စစ်ရေး တင်းမာမှု မဖြေရှင်းနိုင်သေးသဖြင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSA-N) နှင့် အစိုးရတပ်များအကြား တိုက်ပွဲများ ထပ်မံ ဖြစ်ပွားဖွယ် ရှိနေကြောင်း ရှမ်း တပ်ဘက် က ပြောသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) တာဝန်ရှိသူများနှင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့တို့ လားရှိုးမြို့တွင် ယခုလ ၁၀ ရက်နှင့် ၁၁ ရက်နေ့က ပြည်ထောင်စု အဆင့် တွေ့ဆုံခဲ့ကြသည်။ ယင်းတွေ့ဆုံမှုတွင် နယ်မြေဖွံ့ဖြိုးရေးကို ဇောင်းပေးဆွေးနွေးခဲ့ပြီး စစ်ရေး တင်းမာမှုအခြေအနေကို မဖြေရှင်းဘဲ ချန်ခဲ့သည့်အတွက် တိုက်ပွဲဖြစ်ပွားနိုင်မှု ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ တပ်တွေကို သူတို့က အဆုတ်ခိုင်းတဲ့ကိစ္စက ရှေ့တန်းမှာ နှစ်ဘက်တင်းမာနေတယ်၊ အခုဆွေးနွေးတဲ့အထဲမှာ ဒါကို မဆွေးနွေးဘဲနဲ့ လူကြားကောင်းမယ့် နယ်မြေဖွံ့ဖြိုးရေးဆိုတာကိုပဲ လာပြီးချပြ ဆွေးနွေးသွားတယ်၊ ရှေ့မှာဖွံ့ဖြိုးရေးဆိုပြီး နောက်မှာ တိုက်နေရင် ဘာထူးမလဲ”ဟု SSA-N တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။
ယခုအခါ ရှမ်းပြည်နယ် မိုင်းနောင်မြို့နယ်နှင့် ဝမ်ဟိုင်း အကြားရှိ SSA-N ထိန်းချုပ်မှုအောက်ရှိ တာ့စံဖူး စခန်းကို ရွှေ့ပြောင်းပေးရန် အစိုးရတပ်များက ဖိအားပေးလျက်ရှိကြောင်း ထိုနေရာကို သိမ်းယူရန် ရှေ့ဆက်ကြိုးပမ်း လာပါက တိုက်ပွဲဖြစ်ပွားလာမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ထို့အပြင် အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက်ရရှိပြီးနောက် တန့်ယန်းမြို့နယ် အခြေစိုက် ၇ မိုင်ကုန်း တပ်စခန်းနှင့် မိုင်းရှုး မြို့နယ်တွင်းရှိ မိုင်းအော့ တပ်စခန်းတို့အား အစိုးရတပ်များ၏ ဖိအားပေး တောင်းဆိုမှုကြောင့် SSA-N က ဆုတ်ခွာ ပေးထား ရကြောင်း၊ ယခုဆုတ်ခွာခိုင်းခံနေရသော တာ့စံဖူးမှာ SSA-N ဗဟိုဌာနချုပ်အတွက် အရေးပါသော တပ်စခန်းတခု ဖြစ်ကြောင်း လည်း သိရသည်။
“အစိုးရက ရွှေ့ခိုင်းနေတဲ့တပ်တွေ၊ ရွှေ့စေချင်တဲ့တပ်တွေအရ ဆိုရင် ကျနော်တို့ ဗဟို ဌာနချုပ်ကို ဖြတ်လေးဖြတ် လုပ်လို့ရတဲ့ သဘောပဲ၊ တပ် ဆုတ်တယ်ဆိုရင် နှစ်ဘက်ဆုတ်ရမယ်လေ၊ အခု အပစ်အခတ်ရပ်စဲရေး ပြောပြီးတဲ့နောက်မှာပဲ တိုက်ပွဲက ၃၀ ကျော် နေပြီ”ဟု SSA-N တာဝန်ရှိသူ က ပြောသည်။
လားရှိုးမြို့ ဆွေးနွေးပွဲတွင် အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော် မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ တိုင်းမှူးများဖြစ်သော ဗိုလ်မှူးချုပ် အောင်စိုး၊ ဗိုလ်မှူးချုပ် မင်းနောင် အပါအဝင် ဒု ဝန်ကြီး များဖြစ်သည့် ဗိုလ်ချုပ် ဇော်ဝင်း၊ ဦးအုန်းသန်း၊ ဦးအေးမြင့်မောင် နှင့် ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့ တက်ရောက်သည်ဟု ဆိုသည်။
SSA မြောက်ပိုင်းဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် SSPP/SSA အထွေထွေ အတွင်းရေးမှူး ဦးခွန်ဆိုင် ဦးဆောင်သော ၁၀ ဦး အဖွဲ့က တက်ရောက် ဆွေးနွေးကြောင်း၊ ထိုဆွေးနွေးပွဲတွင် ဒေသတွင်းပြန်လည်တည်ငြိမ်အေးချမ်းရေး၊ ပြန်လည် ထူထောင် ရေးလုပ်ငန်းများ ညှိနှိုင်း ဆွေးနွေးဖြစ်ခဲ့ကြကြောင်း သိရသည်။
ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက စစ်ရေးပြေလည်ရေး အခြေအနေများကို အစိုးရ တပ်မတော်ပိုင်းကလည်း ဆွေးနွေးသွားရန်ရှိကြောင်း၊ ချက်ချင်းပြေလည်မှု မရနိုင်သေးသော်လည်း အနာဂတ်တွင် ညှိနှိုင်း၍ပြေလည်မှုများ ရရှိမည်ဟု ယုံကြည်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အောက်ခြေမှာ တိုင်းမှူးတွေနဲ့ သူတို့နဲ့ ဆက်ပြီးတော့ ဆွေးနွေးမယ်လို့တော့ ကျနော်တို့နားလည်တယ်၊ ဒီဆွေးနွေးမှုတွေ ကလည်း စဉ်ဆက်မပြတ် အမြဲတမ်းလုပ်နေရမှာပါပဲ၊ အခုလာတဲ့ နှစ်ယောက်လုံးက တိုင်းမှူးအသစ်လေးတွေချည်းပဲ တော်တော်လေးကို ရင်း ရင်းနှီးနှီး ပြောနိုင် ဆိုနိုင်တယ်၊ ဟိုဘက်က ခေါင်းဆောင်တွေကလည်း ပြောပါတယ်၊ ဒါကြောင့်မို့ ကျနော်ကတော့ ယုံကြည် တယ်”ဟု ဦးလှမောင်ရွှေက ဆိုသည်။
ရှမ်းပြည်နယ်အရေး စောင့်ကြည့် နေသော သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်ဆိုင်း ကမူ ရှမ်းပြည်နယ် အတွင်း လတ်တလော ကာလတွင် SSA-N နှင့် အစိုးရတပ် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေကြောင်း၊ လက်ရှိအစိုးရက ဆုတ်ခွာပေးရန် တောင်းဆိုနေသော နေရာတချို့ကို SSA-N ဘက်က ရွှေ့ပေးရန် အစီအစဉ်မရှိသည့် အတွက် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနိုင် ကြောင်း ပြောဆိုသည်။
SSA မြောက်ပိုင်းအဖွဲ့နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အပစ် အခတ် ရပ်စဲရန် အချက် အပါအဝင် ပြည်ထောင်စုအဆင့် ပဏာမငြိမ်းချမ်းရေးသဘောတူ လက်မှတ်ရေးထိုးခဲ့သည်။