အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ဆင်ရန် ခက်ခဲကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများက ပြောဆိုကြသည်။
လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၃ ပါ သမ္မတ အရည်အချင်းပြဌာန်းချက်ကို ပြင်ဆင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အခန်း ၁၂ ကို ဦးစွာ ပြင်ဆင်ရန် လိုအပ်ကြောင်း၊ လက်ရှိအခြေအနေအရ ပြင် ဆင်ရန် အခက်အခဲများ ရှိနေကြောင်း ရန်ကုန်တိုင်း သင်္ကန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး လည်းဖြစ် ရှေ့နေတဦးလည်းဖြစ်သူ ဒီမိုကရေစီသစ်ပါတီခေါင်းဆောင် ဦးသိန်းညွှန့်က ဧရာဝတီကို ပြောသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း ၃ ၊ ပုဒ်မ ၅၉၊ ၆၀ ဆိုသည်မှာ သမ္မတ အရည်အချင်းဆိုင်ရာ ပြဌာန်းချက် ဖြစ်သည်။ လက်ရှိ ဖွဲ့စည်းပုံအရ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ငြိစွန်းနေသည်မှာ နိုင်ငံခြား တိုင်းပြည်တခုခုတွင် နေထိုင်၊ လုပ် ကိုင်၊ နိုင်ငံခြားသားအဖြစ် ခံယူထားသည့် သား၊ သမီး ရှိပါက သမ္မတဖြစ်ခွင့် မရှိဆိုသည့်အချက်ဖြစ်နေပြီး အခြား ပြဿနာမှာ သမ္မတတွင် စစ်ရေး အမြင်ရှိရမည်ဆိုသည့်အချက်ဖြစ်ကြောင်း ရန်ကုန် မြို့က ရှေ့နေကြီး ဦးအောင်သိန်းကလည်း ပြောသည်။
သမ္မတဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၃ ပါ ပုဒ်မ ၅၉၊ ၆၀ တို့ကိုပြင်ဆင်လိုပါက အခန်း ၁၂၊ ပုဒ်မ ၄၃၆ တွင် ပြဌာန်းထားသည့်အတိုင်း လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူရမည်ဖြစ်ပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲရရမည်ဖြစ်သည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခန်း ၁၂ ကို ဦးစွာ ပြင်ဆင်ရေးသည်လည်း လွှတ်တော်တွင်း ၇၅ ရာခိုင်နှုန်းကျော်သာမက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှ မဲပေးနိုင်သူများ၊ မဲပေးသူ များ၏ ထက်ဝက်ကျော် ထောက်ခံ မှု ရရန်လိုအပ်သည်။
“ဖွဲ့စည်းပုံ ပြင်ရေးကို သူတို့က တမင်ကို ခက်ခဲအောင် လုပ်ထားတာ” ဟု ရှေ့နေကြီး ဦးအောင်သိန်းက ဆိုသည်။
ဦးသိန်းညွှန့်ကလည်း “အခန်း ၃ ၊ ပုဒ်မ ၅၉ မှာ ပြဌာန်းထားတဲ့ နိုင်ငံတော် သမ္မတ အရည်အချင်းများနဲ့ ကိုက်ညီမှသာလျှင် သမ္မတဖြစ်မှာကိုး၊ အခုပဲ ကျနော်တို့ ဒုတိယ သမ္မတ အဖြစ်တင်တဲ့အခါမှာ အတင်ခံရတဲ့ ပုဂ္ဂိုလ်ရဲ့ သားမက်ဟာ မြန်မာနိုင်ငံမှာမွေးတာပဲ၊ ဒါပေမယ့် သြစတြေးလျ နိုင်ငံသားဖြစ်နေတော့ ဒု သမ္မတလောင်းကို အစားထိုးရတယ်လေ” ဟု ဆိုသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ဒေါ်အောင်ဆန်းစုကြည်တို့အနေဖြင့် လွှတ်တော်တွင် ကြိုးစား စည်းရုံးသွားရန် နှင့် ပြည်သူလူထု ထောက်ခံမှုရှိရန် လိုအပ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီအထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။
“လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေအရတော့ ဒါ ငြိနေ တာပေါ့။ ဒါပြင်ဖို့ဆိုတာကတော့ အကျိုးသင့် အကြောင်းသင့်နဲ့ ဒါ သူတို့ ကြိုးစားရမှာပေါ့။ လွှတ်တော်ထဲမှာ ကြိုးစားမယ်ဆိုရင် ပြင်မယ်ဆိုရင်တော့ ဖြစ်နိုင်တာပေါ့။ လူထုရဲ့ ထောက် ခံမှု ရတယ်။ ထောက်ခံမှု ရတဲ့အပေါ် မူတည်ပြီးတော့မှ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်နိုင်တဲ့ ပုဂ္ဂိုလ်တွေကလည်းပဲ လွှတ်တော်ကိုယ်စားလှယ်တွေပေါ့။ သူတို့ကလည်း ဒီ ဥစ္စာကို ပြင်သင့်တယ်လို့ သူတို့ ဒီလို ယူဆလို့ တင်ပြတယ် ဆို ရင် မဲခွဲလို့လည်း ပြင်လို့ ရတယ်ဆိုရင် ဒါ ဖြစ်ချင်ဖြစ်မှာပေါ့” ဟု ဦးဌေးဦးက ဧရာဝတီကိုပြောသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ပြည်သူလူထု ထောက်ခံမှုသည် အရေးအကြီးဆုံးဖြစ်ကြောင်း၊ တဦးတယောက် တည်း ဖွဲ့စည်းပုံကို ပြင်ဆင်၍ မရနိုင်ကြောင်း၊ ပြည်သူလူထုက လိုလားလျှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတ ဖြစ်နိုင်ကြောင်း၊ သမ္မတ ဦးသိန်းစိန်ကလည်း အမေရိကားခရီးစဉ်တွင် ပြောဆိုထားသည်။
အောက်တိုဘာလ ၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးပါတီတခု၏ ခေါင်းဆောင် တဦးအနေဖြင့် ပြည်သူလူထု လိုလားလျှင် သမ္မတအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို ဆက်လက် ကြိုးပမ်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောဆိုသည်။
“ကျမက နိုင်ငံရေး ပါတီတခုရဲ့ ခေါင်းဆောင်ပဲ။ နိုင်ငံရေးပါတီ တခုရဲ့ ခေါင်းဆောင် ဆိုမှတော့ သမ္မတလည်း လုပ်ရဲ တဲ့ သတ္တိရှိရမယ်။ ပြည်သူလူထု လိုလားရင် လုပ်မှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး “ကျမ သမ္မတဖြစ်ရေး ကိစ္စတင် မဟုတ်ပါဘူး၊ တခြားဟာတွေလည်း ပြင်စရာ လိုပါတယ်” ဟုလည်း ဆိုသည်။
လက်ရှိ နိုင်ငံရေး အပြောင်းအ လဲတွင် တပ်မတော်၏ အနေ အထားမှာ ဒီမိုကရေစီ အနည်းငယ်ဆန်လာပြီဟု ပြောဆိုခဲ့ပြီး မကြာသေးမီကလည်း လွှတ်တော်တွင်း လူများစု ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်တို့နှင့် လက်တွဲကာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ဖွဲ့ စည်းပုံပြင်ဆင်ရေး ဆက်လက်ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း ပြောခဲ့ပြီးဖြစ်သည်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတတဦးအဖြစ်ရွေးချယ်မှုမှာ သမ္မတလောင်း ၃ ဦးကို ပြည်သူ့လွှတ် တော်မှ တဦး၊ အမျိုးသား လွှတ်တော်မှ တဦး နှင့် တပ်မတော်သား ကိုယ်စားလှယ် တဦး၊ အသီးသီး ရွေးချယ်ရမည် ဖြစ်သည်။ ထို့နောက် အဆိုပါ ၃ ဦးထဲမှ တဦးကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် ပူးပေါင်းထားသည့် ပြည်ထောင်စု လွှတ်တော်တို့မှ သမ္မတအဖြစ် အတည်ပြု ရွေးချယ်ခန့်ထားပြီး ကျန် ၂ ဦးသည် ဒုသမ္မတများအဖြစ် ခန့် ထားသော စနစ်ကိုပြဌာန်းထားသည်။