မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူတိုင်း မဖြစ်မနေ ပြုလုပ်ရသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ တင်ပြရခြင်းအဆင့်ကို မကြာမီ ပယ်ဖျက်ဖြေလျှော့ ပေးတော့မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ဧရာဝတီသို့ ပြောသည်။
နိုင်ငံရပ်ခြား သွားမည့်သူများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကို ရယူ တင်ပြရကြောင်း၊ ယင်းသို့ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပြုလုပ်ရာတွင် ပြည်သူအများစု အခက်အခဲများ ကြုံတွေ့နေရသည်ကို ကြားသိနေရကြောင်း၊ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ တင်ပြခိုင်းခြင်းကြောင့် နိုင်ငံတော် အခွန်ဝင်ငွေ တိုးပွားလာခြင်းလည်း မရှိကြောင်း၊ ဥပဒေအရ နိုင်ငံသားအခွန် ကင်းရှင်းကြောင်း ထောက်ခံစာများ တင်ပြရမည် ဖြစ်သော်လည်း ဥပဒေတွင်ပင် ကင်းလွတ်ခွင့် ပေးခွင့်လည်း ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ တင်ပြရသည့် စနစ်ကို ပယ်ဖျက်သွားရန် ရှိကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ရှင်းပြသည်။
“ပုံစံ ၁၇ ဆိုတာက မိမိနေထိုင်တဲ့ မြို့နယ်မှာ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်၊ ပုံစံ ၁၉ ဆိုတာက ပြည်ပ ထွက်ခွာမယ့်သူတွေ အခွန်ကင်းရှင်းကြောင်း စိစစ်ထောက်ခံပေးတာ။ ပုံစံ ၁၇ နဲ့ ပုံစံ ၁၉ မပါရင် နိုင်ငံကူး လက်မှတ် ထုတ်လို့မရဘူး။ ပုံစံ ၁၇ နဲ့ ပုံစံ ၁၉ စနစ်ကြောင့် နိုင်ငံတော်မှာ အခွန် တိုးရတာသွားတာမျိုးလည်း မရှိဘူး။ ဥပဒေထဲမှာလည်း ကင်းလွတ်ခွင့် ပေးလို့ရတယ် ဆိုတာပါတယ်။ အဲဒီတော့ သာမန်ပြည်သူတွေ အဆင်ပြေစေဖို့ ပုံစံ ၁၇ နဲ့ ၁၉ တင်ပြရတာကို ဖြေလျှော့ပေးဖို့ လုပ်နေပြီ” ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
အခွန်ကင်းရှင်းကြောင်း ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကို ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပေးနေခြင်း ဖြစ်သည်။
မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် ပြင်ဆင်နေသည့် မရမ်းကုန်းမြို့နယ်မှ လူငယ်တဦးက ပုံစံ ၁၇ ရရန် အလွန်ခက်ခဲပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးသို့ အကြိမ်ကြိမ် သွားရောက်ရကြောင်း ပြောဆိုသည်။
“ကျနော်က မအူပင်ဇာတိ၊ မအူပင်ကနေ သန်းခေါင်စာရင်းကို မရမ်းကုန်းမြို့နယ်မှာ ပြောင်းပြီး လုပ်ထားတော့ အခွန် ကင်းရှင်းကြောင်း ထောက်ခံစာကို မရမ်းကုန်းမြို့နယ် အခွန်ရုံးမှာ သွားလုပ်တယ်။ ကျနော်က ဘာလုပ်ငန်းမှ မပိုင်ဆိုင်တာကိုလည်း၊ အခွန်ပေးစရာ မရှိတာကို ထောက်ခံစာတွေအစုံနဲ့ တင်ပြတယ်။ သန်းခေါင်စာရင်းက အသစ်ဖြစ်နေလို့ နောက် ၆ လကြာမှ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ ပေးမယ်။ အခု မလေးရှားသွား အလုပ်လုပ်မယ့် အစီအစဉ် ပျက်ကုန်ပါတယ်” ဟု အဆိုပါလူငယ်က ဧရာဝတီသို့ ပြောသည်။
ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ရန် ပြင်ဆင်နေကြသည့် လူငယ်အများစုက အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ပြုလုပ်ရာတွင် အခက်အခဲများ ရှိကြောင်း ပြောဆိုကြသည်။
“အခွန်ရုံးကိုသွားရ၊ အခွန် ဦးစီးမှူး အစည်းအဝေး တက်နေလို့ပါဆိုတော့ နာရီပေါင်းများစွာ ထိုင်စောင့်ရနဲ့ တနေ့လည်းမပြတ်၊ နှစ်ရက်သုံးရက် အချိန်ကုန်တယ်။ နယ်မှာ သန်းခေါင်စာရင်း ဝင်ထားတဲ့သူတွေဆိုရင် နယ်နဲ့ ရန်ကုန်ကို သွားလိုက်၊ ပြန်လိုက် အခေါက်ခေါက်အခါခါ သွားရတယ်။ ခရီးစရိတ်နဲ့ အတော်ကို မစားသာပါဘူး” ဟု စစ်ကိုင်းမြို့မှ လူငယ်တဦးက
ဆိုသည်။
ဒေါက်တာ မောင်မောင်သိမ်းက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေဖြင့် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကြောင့် ပြည်သူများ အခက်အခဲ ကြုံတွေ့နေရသည်ကို သိရှိခြင်းကြောင့် ယင်းသို့ ဖြေလျှော့မှုများ ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ရှင်းပြသည်။
ထို့အပြင် ပြည်သူများအကြား အခွန်နှင့်ပတ်သက်၍ မရှင်းလင်းမှုများ၊ မပြေလည်မှုများရှိပါက မေးမြန်းစေနိုင်ရန်၊ ကြုံတွေ့နေရသော အခက်အခဲများကို တင်ပြနိုင်ရန်အတွက် အများပြည်သူ ဆက်ဆံရေး ရုံးတရုံးကို ရန်ကုန်မြို့တွင်
ယခုလ နှောင်းပိုင်းအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရှင်းပြသည်။
“ပြည်တွင်းအခွန်နဲ့ ပတ်သက်လို့ မရှင်းလင်းတာ၊ မေးချင်တာ၊ မြန်းချင်တာ၊ နောက်ပြီး အခက်အခဲတွေရှိရင် ဘယ်လို လုပ်ရမလဲဆိုတာ မေးနိုင်မြန်းနိုင်အောင် ဆက်ဆံရေး ရုံးတရုံးဖွင့်ဖို့ လုပ်နေတယ်။ လာမယ့်နှစ်ပတ်အတွင်း ရန်ကုန်မှာဖွင့်ဖို့ရှိတယ်” ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
ယင်းဆက်ဆံရေးရုံးတွင် ငွေရေးကြေးရေး၊ ဘဏ်များဆိုင်ရာသတင်းများနှင့် ပတ်သက်၍လည်း စုံစမ်းမေးမြန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။