၂၀၁၅ ရွေးကောက် ပွဲသည် ၎င်းတို့ပါတီ အပါအဝင် ယှဉ်ပြိုင်ရွေးကောက်ခံမည့် ပါတီတိုင်းအတွက် စိန်ခေါ်မှုပြင်းထန် လာလိမ့် မည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေးပါတီ) အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ထုတ်ဖော်ပြောဆို လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရပါတီ များလည်း ဝင်ရောက်လာပြီဖြစ်သဖြင့် ၂၀၁၅ ရွေးကောက်ပွဲယှဉ်ပြိုင်ရန် စိန်ခေါ်မှုများ ပိုမိုပြင်းထန်လာနိုင်ခြင်း ဖြစ်သည်ဟု ဆို သည်။
“ပါတီတိုင်းက လုပ်ကြမှာပါပဲ၊ သူတို့ကို လူထုကနေပြီးတော့မှ ယုံလာအောင်၊ သူတို့ရဲ့ အယူအဆတွေကို လက်ခံလာအောင် ပါတီ တိုင်းကလုပ်ကြမှာပါပဲ၊ ကျနော်တို့လည်း လုပ်ပါ့မယ်၊ ဒီအပေါ် မူတည် ပြီးတော့မှ ကျနော်တို့ ဖြစ်ခဲ့တဲ့ အားနည်းချက်တွေပေါ်မှာ အခြေခံပြီး ပြန်ပြင်ရမှာပေါ့၊ အဓိက ကတော့ ပြည်သူကိုစည်းရုံးမှု၊ ယုံကြည်မှုပါပဲ”ဟု ဦးဌေးဦး က ဧရာဝတီသို့ ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲ၌ လွှတ်တော် ၃ ရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ နေရာအနက် ကြံ့ခိုင်ရေး ပါတီက ၈၈၂ နေရာ(၇၆.၅ ရာခိုင်နှုန်း) ကို အငြင်းပွားဖွယ်ရာ မဲရလဒ်များဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒ ၈၂ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့သော NLD နှင့် အထင်ကရ တိုင်းရင်းသား ပါတီကြီး များဖြစ်ကြ သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီတို့လည်း ဝင်ရောက်လာပြီဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ အမြင်ပြောရမယ်ဆိုရင်တော့ ကောင်းတာတွေပြိုင်ရင် လူထုအတွက် ပိုကောင်းတာပေါ့ဗျာ၊ အဲဒီထဲက အကောင်းဆုံး ကို လူထုက ရွေးပါလိမ့်မယ်၊ ကျနော်တို့က အရင်ကလည်း ပြောပြီးသားပဲ၊ ကျေကျေနပ်နပ်နဲ့ လူထုအဆုံးအဖြတ်ကို ခံယူမယ်လို့ ကျနော် ဒီလိုပဲ ပြောပါတယ်၊ ဒါ ပါတီ တခုလုံးရဲ့ သဘောထားပါပဲ”ဟု ဦးဌေးဦး က ဆက်ပြောသည်။
ကြံ့ခိုင်ရေးပါတီက ၂၀၁၂ ဧပြီလ ၁ ရက်နေ့က ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင်မူ နေရာအများစု အနိုင်ရရှိမည်ဟု မူလ က မျှော်လင့်ခဲ့သော်လည်း ဝင်ရောက် ရွေးချယ်ခံခဲ့သည့် မဲဆန္ဒနယ် ၄၄ နေရာအနက် NLD ယှဉ်ပြိုင်ခွင့် မရသည့် တနေရာ၌သာ အနိုင် ရရှိခဲ့သည်။
ထို့နောက် ပါတီတွင်းအားနည်းချက်၊ အားသာချက်များကို ချိန်ညှိကာ နေရာအဆင့်ဆင့်တိုင်းတွင် ပြင်ဆင်မှုများ၊ ပါတီ ကျစ်လျစ် ရေး အတွက် လုပ်ဆောင်လာခဲ့ပြီး ယခုအခါ ပါတီ ညီလာခံခေါ်ယူနေပြီဖြစ်ပြီး ပြည်နယ်အဆင့်မှ တိုင်းအဆင့်ထိ လုပ်ဆောင်ပြီးနေပြီဖြစ်ရာ ဗဟို အဆင့်ကို ယခုလ ၁၇ ရက် နေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ညီလာခံမှ မျက်နှာသစ် ခေါင်းဆောင်များလည်း ပေါ်ထွက်လာမည်ဖြစ်ကြောင်း၊ ထို့အပြင်လစ်လပ်နေသော ကြံ့ခိုင်ရေး ပါတီ ဥက္ကဋ္ဌ နေရာသည်လည်း ညီလာခံအပြီးတွင် ပေါ်ထွက်လာမည်ဖြစ်ကြောင်း သိရသည်။ ယခင် ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဋ္ဌ မှာ လက်ရှိ အစိုးရ၏သမ္မတ ဦးသိန်းစိန် ဖြစ်သည်။
၂၀၁၅ အတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် လူထုစည်းရုံးရေး သင်တန်းများ ပို့ချပေးနေကြောင်း သိရသည်။ ထိုသင်တန်းများကို ပြည် နယ်နှင့်တိုင်းများရှိ ပါတီဝင်များအတွက် ပို့ချပေးနေခြင်းဖြစ်ပြီး သင်တန်း တခုကို ၂ ပတ်ကြာမြင့်ကြောင်း ကြံ့ခိုင်ရေးပါတီထံမှ သိရ သည်။
ထို့အပြင် တံတားများဆောက်ပေးခြင်း၊ အခမဲ့ဆေးခန်းများ ဖွင့်ပေးခြင်း၊ ရေသန့်စက်များ လှူဒါန်းခြင်း၊ ပညာရေး အထောက်အကူ ပစ္စည်းများ ပေးခြင်းနှင့် မြို့နယ် အလိုက် ပညာထူးချွန်သူများကို ဆုချီးမြှင့်ခြင်းများ လုပ်ဆောင်ပေးနေသည်ဟု ဆိုသည်။
ကြံ့ခိုင်ရေးပါတီ၏ အဓိကပြိုင်ဘက် ဖြစ်မည့် NLD ကလည်း၂၀၁၅ အတွက် ကြိုတင်ပြင်ဆင်မှု အဖြစ် နိုင်ငံလုံးဆိုင်ရာ ပါတီ ညီလာခံ ကျင်းပလျှက် ရှိသည်။ အဆိုပါညီလာခံကို ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်းနှင့် ဗဟိုအဆင့်များကို အဆင့်ဆင့်ရွေးချယ် တင်မြှောက်ကြမည်ဟု NLD ခေါင်းဆောင်များက ပြောသည်။
စတင် တည်ထောင်သည့် ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်း အမည်ခံထားသည့် ကြံ့ခိုင်ရေးပါတီသည် စစ်အစိုးရ ကျောထောက် နောက်ခံဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး ပါတီအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ပါတီ အဖြစ် မပြောင်းလဲမီ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက နာယက တာဝန်ယူ သကဲ့သို့ စစ်တပ် ထိပ်ပိုင်း အရာရှိများဖြင့် ဦးဆောင် လာခဲ့သည့် ပါတီ ဖြစ်သည်။
လက်ရှိတွင် ကြံ့ခိုင်ရေးပါတီကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က ယာယီ ဥက္ကဌ၊ လွှတ်တော်အမတ် ဦးဌေးဦးက အထွေထွေ အတွင်းရေးမှူး တာဝန်ယူ၍ ဦးဆောင်နေသည်။