ကိုကိုကြီး ပထမဆုံး ပြည်ပခရီးစဉ် စတင်
This article has been converted from Zawgyi One to Unicode
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီးသည် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် တလကြာမည့် ဥရောပ ခရီး စဉ်ကို ယမန်နေ့ က စတင်လိုက်ပြီး ဥရာပ နိုင်ငံတချို့တွင် ဆွေးနွေးပွဲများလည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
“ကျနော် ဒီကနေ့ ည ဘန်ကောက်ကနေ ပြင်သစ်ကို သွားပါမယ်။ ပါရီမှာ ကျင်းပမယ့် ပဉ္စမအကြိမ်မြောက် နိုင်ငံတကာ လူ့အခွင့် အရေးနဲ့ဆိုင်တဲ့ 5th International March for Freedom ကို ရောက်ရောက်ချင်း တက်မယ်။ ပြင်သစ်နိုင်ငံခြားရေး ဌာနက တာဝန်ရှိသူတချို့နဲ့လည်း တွေ့ဖို့ရှိပါတယ်”ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုရောက်ရှိနေသည့် ဦးကိုကိုကြီးက ဧရာဝတီကို ပြော သည်။
ပြင်သစ်နိုင်ငံ ပါရီမြို့ လေဘာတီ စကွဲယား၌ စနေနေ့ ကျင်းပမည့် အဆိုပါ International March for Freedom လမ်းလျှောက် ပွဲတွင် ပူးပေါင်းပါဝင်ပြီးနောက် မိန့်ခွန်းပြောရန် ရှိကြောင်း၊ ထို့နောက် မြန်မာ့အရေး လှုပ်ရှားသူများနှင့် တွေ့ဆုံရန် ရှိကြောင်း လည်း သူက ဆက်ပြောသည်။
ပြင်သစ်နိုင်ငံမှ တဆင့် ချက်သမ္မတ နိုင်ငံ ပရက်ဂ်မြို့တွင် ကျင်းပမည့် ကတ္တီပါ တော်လှန်ရေး ခေါင်းဆောင် နိုဗဲလ် ငြိမ်းချမ်းရေး ဆုရှင် မစ္စတာ ဗားကလပ်ဗ် ဟာဗဲလ် တည်ထောင်ထားခဲ့သော ဖိုရမ် ၂၀၀၀ ကိုလည်း အောက်တိုဘာ ၂၀ ရက်နေ့တွင် တက် ရောက်မည် ဖြစ်ကြောင်း၊ ချက် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံရန် ရှိကြောင်း သိရသည်။
ဦးကိုကိုကြီးသည် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ က လုပ်ဆောင်နေသော ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း လုပ် ငန်းများတွင်လည်း ဦးဆောင်သူ တဦးဖြစ်ပြီး ယမန်နေ့ နံနက်ပိုင်းက ဘန်ကောက်မြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
ဥရောပ ခရီးစဉ်အတွင်း အီတလီနိုင်ငံ ရောမမြို့သို့လည်း သွားရောက်ရန်ရှိပြီး ဥရောပနိုင်ငံတချို့၏ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးဆိုင်ရာ စံချိန်စံညွှန်းများကို လေ့လာသွားမည်ဖြစ်ကြောင်း၊ လာမည့် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြင်သစ်နိုင်ငံမှ မြန်မာနိုင်ငံ သို့ ပြန်လာမည်ဖြစ်ကြောင်း သိရသည်။
ဦးကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများသည် ယခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာ အမိန့်ဖြင့် အကျဉ်းချခံထားရာမှ ပြန်လည် လွတ်မြောက်လာပြီးနောက် နိုင်ငံကူး လက်မှတ် လျှောက်ထားရာ ကန့်သတ် ချက်များကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသေးသည်။
အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ အခြေစိုက် National Endowment for Democracy(NED) က ဒီမိုကရေစီ ဆု ချီးမြှင့်ရန် အမေရိကန်သို့ ဖိတ်ကြားခံခဲ့ရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က သူနှင့် အခြား၂ ဦးကိုသာ နိုင်ငံ ကူး လက်မှတ် ထုတ်ပေးမှုကို ကန့်ကွက်သည့်အနေဖြင့် နိုင်ငံကူးလက်မှတ်များ ထုတ်ယူခြင်း မပြုခဲ့ပေ။
တောင်းဆိုထားသည့် အတိုင်း အနည်းဆုံး လူ၂၀ အား တပြိုင်တည်း ထုတ်ပေးလာသည့်နောက်တွင် နိုင်ငံကူး လက်မှတ်များ ထုတ်ယူခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း နိုင်ငံကူးလက်မှတ် ထုတ်ပေးသည့် စာရင်းတွင် ဦးကိုကိုကြီးလည်း ပါဝင်ကာ ယခုကဲ့သို့ ပြည်ပခရီးစဉ် သွားနိုင်ခြင်း ဖြစ် သည်။