမားများ၏ ဆန္ဒထုတ်ဖော်မှုတွင် ပူးပေါင်း ပါဝင်လာကြပြီး ကြေးနီ စီမံကိန်းကြောင့် ပျောက်ဆုံးသွားခဲ့သည့် ကြေးစင်တောင်နှင့် စံပယ်တောင်များကဲ့သို့ အဖြစ်မျိုး လက်ပံတောင်းတောင် မကြုံတွေ့စေရေး၊ ကြေးနီ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် မပျက်စီးရေးတို့အတွက် စီမံကိန်းကို ရပ်တန့်ရန် လှုပ်ရှားမှုများ နေ့စဉ် ရက်ဆက် ဆိုသကဲ့သို့ ပြုလုပ်လာကြခြင်း ဖြစ်သည်။
အဆိုပါ ဒေသတွင် ကြေးနီတူးဖော်သည့်လုပ်ငန်းများကို ၁၉၈၀ ခုနှစ်မှ စတင်၍ ယူဂိုဆလားဗီးယားနိုင်ငံမှ ကုမ္ပ္ပဏီ၊ ကနေဒါနိုင်ငံ အခြေစိုက် အိုင်ဗင်ဟိုး ကုမ္ပဏီ စသည်တို့ဖြင့် သတ္တုတွင်း ဝန်ကြီးဌာနက ပူးပေါင်းကာ ကြေးနီတူးဖော်မှုများ ပြုလုပ် ခဲ့သည်။