ကချင်ပြည်နယ်ရှိ ဧရာဝတီ မြစ်ဆုံစီမံကိန်းကြောင့် ယာယီပြောင်းရွှေ့ပေးရသည့် အောင်မြင်သာ စံပြကျေးရွာနှင့် မလိယန်ကျေးရွာသို့ ရေပေးဝေနေသော ရေပိုက်လိုင်းများ မိုးရေကြီးမှုကြောင့် ပျက်စီးသွားရာ ယခုအချိန်အထိ ဒေသခံများ ရေ အခက်အခဲကြုံနေကြောင်း သိရသည်။
အဆိုပါ ရေပိုက်လိုင်းများသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မိုးရေကြီးမှုကြောင့် ပျက်စီးသွားရာ အခုအထိ Asia World ကုမ္ပဏီနှင့် China Power Investment (CPI) တို့မှ ပြုပြင်ပေးခြင်း မရှိသဖြင့် မြစ်ကြီးနားမြို့ပေါ်မှ လာရောက်ရောင်းချသည့် ရေသန့်ဗူးများကိုသာ ဝယ်သောက်နေရကြောင်း အောင်မြင်သာ စံပြကျေးရွာခံ ကိုသန့်ဇင်မင်းက ဧရာဝတီသို့ ပြောသည်။
“မြစ်ကြီးနားကနေ လာရောင်းတဲ့ရေသန့်က တဗူး ၅၀၀ ကျပ်တန်ကို တဗူး ၉၀၀ ကျပ်နဲ့ ပေးသောက်နေရတယ်။ တချို့တွေက မဝယ်သောက်နိုင်တော့ တောင်ကျချောင်းရေကို ကျိုသောက်နေရတယ်။ စားသောက်မှုအတွက် အခက်အခဲဖြစ်နေတယ်။ မီးကလည်းမရတော့ ပိုဆိုးတယ်” ဟု ကိုသန့်ဇင်မင်းက ဆိုသည်။
အဆိုပါ ဒေသတွင် အိမ်ခြေ ၃၀၀ ကျော်၊ လူဦးရေ ၂ ထောင်ကျော်သိ့ု ရေပေးဝေမည့် ဂါလံ ၂ သိန်းဆံ့ ရေကန်မှာ မဆောက်လုပ် ရသေးကြောင်း၊ တည်ဆောက်ရန် လအနည်းငယ် ကြာနိုင်ကြောင်း သိရသည်။
အောင်မြင်သာ စံပြရွာထိပ်ရှိ ပြိုပျက်သွားသည့်ရေကာတာမှာ ကျိန်ခရန် ရေဘေးမှ ကာကွယ်နိုင်ရန် Asia World မှ ဆောက်လုပ်ပေးထားခြင်းကြောင်း၊ ရေကာတာ ဆိုသော်လည်း သဲကျောက်များအား ပုံထားခြင်းသာဖြစ်ကြောင်း၊ ထိုရေကာတာ ကျိုးပေါက်ပြီး ရွာထဲသို့ရေဝင်ကာ ဒေသခံတချို့ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းများတွင် ခိုလှုံခဲ့ရကြောင်း၊ အောက်တိုဘာ လဆန်းပိုင်းတွင် ရေကြီးမှု ပြန်လည်ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံများ အလွန် စိုးရိမ်နေကြောင်း သိရှိရသည်။
အောင်မြင်သာ စံပြရွာ၏ တဖက်ကမ်းတွင်ရှိသော ပြောင်းရွှေ့ရွာဖြစ်သည့် မလိယန်ကျေးရွာတွင်လည်း အောင်မြင်သာ စံပြရွာနှင့် အလားတူပင် မိုးကြီးသောကြောင့် ရွာထဲသို့ ပေးပို့နေသော ရေပိုက်လိုင်းများ ပျက်စီးသွားကာ ရေအခက်အခဲပြဿနာ တွေ့ကြုံနေကြပြီး ပိုက်လိုင်းပြန်လည်ပြုပြင်ရန် မလိယန်ကျေးရွာရှိ တအိမ်ထောင်လျှင် တထောင်ကျပ် ကောက်ခံနေကြောင်း မလိယန်ကျေးရွာမှ ဒေသခံအမျိုးသမီးတဦးက ပြောသည်။
မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသည့် ရွာများသည် မူရင်းဒေသများတွင် ပြန်လည်အခြေချနိုင်ကြောင်း၊ လက်ရှိတွင် အစားထိုးပေးအပ်ထားသည့် မြေယာမျာသည် တောင်ယာလုပ်ကိုင် စားသောက်မှုအတွက် အခဲအခဲရှိနေကြောင်း၊ မြစ်ဆုံစီမံကိန်း ရပ်ထားသည်ဆိုသော်လည်း မူလပြောင်းရွှေ့ခဲ့ရသည့် နယ်မြေများကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
“ကျနော်တို့ အောင်မြင်သာ စံပြကျေးရွာသစ်က လူတွေသာမက မိမိနေရာဒေသကို စွန့်ခွာသူတိုင်းကတော့ မိမိဒေသကိုပဲ ပြန်နေချင်ပါတယ်။ ကိုယ့်ကျေးရွာမှာဆိုရင် ဘာပဲလုပ်စားလုပ်စား ရတယ်။ ပြီးတော့ တောင်ယာလုပ်ငန်းကလည်း ရှာစားဖို့က သိပ်မခက်ခဲဘူး” ဟု အောင်မြင်သာ စံပြကျေးရွာမှ ကိုသန့်ဇင်မင်းက ဆိုသည်။