သတင်း

နော်ဝေ ငြိမ်းချမ်းရေး အကူအညီ ဝေဖန်ခံနေရ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် အော်စလိုက ဦးစီးဦးဆောင် ဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ယာယီ ရပ်ဆိုင်းလိုက်သည်ဟူသော သတင်းများနှင့်ပတ်သက်ပြီး နော်ဝေနိုင်ငံခြားရေး ဝန်ကြီးဌာနက ပယ်ချလိုက်သော်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနှင့် လတ်တလော ဖြစ်ပေါ်နေသော အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲချက်များအား ပြန်လည် မဖြေရှင်းနိုင်သရွေ့ KNU ထိန်းချုပ်ဒေသများအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းအသစ်များ ထပ်မံတိုးချဲ့ဆောင်ရွက်မည်မဟုတ်ဟူ၍ အတည်ပြုပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က ဧရာဝတီသို့ပေးပို့သော ထုတ်ပြန်ကြေညာချက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ktetil Elsebutangen က “မြန်မာငြိမ်းချမ်းရေး အထောက်အကူပြု အစီအစဉ် (Myanmar Peace Support Initiative – MPSI)” မှာ ပါတဲ့ မည်သည့်အဖွဲ့အစည်းမှ ယာယီရပ်ဆိုင်းပေးရန် မေတ္တာရပ်ခံခြင်း မရှိသေးကြောင်း” ပြောဆိုခဲ့သည်။

“သို့သော် ယခု ဖြစ်စဉ်တခုလုံးတွင် ပါဝင်နေကြသော KNU ခေါင်းဆောင်ပိုင်းနှင့် သက်ဆိုင်ရာ အဖွဲ့ဝင်များအကြား အဖွဲ့အစည်းအတွင်း ညှိနှိုင်းဆွေးနွေးပွဲများလုပ်ရန် အချိန်ယူရမှာကို ကျနော်တို့ နားလည်ပါတယ်။ ဒါ့ကြောင့် KNU ထိန်းချုပ်ဒေသအတွင်းမှာ နောက်ထပ် မဟာဗျူဟာဆိုင်ရာ ကိစ္စများ ဆွေးနွေးရန်၊ လုပ်ငန်းများသစ်များ ချမှတ်ရန်အတွက် လောလောဆယ် အစီအစဉ်မရှိသေးပါဘူး” ဟု ထုတ်ပြန်ကြေငြာချက်တွင် Elsebutangeက ပြောဆိုခဲ့သည်။

ယခုအချိန်အထိ မြန်မာနိုင်ငံ၏ တခြားဒေသများတွင် ဆောင်ရွက်နေသော MPSI ၏ လုပ်ငန်းများအတွင်း အပြောင်းအလဲ တစုံတရာရှိမည် မဟုတ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။

ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) က ၎င်း၏ အင်တာနက်စာမျက်နှာတွင် ဗုဒ္ဓဟူးနေ့က ရေးသားခဲ့သော သတင်းအပေါ် မှတ်ချက်ပေးရန် တောင်းဆိုသောကြောင့် အဆိုပါ ထုတ်ပြန် ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

DVB ၏ သတင်းတွင် MPSI အား ယာယီ ရပ်ဆိုင်းလိုက်သည်ဟု ရေးသားထားသည်။ သို့သော် ယင်းသတင်းကို DVB အင်တာနက်စာမျက်မှာမှ တစုံတရာ ရှင်းလင်းချက်မရှိဘဲ ပြန်ဖြုတ်လိုက်သည်ကို တွေ့ရသည်။

MPSI ၏ ကံကြမ္မာသည် ထိုင်း-မြန်မာ နယ်စပ်တလျှောက် အကူအညီပေးရေး လုပ်သားများနှင့် ဒုက္ခသည်များ အပေါ်တွင်လည်း သတ်ရောက်မှုရှိသည်။ ယခုနှစ်အစတွင် စတင်ခဲ့သော ရည်ရွယ်ချက်ကြီးမားသည့် အဆိုပါ စီမံချက်အား အပြည့်အ၀ အကောင်အထည်ဖော်ပြီးပါက ဆယ်စုနှစ်ပေါင်းများစွာကြာ ပဋိပက္ခနှင့် နပမ်းလုံးနေခဲ့ရသည့် မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းဒေသအတွင်း အကူအညီပေးရေး နည်းလမ်းများ သိသိသာသာ ပြောင်းသွားနိုင်သည်။

နော်ဝေအစိုးရ၏ အားထုတ်ချက်သည် ဒေသတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစုံတရာ ခရီးပေါက်နေချိန်တွင် ရောက်လာခြင်းဖြစ်သည်။ ယခုနှစ်အစောပိုင်းတွင် မြန်မာအစိုးရသည် KNU, ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) နှင့် ကရင်နီ၊ မွန်စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခပ်ရပ်စဲရေး သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။

MPSI အား ပထမဦးဆုံးအကြိမ် စတင်ထုတ်ပြန်ကြေညာစဉ်ကတည်းက ကရင်နှင့် ရှမ်း လူထုအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက နော်ဝေအစိုးရသည် အိုးအိမ်မဲ့ တိုင်းရင်းသားပြည်သူများစွာ၏ လိုအပ်ချက်ကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ စီမံချက်အား ရှေ့သို့ အတင်းတွန်းနေသည်ဟူသော စိုးရိမ်ချက်များ ထွက်ပေါ်လာခဲ့သည်။ MPSI စီမံချက်၏ ရည်မှန်းချက်သည် အိုးအိမ်မဲ့ တိုင်းရင်းသား ပြည်သူများအား အကူအညီပေးရန် ဖြစ်သည်။ နော်ဝေအစိုးရသည် ၎င်း၏ စီမံချက်အား သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားသို့ ဘာသာပြန်ဆိုပေးရန် ပျက်ကွက်ခြင်းက အော်စလိုသည် စီမံချက်အား သေသေချာချာ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ငွေများပုံအောသုံးတော့မည်ဟု တက်ကြွလှုပ်ရှားသူများက ထင်မြင် ထောက်ပြပြောဆိုခဲ့သည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က မြန်မာနိုင်ငံဆိုင်ရာ နော်ဝေကောင်စစ်ဝန် Arne Jan Flølo က ဧရာဝတီသို့ အီးမေးလ်မှတဆင့် ပြန်ကြားချက်တွင် နောက်ပိုင်း၌ MPSI သည် လုပ်ငန်းနှင့် ပတ်သတ်သော အဓိက အရေးကြီးသည့် စာရွက်စာတမ်းများကို တိုင်းရင်းသား ဘာသာစကားများသို့ ဘာသာပြန်ဆိုနိုင်ကြောင်း ပါရှိခဲ့သည်။

“အခုအချိန်အထိ ရှင်း၊ ကရင်ဘာသာအဖြစ် ဘာသာပြန်ပေးဖို့ တောင်းဆိုချက်တစုံတရာ လက်ခံရရှိခြင်း မရှိသေးပါဘူး။ တင်ပြလာရင်တော့ ကျနော်တို့ မလွဲမသေ စဉ်းစားရမယ့် အရာတခုပါ” ဟု သူက ပြောဆိုခဲ့သည်။

သို့သော် သက်ဆိုင်ရာ လူမှုအခြေပြု အဖွဲ့အစည်းများမှ တိုင်းရင်းသား ကိုယ်စားလှယ်များထံမှ ရရှိသော သတင်းအချက်အလက်များနှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်။ တိုင်းရင်းသား ကိုယ်စားလှယ်များက ဘာသာစကားကိစ္စအား MPSI ကိုယ်စားလှယ်များထံသို့ တင်ပြထားကြောင်း ပြောသည်။

“ဒီစာရွက်စာတမ်းတွေကို ကရင်၊ ရှမ်းအပါအဝင် ဒေသိယ ဘာသာစကားတွေနဲ့ ပြန်ပေးဖို့ တောင်းဆိုထားပြီး ဖြစ်ပါတယ်။ ဒါကို အမြန်ဆုံးလုပ်ပေးဖို့ သူတို့စဉ်းစားသင့်တယ်လို့ ကျနော်ထင်ပါတယ်။” ဟု ကရင်သဘာဝပတ်ဝန်းကျင် လူမှုရေးလှုပ်ရှားမှု ကွန်ရက်နှင့်အတူ လက်တွဲဆောင်ရွက်နေသော ဝါရင့် လှုပ်ရှားတက်ကြွသူ ပေါလ်စိန်ထွားက ပြောဆိုသည်။

လက်တလောတွင် ထိုင်းအခြေစိုက် နော်ဝေသံရုံးက ၎င်း၏ ဝက်ဘ်ဆိုက်တွင် စီမံချက်အကြောင်း အင်္ဂလိပ်- မြန်မာ နှစ်ဘာသာဖြင့် ရှင်းလင်းထားသော စာရွက်စာတမ်းများ တင်ထားသည်။

အဆိုပါ သတင်းအချက်အလက်များကို ကရင်နှင့် ရှမ်း ဘာသာစကားများဖြင့် မထုတ်ပြန်နိုင်ခြင်းသည် စစ်ပွဲဒဏ်ခံရသည့် လူနည်းစု တိုင်းရင်းသားများသည် ၎င်းတို့အပေါ် သက်ရောက်မှုရှိစေမည့် ဆုံးဖြတ်ချက်များ၊ မူဝါဒများနှင့်ပတ်သက်ပြီး မဆိုသလောက်သာ သိခွင့်ရနေသည်ဟု လေ့လာသူအများက ထောက်ပြသည်။

တချို့ကရင်၊ ရှမ်းနှင့် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များ (IDP)၊ အထူးသဖြင့် မြို့များတွင် နေဖူးသူများသည် မြန်မာစကားကို လိပ်ပတ်လည်အောင် ပြောဆိုတတ်သော်လည်း အစိုးရထိန်းချုပ်ရာ ဒေသများ အပြင်ဖက်တွင် တသက်လုံး နေထိုင်လာရသော တိုင်းရင်းသားများသည် ၎င်းတို့ တိုင်းရင်းသားဘာသာစကား တခုတည်းသာ ပြောဆိုတတ်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ထိပ်တန်းခေါင်းဆောင်များသည်ပင် မြန်မာစကားကို ရေရေလည်လည် ပြောဆိုတတ်ကြသူများ မဟုတ်ပေ။ ဥပမာ ရှမ်းပြည်တပ်မတော်တောင်ပိုင်း ခေါင်းဆောင် ယွက်ဆစ်သည် မြန်မာစကားကို နည်းနည်းပါးပါးသာ ပြောတတ်သည်ဟု ကြားသိရပြီး KNU အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်သည် မြန်မာစကားကို အတော်အသင့်တတ်သော်လည်း မြန်မာဘာသာ မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှုများတွင် စကောကရင်ဘာသာဖြင့်သာ ပြောဆိုလေ့ရှိသည်။ (ယခုနှစ် အစောပိုင်းတွင် မြန်မာ့အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် စကောကရင်ဘာသာစကားနှင့်သာ ပြောဆိုခဲ့သည်။)

သို့သော် သက်ဆိုင်ရာ စာရွက်စာတမ်းများကို ဘာသာပြန်ဆိုပေးခြင်းသည် နော်ဝေနိုင်ငံ၏ အားထုတ်မှုတွင် စစ်ပွဲဒဏ်သင့် ပြည်သူများ၏ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်သော ပထမအဆင့် ခြေလှမ်းတလှမ်းသာ ဖြစ်သေးသည်ဟု လေ့လာသူများက ပြောဆိုသည်။

“ဒီသတင်း အချက်အလက်တွေကို ဖြန့်ဝေပေးဖို့လည်း ကျနော်တို့ စဉ်းစားသင့်ပါတယ်” ဟု ပေါလ်စိန်ထွားက နယ်စပ်ဒေသများရှိ တချို့သော အိုးအိမ်မဲ့ပြည်သူများနှင့် တချို့သော ဒုက္ခသည် အနည်းစုသည်သာ အင်တာနက် အသုံးပြုနိုင်သည်ဟုပါ ထောက်ပြပြောဆိုခဲ့သည်။

“ပဋိပက္ခကြောင့် ဒုက္ခရောက်ရတဲ့ ပြည်သူတွေကို အကူအညီ ပေးဖို့အတွက် ဒီ စီမံချက်မှာ အလားအလာကောင်းတွေ ရှိတယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် အခုဖြစ်နေတဲ့ပုံ ကြည့်ရတာက သူတို့က အလျင်စလို လုပ်နေတဲ့အပေါ်မျာ ပြဿနာတွေပို ဖြစ်လာနိုင်ပါတယ်” ဟု ပေါလ်စိန်ထွားက ဆက်လက်ပြောဆိုခဲ့သည်။

ပြီးခဲ့သည့် တနင်္လာနေ့တွင် မြန်မာ့အရေး အဓိက လုပ်ဆောင်သော နိုင်ငံတွင်းနှင့် ဒေသဆိုင်ရာ အဖွဲ့များ ညွှန့်ပေါင်းဖွဲ့ထားသည့် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ (BP) အဖွဲ့က မူဝါဒစာတမ်းတစောင် ထုတ်ပြန်ခဲ့သည်။ ထိုစာစောင်တွင် MPSI အား “ငြိမ်းချမ်းရေး ရန်ပုံငွေ၏ အကျိုးသက်ရာက်မှုကို ခံစားရမည့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးသည် ဖွံ့ဖြိုးမှုစီမံကိန်းများ မစတင်ခင် သုတေသနပြုလုပ်ခြင်း၊ စီမံကိန်း ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်ကြပ်မတ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းအားလုံးတွင် ပါဝင်ခွင့်ရသော စစ်မှန်သော အောက်ခြေထု အကြံဉာဏ်ရယူခြင်း လုပ်ငန်းစဉ်တခု” ထည့်သွင်းရန် လိုအပ်သည်ဟု MPSI ကို ထပ်လောင်း တောင်းဆိုထားသည်။

MPSI သည် ၎င်း၏ ရည်ရွယ်ချက် ဖော်ထုတ်ပြောကြားရာတွင် ထိထိရောက်ရောက် တင်ပြနိုင်မှု အားနည်းသောကြောင့် ၎င်း၏လုပ်ငန်းများပေါ် စိုးရိမ်ချက်များနှင့် ဝေဖန်ခံနေရသည်။

ဥပမာ ပြီးခဲ့သည့်လတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင် အနောက်ဖက်စွန်းစွန်းရှိ တရားမဝင် ကွန်ဂျိုးစခန်းမှ ရှမ်းဒုက္ခသည်များသည် နော်ဝေဒုက္ခသည်ကောင်စီနှင့် MPSI တို့က ပြုလုပ်သော တအိမ်တက်တအိမ်ဆင်း စစ်တမ်းကောက်ယူခြင်းအပေါ် စိုးရိမ်ချက်များစွာ ထွက်ပေါ်ခဲ့သည်။ ၎င်းတို့ စစ်တမ်းကောက်ယူခြင်းကို ပြန်လည်နေရာချထားခြင်း လုပ်ငန်းစဉ်၏ အစဟု ဒုက္ခသည်နှင့် ဒုက္ခသည်ခေါင်းဆောင် အများအပြားက ယူဆခဲ့သည်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး Katja Christina Nordgaad က ဧရာဝတီသို့ ပြောကြားရာတွင် “MPSI ဆိုတာ ဒုက္ခသည်တွေ ပြန်ဖို့အတွက် မဟုတ်ပါဘူး” ဟု ခုခံပြောဆိုလိုက်ပြီး ကွန်ဂျိုးကိစ္စမှာ ရှုပ်ရှုပ်ထွေးထွေးဖြစ်သွားရခြင်းသည် နားလည်မှုလွဲခြင်း၏ ရလဒ်ဟုလည်း ပြောဆိုခဲ့သည်။

Seamus Martov ၏ Under Fire from Critics, Norwegian Peace Initiative to Continue ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Loading