ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ဒူကထောင် စစ်ပြေးဒုက္ခသည်စခန်းမှ ဦးလထော် ဘရန်ရှောင်အား ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးထားသည့်အမူ စွဲချက်တင်သင့် မတင်သင့်ကို အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။
“နှစ်ဖက်က လျှောက်လဲချက်ပေးကြမှာပါ။ ဟိုဘက်က ဥပဒေအရာရှိက စွဲချက်တင်သင့်ကြောင်း လျှောက်လဲမယ်။ ကျနော်က မတင်သင့်ဘူးလို့ ပြန်ပြီးလျှောက်လဲပါမယ်။ လျှောက်လဲပြီး နောက်တပတ်မှာဆိုရင် တင်သင့် မတင်သင့် အမိန့်ချပါမယ်။ ဒီမှာ စွဲချက် မတင်သင့်ဘူးလို့ ဆုံးဖြတ်ချက်ချမယ်ဆိုရင် ဒီအမှုက ပြီးသွားပါပြီ၊ ဆိုရင်တော့ အပြစ်မရှိဘူးပေါ့” ဟု ဦးဘရန်ရှောင် အမူတွင် ရှေ့နေအဖြစ် ဆောင်ရွက်နေသူ ဦးမာခါးက ပြောသည်။
လတ်တလောတွင် ဦးဘရန်ရှောင်သည် ထပ်မံ နှိပ်စက်ခံရသည့် လက္ခဏာ မတွေ့ရကြောင်း ဦးမာခါးက ပြောသည်။
ဦးဘရန်ရှာင်ကို ဇွန်လ ၁၇ ရက်နေ့ နံနက် ၉ နာရီတွင် မြစ်ကြီးနားမြို့ အမှတ် (၁) ရဲစခန်းမှ စခန်းမှူးနှင့် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) တို့က ဖောက်ခွဲရေးဆိုင်ရာ ပုဒ်မ ပေါက်ကွဲ ၃ ဖြင့် ဒုက္ခသည်စခန်းအတွင်းမှ လာရောက် ဖမ်းဆီးသွားပြီး ရုံးတင်သည့်အခါတွင် မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇/၁ ဖြင့် ပြောင်းလဲ စွဲဆိုခဲ့သည်။
ဖမ်းဆီးသွားသည့် ဇွန်လ ၁၇ ရက်နေ့မှ ရုံးထုတ်သည့် ၂၈ ရက်နေ့အထိ မည်သူနှင့်မျှ မတွေ့ရဘဲ ရုံးထုတ်သည့် အချိန်တွင် မျက်နှာ၊ ရင်ဘတ်တို့တွင် ဒဏ်ရာများ ရရှိထားပြီး ခန္ဓာကိုယ်တွင် တွဲချည်ထားသည့် အသံဖမ်းစက်တို့ကြောင့် တရားစစ်ဆေးမှုကို ရပ်နားခဲ့သည်။
ဦးဘရန်ရှောင်သည် KIA မဟုတ်ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်မှ သာသနာပိုင်ဆရာ ၄၈ ဦးက ဇွန်လ ၂၂ ရက်နေ့တွင် စာရေးသား လက်မှတ်ထိုးကာ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် သမ္မတတို့ထံ တင်ပြထားခဲ့သည်။
ရွှေစက်ဘုရားကျောင်း ဒုက္ခသည်စခန်းသို့ လာရောက်ခိုလှုံသူ နှစ်ဦးကိုလည်း KIA စစ်သားအဖြစ် စွပ်စွဲဖမ်းဆီးထားသဖြင့် အကူအညီပေးပါရန် သမ္မတ ဦးသိန်းစိန်ထံသို့ စက်တင်ဘာလ ၂၀ ရက်နေ့က ပေးပို့ခဲ့သေးကြောင်း သိရသည်။
“ရွေစက်က အမျိုးသားနှစ်ယောက်ကို စရဖက နှိပ်စက်ဝန်ခံခိုင်းတဲ့အကြောင်းကို သမ္မတအပါအဝင် အဖွဲ့အစည်း တော်တော် များများဆီ ပို့ထားပါတယ်။ ၁၀ ရက်ကျော်တဲ့အထိ အကြောင်းတုန့်ပြန်တာမျိုး မရှိသေးပါဘူး ” ဟု ဦးမာခါးက ပြောသည်။