မန္တလေးမြို့တွင် ပြီးခဲ့သည့် ဆန္ဒပြမှုများအပေါ် တရားစွဲမှု၊ ဖမ်းဆီးမှုများ ဖြစ်ပေါ်လာပြီးနောက် မန္တလေးတိုင်းတွင် တရားဥပဒေစိုးမိုးမှု အားနည်းနေသေးပြီး ဥပဒေပိုင်းတွင် အုပ်ချုပ်သူ အာဏာပိုင်များက ဝင်ရောက်စွက်ဖက်မှုများ ရှိနေသေးကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီမှ ဦးသိန်းညွန့်က ပြောဆိုလိုက်သည်။
“တရားဥပဒေစိုးမိုးမှုမှာ အုပ်ချုပ်သူ အာဏာပိုင်တွေက ဝင်ရောက်စွက်ဖက်နေတာကိုတော့ ကျနော်မကြိုက်ဘူးဗျာ။ မန္တလေးပိုင်းမှာ တရားဥပဒေစီရင်မှု အားနည်းနေသေးတယ်ဆိုတာ အသေချာပါပဲ။ အခုထိတော့ မန္တလေးဆင်းပြီး မလေ့လာရသေးပါဘူး။ လေ့လာမှု အပိုင်းတွေ လုပ်သွားမှာပါ” ဟု ဦးသိန်းညွန့်က ဧရာဝတီကို ပြောသည်။
ယခုနှစ် မေလ တတိယပတ်တွင် မန္တလေးမြို့၌ လျှပ်စစ်မီး ရရှိရေး ဖယောင်းတိုင်ထွန်း စီတန်းလှည့်လည်ဆန္ဒပြသူ တထောင်ကျော်ထဲမှ ၃ ဦးကို ဆွဲထုတ်ပြီး ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်းတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ရဲအရေးပိုင်မှုဖြင့် တရားစွဲလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၂၁ ၇က်နေ့ ဖယောင်းတိုင် ဆန္ဒပြမှုဖြစ်ပွားသည့် နေ့မှာပင် တိုင်းလျှပ်စစ်ဝန်ကြီးက ဆန္ဒပြသူများကို တရားစွဲဆိုခြင်း မပြုလုပ်ပါဟု မီဒီယာများကို ပြောဆိုခဲ့သည်။ သို့သော် ၅ လကျော် ကြာပြီးနောက် အောက်တိုဘာလ ပထမပတ်မှ စတင်ပြီး ဆန္ဒပြသူတချို့ကို အမှတ် (၈) ရဲစခန်းက တရားစွဲဆို စစ်ဆေးမှုများ ပြုလုပ်လျှက် ရှိသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ရှေ့နေတဦးလည်း ဖြစ်သူ ဦးသိန်းညွန့်က “နည်းဥပဒေမထွက်ခင်က ဖြစ်တဲ့ကိစ္စဆိုရင်တော့ နှစ်ဖက်လုံးမှာ တာဝန်ရှိပါတယ်။ နှစ်ဖက်လုံး သေသေချာချာ လုပ်သင့်ပါတယ်။ ကျနော့်အမြင်အရ ပြောရမယ်ဆိုရင် တရားစွဲဆိုလို့ ပြစ်ဒဏ်ချမှတ်မယ် ဆိုရင်လည်း ငွေဒဏ်လောက်သာ ချမှတ်သင့်ပါတယ်” ဟု ပြောသည်။
ဖယောင်းတိုင် ထွန်း၍ လူစုလူဝေးဖြင့် စီတန်းလှည့်လည်မှုတွင် တရားစွဲခံရသူ ၃ ဦးမှာ ဦးမင်းထက်ငြိမ်းချမ်း၊ ဒေါ်အမာနီနှင့် ဒေါ်ခင်သန်းမြင့်တို့ ဖြစ်သည်။ ထို့အပြင် နောက်ထပ် ၁၇ ဦးကိုလည်း တရားစွဲဆိုရန် စာရင်းထုတ်ထားကြောင်း သိရသည်။
‘‘ကျနော် အခုထိတော့ အမှတ် (၈) ရဲစခန်းကို မသွားရသေးပါဘူး။ လူကလည်း ဖျားနေသေးတော့။ ဒီကိစ္စ စီတန်းလှည့်လည်ခွင့် ဥပဒေ မထွက်ရသေးခင်က ဖြစ်ခဲ့တဲ့ကိစ္စပါ။ အခုဖြစ်ပြီးတဲ့ ၅ လကျော်မှ တရားပြန်စွဲတယ်ဆိုတာ မဖြစ်သင့်ပါဘူး” ဟု ဦးမင်းထက်ငြိမ်းချမ်းက ဧရာဝတီသို့ ပြောသည်။
ခေါင်းဆောင်ဟု ယူဆရသည့်အကြောင်းရင်းမှာ ယင်းဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့်သူများကို ရဲမှ ရိုက်ကူးထားသည့် ဓာတ်ပုံများတွင် ပါဝင်ခြင်း၊ ဗီဒီယိုဖိုင်များတွင် ပါဝင်ခြင်းများကြောင့် ခေါင်းဆောင်အဖြစ် တရားလိုပြုလုပ် တရားစွဲခြင်းဖြစ်ကြောင်း ဒေါ်အမာနီက ပြောသည်။
“ကျမဆီကို ရဲနဲ့ ရယကလူကြီးတွေ လာတယ်။ ဆန္ဒပြတဲ့ ခေါင်းဆောင်ဆိုပြီး ပြောတယ်။ ကျမက ဘာကြောင့်လဲလို့ မေးတော့ ဆန္ဒပြတဲ့နေ့က ရိုက်ထားတဲ့ ဓာတ်ပုံတွေ ထုတ်ပြပါတယ်” ဟု ဒေါ်အမာနီက ဆိုသည်။
ပွင့်လင်းမြင်သာသော ခေတ်အခြေနေတွင် ယင်းကဲ့သို့ နိုင်ငံရေးသဘောတရားအရ ဦးဆောင်လှုပ်ရှားသူများကို ဖမ်းဆီးခြင်းများ မရှိသင့်တော့ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) မှ အရာရှိတဦးဖြစ်သူ ဦးချစ်တင်က ပြောသည်။
“မန္တလေးမှာ လူ့အခွင့်ရေး ဆုံးရှုံးမှုတွေ များနေတယ်။ လူ့အခွင့်ရေး လှုပ်ရှားတဲ့လူတွေကို ဒီလို ဥပဒေတွေအကြောင်းပြပြီး ဖမ်းဆီးထားတယ် ဆိုတာမျိုး မဖြစ်သင့်ပါဘူး” ဟု ၎င်းက ဖုန်းနှင့် ဖြေကြားခဲ့သည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကိုင်းတန်းဈေး မပြောင်းရွှေ့ရေး ဆန္ဒပြမှုတွင် ဈေးသူဈေးသားများဘက်မှ ILO အနေဖြင့် ဝင်ရောက်ကူညီ ဦးဆောင်ခဲ့သူ ကိုအေးသိန်းကိုလည်း ဖမ်းဆီးထားပြီး တရားရုံးတွင် ၅၀၅ (ခ) ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိသည်။ အာမခံရရှိရန် ကြိုးစားသော်လည်း ရုံးချိန်းရက်များကို အမျိုးမျိုးပြောင်းရွှေ့လျက် ရှိနေကြောင်း၊ ဥပဒေအရာရှိများအပေါ် ဖိအားပေးမှုများ ရှိနေသည်ဟု သိရကြောင်း အာမခံရရှိရေး လိုက်လံဆောင်ရွက်ပေးသူ ကိုစိုးနိုင်က ပြောသည်။
“သူအာမခံအတွက် ဆုံးဖြတ်မယ့် ရုံးချိန်းရက်တွေဆို တရားသူကြီးက ထပ်ပြီး ရုံးချိန်းတွေ ပြောင်းပြောင်းပစ်တယ်။ ကျနော်တို့ အဲဒီလို နေ့တွေဆိုရင် တချိန်လုံး အချိန်ကုန်ခံပြီး စောင့်နေပေမယ့်လည်း နောက်ရက်ပဲ ရက်ပြောင်းပစ်လိုက်တယ်” ဟု ကိုစိုးနိုင်က ပြောသည်။
ကိုင်းတန်းဈေး မပြောင်းရွှေ့ရေး ဆန္ဒပြပွဲတွင် ကိုအေးသိန်းနှင့်အတူ ဦးဆောင်လှုပ်ရှားသူ ၅ ဦးကို ပုဒ်မ (၁၈) ဖြင့် တရားစွဲဆိုထားပြီး ယင်းထဲမှ တဦးကို တရားခံပြေးအဖြစ် ကြေညာထားသည်။
“တရားဥပဒေဆိုတာ အုပ်ချုပ်သူ အာဏာပိုင်တွေ ကိုယ်တိုင်က လိုက်နာဖို့လည်းလိုသလို ပြည်သူတွေကိုလည်း အသိပေးတာတွေ၊ သတိပေးတာတွေ လက်တလောမှာ လုပ်သင့်ပါသေးတယ်။ အခုချိန်က ဥပဒေစိုးမိုးမှုဆိုတာထက် ပြည်သူတွေက ဥပဒေကို မသိကြတာ များနေပါသေးတယ်။ စပ်ကူးမတ်ကူးအချိန်ဆိုတော့ အုပ်ချုပ်သူအာဏာပိုင်တွေက ဥပဒေကို အကြောင်းပြုပြီး ပြည်သူကို ဥပဒေနဲ့ ဖမ်းချုပ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ အုပ်ချုပ်သူ အာဏာပိုင်တွေက တကယ်ပဲ ဥပဒေစိုးမိုးမှု လုပ်တော့မယ်ဆိုရင် အုပ်ချုပ်သူနဲ့ တရားစီရင်ရေးကို သီးခြားစီ ထားသင့်ပါတယ်။ အခုတော့ အားလုံးက ရောနေတော့ တရားစီရင်ရေးမှာ အုပ်ချုပ်သူ အာဏာပိုင်တွေက နောက်ကွယ်ကနေ ကြိုးကိုင်တာတွေ ရှိနေပါသေးတယ်” ဟု ကိုအေးသိန်း အာမခံရရေးအတွက် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်သူ ဦးမြင့်သွင်က ပြောသည်။