ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်အတွင်းရှိ ဂျုံးဂျုံးကျ အင်း တွင် ကျားပိုက်များချကာ ရေပိတ်ထားခြင်းကြောင့် အင်း ဝန်းကျင် လယ် ဧက ၆၀၀၀ ကျော်မှာ စပါးမစိုက်ပျိုးနိုင် ဖြစ်နေကြောင်း သိရသည်။
ရေကျနောက်စိုက် လယ်ယာများ စိုက်ပျိုးချိန် ရောက်ရှိနေသော်လည်း ဂျုံးဂျံးကျအင်း အနီးရှိ ဝက်ချောင်း၊ ကျောင်းအိုင်နှင့် အစုကြီး ကျေးရွာ အုပ်စုတို့မှ လယ်သမားများမှာ စပါးများ ရေမြုပ်ဆုံးရှုံးမည်ကို စိုးရိမ်၍ မစိုက်ပျိုးရဲဘဲ ဖြစ်နေကြသည်။
“သူတို့က အင်းထဲမှာ ယိုင်တွေ ထရံတွေ ပိတ်ဆို့ပြီး ရေကယ်တယ်။ ချောင်းထဲကို မြေအိတ်တွေချပြီး ရေကယ်တဲ့အတွက် ရေက တအား များတယ်။ တောင်သူတွေက ရှိတဲ့ မျိုးစပါးတွေကို အင်းဂရန်ကြောင့် မစိုက်ပျိုးရဲဘူး။ ဒီချောင်းကိုပိတ်ပြီး ငါးဖမ်းနေလို့က တော့ လုံး၀ မစိုက်ပျိုးဘူး။ ဒီအတိုင်းပဲ ထားမှာ။ စိုက်လည်း ရေမြုပ်ဆုံးရှုံးမှာပဲ ဆိုတော့ မစိုက်တော့ဘူး”ဟု ကျောင်းအိုင် ကျေးရွာအုပ်စု ပျော်ဘွယ်ကုန်းရွာမှ လယ်သမား ဦးကြည်လွင်က ဧရာဝတီ ကို ပြောသည်။
ဂျုံးဂျုံးကျ အင်းမှာ ကျောင်းကုန်းမြို့နယ် ကော့သလိုင်ရွာနှင့် ရွှေလှေရွာအထိ ၁၁ မိုင် ၆ ဖာလုံ ရှည်လျားသည့် ဂျုံးဂျုံးကျချောင်းကို အင်းအဖြစ် သတ်မှတ်၍ မိုးကောင်းဘုရားကြီးပြုပြင်ရေး ရန်ပုံငွေအဖြစ် ၁၉၈၈ ခုနှစ်က စတင်ကာ ငါးဖမ်းခွင့် ချထားပေးခြင်းဖြစ်ပြီး အင်းသူကြီး ဦးစိုးအောင်က ဆက်တိုက် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
ယင်း အင်းအတွင်း ကျားပိုက် ၂ ခုချကာ ရေစီးကြောင်းပိတ်ဆို့ ငါးဖမ်းနေမှုကြောင့် နှစ်စဉ် လယ်ယာများ ရေနစ်မြုပ် ဆုံးရှုံးခဲ့ရသည် ဟု လယ်သမားများ က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ်လများအတွင်း ဧရာဝတီတိုင်း၌ ရေကြီးနစ်မြုပ်ခဲ့ပြီးနောက် ရေပြန်ကျချိန်တွင် အင်း ပိတ်ထားသည့် အတွက် ရေပြန်ကျမှုနှေးကွေးကာ လယ်ဧက ၂၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း အစုကြီးကျေးရွာအုပ်စု ကွင်းစုကျေးရွာမှ လယ်သမား ဦးရွှေမောင်က ပြောသည်။
“ရေကျတဲ့အချိန်မှာ ပိတ်ထားတဲ့အတွက် ရေကျမမြန်တော့ စပါးပင်တွေက မသေသင့်ဘဲနဲ့ သေရတယ်။ ကျနော့် လယ်ဧက ၂၀ ဆို စပါး တစိမှကို မရဘူး။ အကုန်ကုန်တာပဲ”ဟု သူက ပြောသည်။
အလားတူပင် ရေကြည်မြို့နယ် ကွင်းကြီး သခွတ်ကုန်း ကျေးရွာအုပ်စုရှိ တာကျင်းကြီး ရေမြောင်းနှင့် မီးရထားလမ်း ခုံးကျော်တံတား ပေါက်များကို ပိတ်ဆို့ ငါးဖမ်းနေသည့်အတွက် သခွတ်ကုန်း၊ ဝက်ရုပ်၊ ကွင်းသုံးဆင့် စသည့် ကျေးရွာအုပ်စုများမှ လယ် သမား များမှာ စပါးမစိုက်ရဲဘဲ ဖြစ်နေကြကြောင်း သိရသည်။
“စပါးတွေက စိုက်ချိန်တန်နေပြီ။ မိုးပြန်ရွာရင် ရေတက်မြုပ်မှာမို့လို့ မစိုက်ရဲကြဘူး။ မျိုးစပါးထောက်ပံ့တာတွေ ရတယ်။ တဧက ၁ တင်း က မလုံလောက်ဘူး။ တဧကကို အနည်းဆုံး ၂ တင်း လိုတယ်။ အပြင်မှာ ၁ တင်း သပ်သပ် ထပ်ဝယ်ရတယ်။ အဲဒီဟာ ပိတ် ထားတဲ့အတွက် ကျနော်တို့ကို ပေးထားတဲ့ မျိုးစပါးတွေ ပက်ချလိုက်လို့ မိုးရွာလို့ ပြန်မြုပ်ရင် နောက်ထပ် ကျနော်တို့ ဝယ်စရာ လည်း မရှိတော့ဘူး”ဟု ဝက်ရုပ် ကျေးရွာမှ လယ်သမား ကိုမျိုးမြင့် က ပြောသည်။
ယင်း ကျေးရွာအုပ်စု ၃ စုတွင် လယ်ဧက ၁၀၀၀ ကျော်ရှိသည့်အနက် ကုန်းပေါ်သည့် လယ်ဧက ၄၀၀ ခန့်သာ စိုက်ပျိုးထားပြီး ကျန် ဧက ၆၀၀ ကျော်မှာ လုံးဝစိုက်ပျိုးနိုင်ခြင်း မရှိသေးကြောင်း လယ်သမားများက ပြောသည်။
ရေကျနောက်စိုက် စပါးကို စက်တင်ဘာလကုန် အောက်တိုဘာလဆန်းပိုင်းက စတင် စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလကုန် မတ်လဆန်းပိုင်းတွင် ရိတ်သိမ်းလေ့ ရှိသည်။
ယင်းသို့ ရေစီးကြောင်းပိတ်ဆို့၍ ငါးဖမ်းမှုများကြောင့် ရေကျနောက်ကျကာ စိုက်ပျိုးချိန်မမီခြင်း၊ စပါးအထွက်နှုန်း မကောင်းဘဲ အဖျင်း များခြင်း၊ စိုက်ချိန်နောက်ကျသည့်အတွက် နောက်မိုးနှင့် သွားရောက်ထိစပ်၍ စပါးများပျက်စီးဆုံးရှုံးရခြင်းတို့ ကြုံတွေ့နေရကြောင်း လယ်သမားများက ပြောသည်။

ထိုသို့ကြုံတွေ့နေမှုများအား လယ်သမားများက တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဌာနသို့ ယခုလ ပထမပတ် အတွင်းက လက်မှတ်ရေးထိုး တိုင်ကြားထားပြီး ဂျုံးဂျံးကျအင်း ကို ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနက ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သို့သော် အင်းနှင့် ပတ်သက်၍ ဖျက်သိမ်းခြင်း၊ ဆက်လက်ဆောင်ရွက်စေခြင်း စသည့် ဆုံးဖြတ်ချက် တစုံတရာချမှတ်ခြင်း မရှိသေး ကြောင်း သိရသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် အင်းပေါင်း ၁၇၀၀ ကျော်ရှိပြီး တိုင်းဒေသကြီး၏ ဝင်ငွေအများဆုံး ရရှိသည့် လုပ်ငန်းတခုဖြစ်ကာ ပြီး ခဲ့သည့် ၂၀၁၁ – ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် သိန်းပေါင်း ၄၉၀၀၀ ကျော် ရှာဖွေပေးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန စာရင်းများ၌ ဖော်ပြထားသည်။