မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်း ၁၄ ခုကို တပြေးညီ ဖြစ်ရန် အတွက် ၁၄ ပြည်နယ် စနစ်ဖြင့် တည်ဆောက်နိုင်ရေး ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီ က ကြိုးပမ်းသွားမည်ဟု သိရသည်။
စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု စနစ်ပေါ်ထွန်းရေး အတွက် ပြည်နယ်(သို့) တိုင်းဒေသ ကိုယ်စားပြုသော စာတမ်း တစောင် ရေးဆွဲနေပြီ ဖြစ်ကြောင်း၊၊ ထိုစာတမ်းအား နိုင်ငံတော် သမ္မတနှင့်လွှတ်တော်သို့ တင်ပြသွားရန် ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီ က ယမန်နေ့တွင် ပြုလုပ်သည့် အစည်းအဝေး၌ သဘောတူညီခဲ့ကြကြောင်း ဒီမိုကရက်တစ်ပါတီ(မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ က ဧရာဝတီ ကို ပြောသည်။
“ပြည်နယ်နဲ့ဆိုရင် ၁၄ ပြည်နယ်ပေါ့၊ တိုင်း ဆိုရင်လည်းပဲ ၁၄ တိုင်းပေါ့၊ အားလုံးကို ဖက်ဒရယ်ပြည်ထောင်စု စနစ်အရ အာဏာကို တတန်းတည်း ခွဲဝေလိုက်တဲ့သဘောပါပဲ၊ အမေရိကန် ပြည်ထောင်စုလို ပုံစံနဲ့သွားကြဖို့ပါ”ဟု ၎င်းက ဆိုသည်။
ဖက်ဒရယ်ပြည်ထောင်စုသည် ခွဲထွက်ရေးမူဝါဒသာ ဖြစ်ကြောင်း ဦးနေဝင်းအစိုးရ လက်ထက်မှစတင် ဝါဒဖြန့်ထားသည့် အတွက် ပြည်မရှိ လူများစု ဗမာတိုင်းရင်းသားများက လက်မခံကြကြောင်း၊ ယခုအခါ ဖက်ဒရယ် စနစ်သည် စစ်မှန်သည့် ဒီမိုကရေစီ စနစ်သာ ဖြစ်သည်ဟု ဗမာတိုင်းရင်းသားအများစုက လက်ခံလာပြီ ဖြစ်၍ အားတက်မိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) ခေါ် ကျားဖြူ ပါတီ၏ ပြောခွင့်ရသူ ဦးစောသန်းမြင့် ကလည်း ပြောဆိုသည်။
“ဖက်ဒရယ်ဆိုတာနဲ့ တိုင်းရင်းသားတွေ ခွဲထွက်ဖို့ကြိုးစားနေပြီလို့ အစိုးရ အဆက်ဆက်က ဝါဒဖြန့်ထားတယ်၊ ဒီတော့ ဗမာ ပြည် သူတွေကလည်း ဖက်ဒရယ်ကို ခွဲထွက်ရေးမူလို့ပဲ ထင်နေကြတာ၊ အခုလို ပြည်မက ဗမာနိုင်ငံရေးပါတီတွေကလည်း ဖက် ဒရယ် ကိစ္စ ထောက်ခံလာတော့ ပိုအားရှိတာပေါ့”ဟု ၎င်း က ဧရာဝတီ ကို ပြောသည်။
မြန်မာနိုင်ငံအား ပြည်ထောင်စု မြန်မာနိုင်ငံဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ရေးဆွဲထားသကဲ့သို့ ဦးသိန်းစိန် အစိုးရက လည်း နိုင်ငံတကာ၌ ကြွေးကြော် ပြောဆိုနေကြောင်း၊ သို့သော် လက်တွေ့တွင် ဗဟိုမှ ချုပ်ကိုင်သည့် တပြည်ထောင် စနစ်ကို သာ ကျင့်သုံးနေကြောင်းလည်း ဦးစောသန်းမြင့် က ဆက်ပြောသည်။
ဖက်ဒရယ် စနစ်သည် ကိုယ့်ဒေသ ကိုယ်အုပ်ချုပ်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ စီမံပိုင်ခွင့် စသည်တို့ကို မိမိဒေသအလိုက် ဗဟိုအ ဆင့်မှ အောက်ခြေအဆင့်အထိ လုပ်ပိုင်ခွင့် ရရေးသာဖြစ်ကြောင်း၊ ထိုကိစ္စသည် တနိုင်ငံလုံးရှိ တိုင်းရင်းသား အားလုံးနှင့်သက်
ဆိုင်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ၌ ပြည်နယ်၊ တိုင်းဒေသများ အတွက် လုပ်ပိုင်ခွင့် တချို့ရေးဆွဲထားသော်လည်း လုပ်ပိုင်ခွင့် လုံး၀ မရှိကြဟု ပါတီခေါင်းဆောင်များက ပြောဆိုကြသည်။
“လာမယ့် ၂၀၁၅ နဲ့ ၂၀၂၀ အတွင်းမှာ ဖက်ဒရယ်စနစ် လုံးဝဖြစ်အောင် ကြိုးစားဖို့ ကျနော်တို့ ဆုံးဖြတ်ထားတယ်”ဟု SNDP ပါတီ ပြောခွင့်ရသူက ဆိုသည်။
မြန်မာနိုင်ငံ၌ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုင်းရင်းသားများက မြန်မာ အစိုးရ အဖွဲ့များနှင့် ဆယ်စုနှစ်ချီ၍ ဆွေးနွေးညှိနှှိုင်းခဲ့သော်လည်း ယနေ့အထိ အောင်မြင်မှု မရရှိသေးပေ။ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်မည် ဆိုပါက ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို ပြင်ဆင်ဖြည့်စွက်ရမည် ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အတွက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စပြောဆိုထား၍ အားလုံးပူးပေါင်းလျှင် အောင်မြင်နိုင်မည်ဟု ပါတီ ခေါင်း ဆောင်များ က ဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်မည်ဆိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှှုန်းကျော်က သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ဆောင်ပြီးမှသာ ပြင်ဆင်ခွင့်ရမည်ဟု ဖွဲ့စည်းပုံ၏ ပုဒ်မ ၄၃၆ တွင် ပြဌာန်း ထား သည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိထားသည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီ ဖြစ်သော်လည်း ပြည်တွင်း ငြိမ်းချမ်းရေး မရရှိခြင်းမှာ စစ်မှန်သည့် ပြည်ထောင်စု စနစ် မရှိသေး၍ ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားအားလုံး တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့ အတွက် စစ်မှန်သည့် ပြည်ထောင်စုကြီး ပေါ်ပေါက်ရေးကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ(RNDP) က လည်း မေလတွင် ကျင်းပခဲ့သော ပါတီညီလာခံ က တောင်းဆိုထားသည်။
ပြည်ထောင်စုကြီးအား မြန်မာနိုင်ငံ၏ လက်ရှိတိုင်းရင်းသား ပြည်နယ် ၇ ခု အပြင်၊ ဗမာတိုင်းရင်းသား အများစုနေထိုင်သည့် တိုင်းဒေသကြီးများကို ပြည်နယ်ကြီး တခု ပုံစံဖြင့်တည်ဆောက်၍ ထိုပြည်နယ် အစိုးရ၏ အုပ်ချုပ်မှု အောက်တွင် ထားရှိရန်နှင့် ပြည်နယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံဖြစ်စေလိုကြောင်း ကိုလည်း RNDP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် က ပါတီလာခံ၌ တင်သွင်းသည့် အစီရင်ခံစာတွင် ထည့်သွင်းထားသည်။
စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး၊ ၂၀၁၅ ရွေးကောက်ပွဲ ပုံစံပြောင်းလဲရေး၊ ဒီမိုကရေစီ စနစ်ပီပြင်ရေး စ သည့် ကိစ္စများကို သမ္မတနှင့်မကြာမီ တွေ့ဆုံ ဆွေးနွေးနိုင်ရန် မိတ်ဆွေ ၁၀ ပါတီက စီစဉ်နေကြောင်း သိရသည်။ ထိုပါတီ များသည် သမ္မတနှင့် ဇူလိုင်လ ကလည်း တွေ့ဆုံခဲ့ကြသေးသည်။
မဟာမိတ် ၁၀ ပါတီမှာ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ(AMDP)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)၊ ရခိုင် တိုင်း ရင်းသားများ တိုးတက်ရေး ပါတီ(RNDP)၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ ပါတီ(SNDP)၊ ချင်း အမျိုးသား ပါတီ၊ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး ပါတီ၊ ဒီမိုကရက်တစ် ပါတီ(မြန်မာ)၊ ဖလုံ-စဝေါ် ကရင် ပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၊ ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေး ပါတီ တို့ဖြစ်သည်။
၁၀ ပါတီမဟာမိတ် အဖွဲ့ကို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့ မှ တိုင်းရင်းသား ပါတီ ၆ ခု ကလည်း ညီနောင် ပါတီများအဖွဲ့ အဖြစ် ဖွဲ့စည်းထားကြသည်။