တရုတ်နိုင်ငံ၌ နိုင်ငံရေးခိုလှုံနေရသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (အသက် ၉၃ နှစ်) သည် ကူမင်းမြို့ ဆေး ရုံကြီး တွင် ယနေ့ နံနက် ၃ နာရီခွဲခန့်က ကွယ်လွန်သွားကြောင်း သမီးဖြစ်သူ ဒေါက်တာ လှကျော်ဇော က ဧရာဝတီသို့ ပြောသည်။

“ကျမတို့ကတော့ ဘာမှပြောစရာ မရှိပါဘူး၊ နာရေးကို ပါတီက ဆက်ပြီး ကြေညာ ချက်ထုတ်ပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၏ ဈာပန အခမ်းအနားကိုလည်း ဗမာပြည် ကွန်မြူနစ်ပါတီ ၏ အစီအစဉ်ဖြင့် ဆောင်ရွက်မည် ဖြစ် ကြောင်း သိရသည်။ အသေးစိတ် အစီအစဉ်ကိုမူ မသိရှိရသေးပေ။။
ဗိုလ်မှူးချုပ်ကျော်ဇောသည် မကြာသေးခင်က အအေးဒဏ်ကြောင့် အဆုတ်ကိုပါ ထိခိုက်သည့်အပြင် ကျောက်ကပ် လည်း မကောင်းတော့ကြောင်း၊ ကွယ်လွန်ချိန်အထိ အောက်ဆီဂျင်ဖြင့် အသက်ရှုရကြောင်း သားဖြစ်သူ ဦးအောင်ကျော်ဇော က လည်း ပြောပြသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရ ဦးတင်ဦး ကလည်း ဗိုလ်မှူးချုပ် ဟောင်း ကျော်ဇော သည် မိမိ၏ ဆရာသမား ဖြစ်သကဲ့သို့ တပ်မတော်တွင် အစဉ်အလာကြီးပြီး မဟာဗျူဟာ၊ နည်းဗျူဟာ ထက်မြက်သည့် စစ်ရေး ခေါင်းဆောင်တဦး ဖြစ်ကြောင်း၊ စစ်ပြီးခေတ် မြန်မာ့ တပ်မတော်၌ ဗိုလ်ချုပ်ကြီး နေဝင်း ပြီးလျှင် ဒုတိယ ခေါင်း ဆောင်ဖြစ်ကြောင်း၊ မြန်မာပြည် ပြန်လာရန် ကြံရွယ်နေချိန်တွင် ယခုကဲ့သို့ ကွယ်လွန်ခြင်းအတွက် ပိုမိုကြေကွဲရပါကြောင်း၊ မိသားစုနှင့် ထပ်တူ ဝမ်းနည်းရပါကြောင်း ပြောဆိုသည်။
“ကျနော် အသက် ၁၉ နှစ် ဗိုလ်သင်တန်းကျောင်း တက်တုန်းက ကျနော့်ကိုပြောတာ၊ ခင်ဗျားက စစ်ဗိုလ်လေးနဲ့ မတူဘူး၊ ကျောင်း သားလေးနဲ့ တူတယ် ဆိုတဲ့ စကားလေးကို အမှတ်ရနေတယ်”ဟု ဦးတင်ဦးက ဆိုသည်။
ထို့အပြင် ဗိုလ်မှူးချုပ်ကျော်ဇော တပ်မတော်တွင် စစ်ခေါင်းဆောင်အဖြစ် တာဝန်ယူစဉ်က တပ်မှူးများကို တိုင်းရင်းသားများနှင့် ပတ် သက်လာလျှင် အမြဲတမ်း တရားမျှတစွာ ဆက်ဆံရန်၊ မဆက်ဆံပါက အရေးယူမည်ဟု အမြဲသတိပေး ဆုံးမကြောင်းလည်း ဦးတင်ဦး က ဆက်လက် ပြောပြသည်။
Interview with U Tin Oo about U Kyaw Zaw
ဗိုလ်မှူးချုပ် ကျော်ဇော ကွယ်လွန်ချိန်တွင် သမီး ဒေါက်တာ လှကျော်ဇော၊ ဒေါ်စန်းကျော်ဇော ၊ သား ဦးအောင်ကျော်ဇော နှင် မြေး ၇ ယောက် ကျန်ရစ် ခဲ့ကြောင်း သိရသည်။
တိုင်းပြည် လွတ်လပ်ရေးကြိုးပမ်းရာတွင် ပါဝင်ခဲ့သည့် ရဲဘော်သုံးကျိပ်ဝင်များ အနက် ဗိုလ်မှူးချုပ် ကျော်ဇောသည် ပြည်ပရှိ နောက်ဆုံး လက်ကျန် တဦး ဖြစ်သည်။
ဗိုလ်မှူးချုပ် ကျော်ဇောသည် ပဲခူးတိုင်း သာယာဝတီ ခရိုင် ဆိုင်းစုရွာ ဇာတိ ဖြစ်ပြီး နယ်ချဲ့ဆန်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင် ခဲ့သည်။
ကိုလိုနီခေတ်က ဟိုင်နန်ကျွန်းသို့ သွားရောက်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ စစ်ပညာ သင်ယူခဲ့ပြီးနောက် မြန်မာ့သမိုင်းတွင် ထင်ရှားသည့် ရဲဘော်သုံးကျိပ်ဝင် တဦး ဖြစ်လာသည်။
ဂျပန်တော်လှန်ရေး ကာလအတွင်း စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း တိုင်း အမှတ် ၄ စစ်ရေး ခေါင်းဆောင်တဦး အဖြစ် တာဝန် ယူ ရသည်။
လွတ်လပ်ရေးရပြီး ပြည်တွင်းစစ် အစပိုင်း တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူ၍ ကရင် ကာကွယ်ရေး တပ် (KNDO)များ ဝိုင်းထားသည့် ရန်ကုန်မြို့ကို ကာကွယ်နိုင်ခဲ့ပြီး ပဲခူး၊ ဖြူး၊ တောင်ငူမြို့များကို ဆက်လက် သိမ်းယူနိုင်ခဲ့သည်။
၁၉၄၉ ခုနှစ် KNDO တပ်များနှင့် သုံးလကြာ တိုက်ခိုက်ခဲ့ရသည့် အင်းစိန်တိုက်ပွဲသည် သူ၏ ဘဝတွင် မမေ့နိုင်သော တိုက်ပွဲဖြစ် သည် ဟု ၎င်း၏ အတ္ထုပ္ပတ္တိ တွင် ရေးသားထားသည်။
၁၉၅၄ ခုနှစ်တွင် ကျူးကျော်သူ ကူမင်တန် တရုတ်ဖြူ တပ်များကို မြန်မာပြည်မှ မောင်းထုတ်နိုင်ခဲ့သည့် ဘုရင့်နောင် စစ်ဆင် ရေး ကို ဦးဆောင်ခဲ့သည်။
စစ်တိုက်ရာတွင် ရဲဘော် ရဲဘက်များနှင့် အတူ ယှဉ်ပေါင်တန်း တိုက်ပွဲဝင်တတ်သူ သတ္တိပြောင်မြောက်သူ တဦးအဖြစ် အများ က အသိအမှတ် ပြုပြောဆိုရသူ ဖြစ်သည်။
၁၉၅၇ ခုနှစ်တွင် စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားသည်ဟု စွပ်စွဲခံရပြီး တပ်မတော်မှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။
ထို့နောက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၏ ဦးဆောင်မှုဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ အခြေစိုက်ရာ တရုတ်-မြန်မာ နယ်စပ်သို့ ထွက်ခွာခဲ့ခြင်း ဖြစ်သည်။
မကြာသေးခင် က သမ္မတ ဦးသိန်းစိန်က ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ကျော်ဇော ကို မြန်မာပြည်သို့ ပြန်လာရန် ဖိတ်ခေါ်ခဲ့သေးသည်။
ဗမာပြည် ကွန်မြူနစ် ပါတီကလည်း မကြာသေးခင်က ဝမ်းနည်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ၏ အရိုးပြာသည် ရန်ကုန်မြို့ ရွှေတိဂုံဘုရား ခြေရင်းရှိ သခင်ကိုယ်တော်မှိုင်း ၏ အုတ်ဂူခြေရင်းတွင် ထားရှိသင့်သည်ဟု သဘောထား ပါရှိသည်။
သို့သော် သမ္မတဦးသိန်းစိန်က ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော မြန်မာပြည်သို့ ပြန်လာရန် ခွင့်ပြုစဉ်ကမူ ဗမာပြည်ကွန်မြူနစ် ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းက ဗိုလ်မှူးချုပ်ကျော်ဇောလို အိပ်ရာပေါ်လဲနေသော လူမမာ တဦးကို ပြန်လာရန် ခွင့်ပြုခြင်း သည် အစိုးရ၏ နိုင်ငံရေး အမြတ်ထုတ်မှုတခုဖြစ်ကြောင်း ဘီဘီစီ နှင့် မေးမြန်းခန်းတွင် ပြောဆိုထားသည်။