စစ်အစိုးရခေါင်းဆောင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တပ်မတော်၏ အမိအဖတဦးသဖွယ် ဖြစ်နေခြင်းကြောင့် တပ်မတော်အပေါ် သြဇာညောင်းဆဲဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။
နေပြည်တော်တွင် အောက်တိုဘာလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သော ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဦးဌေးဦးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဧရာဝတီသတင်းဌာနက နိုင်ငံရေးမှ အနားယူသွားပြီဟုဆိုသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် တပ်မတော်အပေါ် သြဇာရှိနေဆဲဟု ပြောဆိုချက်များအပေါ် မည်သို့ မှတ်ချက်ပြုလိုပါသလဲဟု မေးမြန်းရာ ဦးဌေးဦးက ဗိုလ်ချူပ်မှူးကြီး သန်းရွှေသည် တပ်မတော်၏ အမိအဖတဦးသဖွယ် ဖြစ်နေသည့်အတွက် သြဇာညောင်းဆဲဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိ တပ်မတော်သည် သမ္မတ ဦးသိန်းစိန်၏ လက်အောက်တွင် ရှိနေပြီး ဗိုလ်ချုပ်မှူးကြီးကလည်း တပ်မတော် ခေါင်းဆောင်ပိုင်းကို ခေါ်ယူမေးမြန်း ညွှန်ကြားခြင်းမျိုး မရှိကြောင်း၊ ဦးသန်းရွှေသည် နေအိမ်တွင်ပင် အနားယူနေပြီး ဘုရားတရားကို အဓိကထားလုပ်နေကြောင်း ပြောဆိုသည်။
“တပ်မတော်ပေါ်မှာ သြဇာညောင်းသလားဆိုတော့ အမိအဖလို ဖြစ်နေတာကိုး။ ရှိနိုင်တာပေါ့။ သို့သော်လည်းပဲ ကျနော် သိသလောက်တော့ တပ်မတော်သည် လက်ရှိသမ္မတကြီးအောက်ထဲမှာ ရှိနေတာပဲ။ ဗိုလ်ချုပ်မှူးကြီးက သြဇာညောင်းလို့ တပ်မတော်ကိုပြောလည်း သမ္မတက လုပ်ပေးမှ ဖြစ်တာကိုး။ ကျနော်သိသလောက် ဗိုလ်ချုပ်မှူးကြီး အနားယူနေတဲ့သဘော၊ ဘုရားတရားတွေ လုပ်နေတယ်။ ကျနော်တွေ့တာပြောတာပါ။ တပ်ကိုလည်းခေါ်ပြီးတော့မှ မင်းတို့ဘာတွေလုပ်လဲ မေးသံမကြားပါဘူး” ဟု ဦးဌေးဦးက ပြောသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နေအိမ်တွင် စာအုပ်စာပေများ ဖတ်ရှုနေသည်ဟု ဝန်ကြီးများနှင့် အစိုးရတာဝန်ရှိသူများက မကြာခဏဆိုသလို ထုတ်ဖော်ပြောဆိုလေ့ရှိသည်။
ကျန်းမာရေးဆိုးဝါးနေပြီဟု မကြာခဏ သတင်းထွက်ပေါ်လေ့ရှိသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လူငယ်များထက်ပင် ဒေါင်ဒေါင်မြည် ကောင်းမွန်ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် ဆိပ်ကမ်းသာလမ်းရှိ မဟာရန်ကုန် စေတီတော် ရွှေထီးတော် တင်လှူပွဲ အခမ်းအနားတွင် သူ၏သမီးဖြစ်သူ ဒေါ်ခင်ပြုံးရွှေက ပြည်တွင်းသတင်းဂျာနယ်တခုသို့ ပြောဆိုခဲ့သည်။
အသက် ၈၀ နီးပါးရှိနေပြီဖြစ်သော ဦးသန်းရွှေသည် ၂၀၁၁ ခုနှစ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းပြီး ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရသို့ တရားဝင် အာဏာလွှဲပြောင်းပေးခဲ့သည်။
ဦးသန်းရွှေကို လက်ရှိအစိုးရနှင့် လွှတ်တော်တာဝန်ရှိသူများက နိုင်ငံရေးအရ တိုင်ပင်ဆွေးနွေးမှုများ မရှိသော်လည်း သွားရောက်ဂါဝရပြုမှုရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်း ဥရောပခရီးစဉ် သွားရောက်စဉ် ဘီဘီစီ (မြန်မာပိုင်း) သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောဆိုခဲ့သေးသည်။