သတင်း

စစ်ကိုင်းတိုင်းအတွင်း ခိုးဝင်လာသူများ ဖမ်းမိ

This article has been converted from Zawgyi One to Unicode

စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုး ၁၆ ဦးကို ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း သတင်း ရရှိသည်။

၎င်းတို့ကို ကလေးမြို့နယ် မောက်လင်း ကျေးရွာအုပ်စုအတွင်းရှိ သာယာကုန်းရွာအနီးနှင့် ဇိုဇန် လမ်းခွဲအနီးတွင် ယမန်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့နယ် ရဲစခန်း က ဧရာဝတီ သို့ ပြောသည်။

“အမျိုးသား ၁၆ ဦးပါ။ သူတို့မှာ နိုင်ငံသား အထောက်အထား စာရွက်စာတမ်း ဘာမှ မတွေ့ရပါဘူး။ ဘင်္ဂါလီလူမျိုးတွေလို့ သိရပါတယ်။ ဗမာလိုလည်း မတတ်တော့ အခု စကားပြန်နဲ့ပဲ ပြောရတယ်။ လဝက က သူတို့ ဘယ်ကလာလဲ၊ ဘာလာ လုပ်တာလဲ၊ ဘယ်ကိုသွားမှာလဲ ဆိုတာတွေ စစ်ဆေးနေတုန်းပါ”ဟု ကလေးမြို့နယ် ရဲစခန်း တာဝန်ကျ ရဲ အရာရှိ က ပြောပြသည်။

ကလေးမြို့ လူဝင်မှုကြီးကြပ်ရေးဌာနက စစ်ဆေးမှုများပြီးစီးလျှင် ၎င်းတို့ကို အမှုဖွင့်မည်ဖြစ်ရာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ကြောင့် ထောင်ဒဏ် ၂ နှစ်မှ ၇ နှစ်အထိ ကျခံရနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

ဘင်္ဂါလီ လူမျိုးများသည် ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် အဆိုပါအရပ်တွင် နယ်စပ်လုံခြုံရေး တင်းကျပ်မှုများကြောင့် ယခုကဲ့သို့ ကလေးဒေသသို့ ဝင်ရောက်လာကြခြင်း ဖြစ်နိုင်ကြောင်း ကလေးမြို့ခံများက သုံးသပ်ပြောဆိုသည်။

“အရင်ကတော့ ရခိုင်ပြည်နယ်ထဲကို ဝင်ကြမယ်။ ဒါပေမယ့် အခုက ရခိုင်မှာက ပြဿနာတွေရှိနေတော့ ဒီဘက်ကို လမ်းကြောင်း သစ် ထွင်လာတာဖြစ်မယ်။ အရင်က လှေစီးပြီး မလေးရှားကို သွားကြပေမယ့် အခုက ကုန်းကြောင်းဘက်ကို ပြောင်းလာကြတယ်” ဟု ကလေးမြို့ခံတဦးက ပြောသည်။

သူက ဆက်၍“အခု ရဲက ဖမ်းမိတာတောင် ဒီလောက်ရှိတယ်ဆိုရင် မဖမ်းမိဘဲနဲ့၊ မသိလိုက်ဘဲနဲ့ မြန်မာပြည်ထဲရောက်နေတဲ့ ဘဂါၤလီတွေ ဘယ်လောက်တောင် များလိမ့်မလဲ။ ကျနော်တို့ဒေသထဲ သူတို့တွေ ဒီလိုဝင်နေတာ လုံခြုံရေး စိုးရိမ်စရာပါ၊ ဒါကို သက်ဆိုင် ရာတွေက ဒီထက်မက ကြပ်မတ်လုပ်ဖို့ လိုနေပါပြီ”ဟု ပြောသည်။

၂၀၁၁ ခုနှစ် နောက်ပိုင်းတွင် ကလေးမြို့နယ်အတွင်း တရားမဝင် ခိုးဝင်လာသူများကို ဖမ်းဆီးရမိမှု မကြာခဏရှိနေကြောင်း ကလေး မြို့နယ် ရဲ က ဆိုသည်။

“ဒီ တကြိမ်နဲ့ပါ ဆိုရင် ဒီနှစ်တွေအတွင်း ဖမ်းမိတာ အကြိမ် ၂၀ မြောက်ပါ။ ၃ ယောက်တွဲ မိလိုက်၊ ၅ ယောက်၊ ၁၀ ယောက် မိ လိုက်ပေါ့။ စုစုပေါင်းကတော့ ဖမ်းမိ၊ ထောင်ချတာ ၁၀၀ လောက် ရှိသွားပြီ”ဟု ရဲက ပြောသည်။

ပြီးခဲ့တဲ့လ အတွင်းကလည်း တရားမဝင်ခိုးဝင်လာသူ ဘင်္ဂါလီလူမျိုး ၁၀ ဦးကို ဖမ်းဆီးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ အရ ထောင် ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ကြောင်း၊ ၎င်းတို့ကို လမ်းပြ ခေါ်ဆောင်လာသူကိုလည်း ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုသူများသည် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတဆင့် ချင်းပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်လာကာ မြန်မာပြည်တွင်း အခြေ ချနေထိုင်ရန် ရောက်လာသူများဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ကို ထပ်မံဖြတ်ကျော်၍ မလေးရှားနိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသူ တချို့လည်း ပါဝင်သည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

ယခင်ကလည်း တရားမဝင် ခိုးဝင်လာသူများကို ဖမ်းဆီးထောင်ချမှုများရှိခဲ့ရာ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့က လွတ်ငြိမ်းချမ်း သာ အမိန့်ဖြင့် ကလေးမြို့ အကျဉ်းထောင်မှ လွတ်မြောက်လာသူများထဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃ ဦး ပါဝင်ခဲ့သေးသည်။

Loading