မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက စိုးရိမ်မှုရှိနေတာတွေအ ပေါ် ကိုင်တွယ်ဖြေရှင်းပြီးတဲ့အချိန်အထိ မြန်မာပြည်နဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်စပ်ဆောင်ရွက်မှုတွေ လုံးဝ ပြန်လည် စတင်မှာ မဟုတ်ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
ပထမဆုံးအကြိမ်ကျင်းပတဲ့ အမေရိကန်-မြန်မာ လူ့အခွင့်အရေးစကားဝိုင်း (US-Burma Human Rights Dialogue) ကိုတက်ရောက်ဖို့အတွက် အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာနက ထိပ်တန်း အရာရှိတချို့ မြန်မာပြည် ကို ထွက်ခွာသွားတဲ့အချိန်မှာ မြန်မာ့တပ်မတော်နဲ့ စစ်ရေးအရ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ပင်တဂွန် က မူဝါဒကို ပြောဆိုလိုက်တာပါ။
“မြန်မာနိုင်ငံမှာ ကျင်းပတဲ့ ဒီ ပထမဆုံးအကြိမ် လူ့အခွင့်အရေးစကားဝိုင်းက မြန်မာပြည် လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်တွေကို အားပေးအားမြှောက်ပြုဖို့အတွက် အမေရိကန်အစိုးရ တခုလုံးက ချဉ်းကပ်ဆောင်ရွက်နေ တယ်ဆိုတာကို ပေါ်လွင်စေပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယား နူလန် (Victoria Nuland) က ဆိုပါတယ်။
ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပေါ့စနာ (Michael Posner) ဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့မှာ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးအဖွဲ့ (White House National Security Staff)၊ ဒု သမ္မတရုံး၊ နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာန (Department of Homeland Security)၊ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (US Agency for International Development) နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက အကြီးတန်း ကိုယ်စားလှယ်တွေပါဝင်တယ်လို့ သူက ပြောပါတယ်။
“လူ့အခွင့်အရေး စကားဝိုင်းမှာ လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေ အများအပြားကို ဆွေးနွေးကြမှာပါ။ အဲ့ဒီ ကိစ္စရပ်တွေထဲမှာ တရားဥပဒေစိုးမိုးရေး၊ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက အရပ်သားတွေကို အကာအကွယ်ပေးရေး၊ စီးပွားရေးလုပ်ငန်း၊ အလုပ်သမားရေးရာနဲ့ စီးပွားရေးဖွံ့ဖြိုးမှု၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ဘာသာရေး လွတ်လပ်ခွင့်၊ မှုခင်းဆိုင်ရာ တရားမျှတမှု (Criminal Justice) နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ၊ လူ့အခွင့်အရေးနဲ့ စစ်တပ် စတာ တွေ ပါဝင်ပါတယ်” လို့လည်း သူက ပြောပါသေးတယ်။
ဒီစကားဝိုင်းကို တက်ရောက်မယ့် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ထင်ရှားတဲ့သူတွေထဲမှာ အရှေ့အာရှ ဆိုင် ရာ လက်ထောက် ကာကွယ်ရေးဝန်ကြီး ဗစ်ကရမ် ဆင်း (Vikram Singh) နဲ့ အမေရိကန်စစ်တပ်က ပစိဖိတ်ဒေသ စစ်ဦးစီးမှူး ဒု ဗိုလ်ချုပ်ကြီး ဖရန်စစ် ဝီယာစင်စကီ (Francis Wiercinski) တို့လည်း ပါဝင်ပါတယ်။
အခုလို အမေရိကန် စစ်ရေးဆိုင်ရာအရာရှိတွေ မြန်မာပြည်လာတာကို အမေရိကန်နဲ့ မြန်မာ ၂ နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ဆက်စပ်ဆောင်ရွက်မှုတွေ ပြန်လည်သက်ဝင်လာပြီလို့ လုံးဝ မယူဆသင့်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီဌာန အရာရှိတွေက အခိုင်အမာ ပြောဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ဖိတ်လို့ သူတို့ သွားတက်တာလို့လည်း ပင်တဂွန် အရာရှိတွေက ဆိုပါတယ်။
“လူ့အခွင့်အရေးကိစ္စတွေမှာ ကျမတို့ ဘယ်လို ဝိုင်းဝန်းကူညီတယ်၊ အရပ်သား အုပ်ချုပ်ရေးကို ကျမတို့ ဘယ်လို လေးစားတယ် ဆိုတာတွေကို ဆွေးနွေးဖို့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အမေရိကန်-မြန်မာ လူ့အခွင့်အရေးစကားဝိုင်းမှာ ပါဝင်တာ ဖြစ်ပါတယ်။ ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်မှုတွေနဲ့ပတ်သက်တဲ့ အမေရိကန်အစိုးရရဲ့ တရားဝင် မူဝါဒကတော့ လူသားချင်းဆိုင်ရာနဲ့ သံတမန်ရေးဆိုင်ရာ ကိစ္စတချို့ကလွဲလို့ မြန်မာပြည်နဲ့ ကာကွယ်ရေးဆိုင်ရာ ကိစ္စ ရပ်တွေ တိုက်ရိုက်ညှိနှိုင်းဆောင်ရွက်မှု မလုပ်ရေးအဖြစ် ဆက်ရှိနေဆဲပါ” လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ အာရှနဲ့ ပစိဖိတ်လုံခြုံရေးကိစ္စရပ်များဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး ကေသီ ဝေလ်ကင်ဆင်က ပြောပါတယ်။
“မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီနည်းကျ ပြုပြင်ပြောင်းလဲမှုတွေ၊ ရေရှည် တိုင်းရင်းသား ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ အတွက် တိုင်းရင်းသားအင်အားစုတွေနဲ့ ဆက်သွယ်ဆောင်ရွက်တာတွေ၊ ပြီးတော့ လူ့အခွင့်အရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းတာတွေအပေါ် ကျမတို့ အသိအမှတ်ပြုပါတယ်” လို့ သူက ဆိုပါတယ်။
“ဒီကိစ္စတွေမှာ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်၊ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုအနေနဲ့ အဲ့ဒီလို ကြိုးပမ်းဆောင်ရွက်မှုတွေမှာ မြန်မာပြည်ကို ဝိုင်းဝန်းကူညီဖို့ စိတ်ဝင်စားပါတယ်” လို့လည်း သူက ပြောပါသေးတယ်။
နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ဆက်စပ်ဆောင်ရွက်မှုတွေ ပြန်လည်စတင်တာနဲ့ ပတ်သက်ပြီးတော့လည်း ဗိုလ်မှူး ကေသီက “ မြန်မာပြည်မှာ အခုထက် ပိုတိုးတက်မှုတွေ ရှိလာမှပဲ ဖြစ်မှာပါ။ မြန်မာစစ်တပ်အနေနဲ့ အရပ်သားအစိုးရကို ဆက်ပြီး ပံ့ပိုးလိမ့်မယ်၊ အစိုးရကို အားပေးအားမြှောက်ပြုပြီး အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လက်ခံလိမ့်မယ်၊ ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှု တွေရှိနေတဲ့ အနေအထားကနေ ကောင်းမွန်တဲ့ တိုးတက်မှုတွေရှိလာလိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။
“လူ့အခွင့်အရေးကို လေးစားတာ၊ အရပ်သားက စစ်တပ်ကို ကြီးကြပ်တာနဲ့ လုပ်ငန်းပွင့်လင်းမြင်သာမှု ဆိုတာတွေက စနစ်ကျတဲ့ ခေတ်မှီတပ်မတော်တွေရဲ့ အရည်အသွေးတွေဖြစ်ပါတယ်။ အဲ့ဒီအရာတွေဟာ တရားဝင်မှုအတွက် အရေးပါတဲ့ အရာတွေပါပဲ။ အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီကိစ္စတွေမှာ သိပ်ကို အလေးအနက်ထားပါတယ်” လို့ သူက ပြောပါတယ်။