ရခိုင်ပြည်နယ်နှင့် မြန်မာပြည်တွင် OIC ရုံးဖွင့်ခြင်းကို မလိုလားသည့် အတွက် စစ်တွေ ဒေသခံ အမျိုးသမီးများ ထောင်ချီ၍ ယနေ့ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
စစ်တွေဒေသခံ ရခိုင်အမျိုးသမီးများဦးဆောင်ပြီး လူဦးရေထောင်ချီ၍ စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံမှ မြို့တွင်းလှည့်လည်ကာ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးသို့ ချီတက်ပြီး OIC အလိုမရှိ၊ အမျိုးသမီးတို့၏ ဘဝလုံခြုံရေး၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကိုလေးစား လိုက်နာရေး စသည့်အချက် ၆ ချက်ကို ဆန္ဒထုတ် ဖော် ခဲ့ကြောင်း ဦးဆောင်သူ ဒေါ်ညိုအေး က ပြောသည်။
“Get Out OIC” ဆိုသည့် အချက်နှင့် တချို့သော အချက်များကို ထုတ်ပြန်ကြေညာချက်တွင် အာဏာပိုင်တို့က ပယ်ဖျက်လိုက်ကြောင်း၊ သို့သော်ထိုစာတမ်းပါ တီရှပ်အကျီများကို ဝတ်ဆင်၍ မိုးရေထဲ၌ လမ်းလျှောက်ခဲ့ကြကြောင်း၊ အမျိုးသမီးများ အပြင် မြို့ခံအများအပြား ပါဝင်ပူးပေါင်းကြောင်း ၎င်း က ဆိုသည်။
ဆန္ဒထုတ်ဖော်ရခြင်း ရည်ရွယ်ချက်၌ ရခိုင်ပြည်တွင်းရှိ ရခိုင်နှင့်တခြား တိုင်းရင်းသားလူမျိုးများနှင့် မွတ် စလင်များ အကြားအတူတကွ နေထိုင်ရန် လက်ရှိအခြေအနေအရ လုံး၀ မဖြစ်နိုင်ကြောင်း၊ ၎င်းတို့ရှိနေသမျှကာလတွင် ရခိုင်ပြည် တွင်းနေ ထိုင်သော မြန်မာအမျိုးသမီးတို့၏ ဘ၀ လုံခြုံမှုအတွက် စိတ်မချရသည့်အတွက် ဆန္ဒထုတ်ဖော်ရခြင်းဟု ဆိုသည်။
“ရခိုင်ဒေသမှာ ဖြစ်သွားတဲ့ ကိစ္စတွေကြောင့် အဓိက ခံစားရသူတွေက အမျိုးသမီးတွေပါ၊ သူတို့တွေရဲ့ ဦးတည်ချက်တွေက လည်းပဲ အမျိုးသမီးတွေကိုပဲ ပစ်မှတ်ထားတယ်၊ ပြီးရင် အမျိုးဘာသာ၊ သာသနာကို ပစ်မှတ်ထားတဲ့အတွက် အခုလို ဆန္ဒဖော် ထုတ်ရတာပါ”ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင်သူ မမာမာကျော်ဇော က ပြောသည်။
ရခိုင်ပြည်နယ်၊ အစိုးရအဖွဲ့၏ သတင်းပြန်ကြားရေးအဖွဲ့တာဝန်ခံ ဦးဝင်းမြိုင်က ပြောဆိုရာတွင် ၎င်းတို့အနေဖြင့် ကန့်သတ်မှု မ ရှိကြောင်း၊ သို့သော် မသင့်တော်ဟု ယူဆရသော စာသားတချို့ကို ပယ်ဖျက်လိုက်ကြောင်း ဧရာဝတီ ကိုပြော သည်။
“စစ်တွေမှာ OIC ရုံးဖွင့်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရက ဘာမှမသိသေးပါဘူး၊ ဒီကိစ္စကလည်းပဲ ပြည်သူတွေရဲ့ ဆန ္ဒမပါရင်လုပ်လို့မရပါဘူး၊ အားလုံးနဲ့ညှိနှှိုင်းပြီးမှ လုပ်လို့ရမယ့်ကိစ္စပါ”ဟု ၎င်း က ဆိုသည်။
မြန်မာနိုင်ငံတွင်း OIC ဝင်ရောက် ရုံးဖွင့်မည်ဟု သတင်းများထွက်ပေါ်နေခြင်းသည် ပြည်ထောင်စု အစိုးရ၏ နယ်စပ်ဝန်ကြီးနှင့် OIC တို့အကြား သဘောတူညီမှုသာ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် မည်သည့် အကြောင်းအရာကိုမှ မ သိရှိသေးဟု လည်း ဦးဝင်းမြိုင် ကဆိုသည်။
အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအသင်း OIC အဖွဲ့သည် အစ္စလာမ်နိုင်ငံ ၅၇ ခုအား ကိုယ်စားပြုဖွဲ့သည့် အဖွဲ့တခုဖြစ် သည်။
ဆော်ဒီအာရေဗျ နိုင်ငံအခြေစိုက် OIC အတွင်းရေးမှူးချုပ်သည် ရခိုင်ဒေသတွင်း ပဋိပက္ခများ ဖြစ်ပွားပြီး နောက် ရခိုင်ပြည်သို့ သွားရောက် ခဲ့ပြီး မြန်မာ-OIC ပူးပေါင်းရေး ကိစ္စအား နယ်စပ် ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့်နားလည်မှု စာချွန် လွှာကို စက်တင်ဘာလ ၁၁ ရက်နေ့တွင် လက်မှတ်ရေးထိုးထားကြောင်း ဘီဘီစီ မြန်မာပိုင်းတွင် ရေးသားထားသည်။
OIC ရုံးချုပ်ကို ရန်ကုန်တွင် ထားရှိမည်ဖြစ်ပြီး၊ ကူညီထောက်ပံံ့ရေးနှင့်တခြား ကိစ္စများအတွက် ရုံးခွဲတခုကို စစ်တွေမြို့တွင် ထားရှိမည်ဖြစ်ကြောင်း၊ ထိုရုံးများကို မကြာမီ ဖွင့်လှစ်သွားရန် ရှိကြောင်း OIC အဖွဲ့ဝင် တဦးကို ကိုးကား၍ ဘီဘီစီ က ရေး သားထားသည်။
ထိုကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ရုံးသို့ ဧရာဝတီ က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုခြင်း မရှိပေ။
OIC ရုံးဖွင့်လှစ်ရေး ကိစ္စအပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းနေထိုင်ကြသည့် ဗုဒ္ဓဘာသာဝင်များအား ကာကွယ်ပေးရေး၊ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရေးအတွက် စစ်တွေမြို့မှ မွတ်စလင်အများစု နေထိုင်သည့် အင်ဘာလာ (အောင်မင်္ဂလာ) ရပ်ကွက်အား မြို့ပြင် ပြောင်းရွှေ့ပေးရေး၊ ရခိုင်ဒေသရှိ ဘင်္ဂါလီများနှင့် ပတ်သက်၍ သမ္မတ ပြောဆိုချက်အား ထောက်ခံကြောင်း စသည့် အချက် ၅ ချက်ကို သံဃာတော်များက စစ်တွေမြို့၌ ယမန်နေ့က တောင်းဆိုခဲ့ကြသည်။
ဆရာတော်၊ သံဃာတော်များနှင့်အတူ ထောင်ချီသည့် စစ်တွေဒေသခံများ ကလည်း ပါဝင်ပူးပေါင်း၍ ဘင်္ဂလားဒေ့ရှ် ကောင်စစ် ဝန်ရုံးသို့ ချီတက်လမ်းလျှောက်ကာ တောင်းဆိုချက်များကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ လုံခြုံရေးများ ထူထပ်စွာ ချထားခဲ့သော် လည်း တစုံတရာ နှောင့်ယှက် ဟန့်တားမှု မရှိဟု သိရသည်။