ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေသည့် တနှစ်ကျော် ကာလအတွင်း မတရားသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/ ၁ ဖြင့် ထောင်ကျသွားသူ ၁၁ ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ တရားရုံးတွင် ပုဒ်မ ၁၇/ ၁ ဖြင့် ရင်ဆိုင်နေရသူ ၄၀ ဦးခန့်ရှိနေကြောင်း အကြမ်းဖျဉ်း စာရင်းပြုစုထားသူ ရှေ့နေ ဦးမာခါးက ပြောသည်။
တခြား ပေါက်ကွဲစေတတ်မှု၊ မသင်္ကာမှု များနှင့်ဆိုပါက ၇ဝ ကျော်ရှိနေသည်ဟု သိရသည်။
“အမိန့်ချထားတာ ၁၈ ယောက်ရှိတယ်၊ ၇ ယောက်ကတော့ လွတ်သွားတယ်၊ ၁၁ ယောက် ထောင်ကျတယ်” ဟု ရှေ့နေ ဦးမာခါးက ဆိုသည်။
အဖမ်းခံရသူ အများစုမှာ စွပ်စွဲခံရသူများ ဖြစ်ပြီး စွပ်စွဲခံရသူများမှာ ရှေ့နေ ငှားရမ်းနိုင်ခြင်းမရှိကြောင်း၊ မည်သည့် အဖွဲ့အစည်းကို အကူအညီ တောင်းခံရမည် မသိသည့် စစ်ပြေးဒုက္ခသည်များနှင့် ရွာသားများ ဖြစ်ကြကြောင်းလည်း ၎င်းက ရှင်းပြသည်။
လက်ရှိတွင် ထိုကဲ့သို့ ဖမ်းဆီးနေမူများမှာ အုပ်ချုပ်သူ အစိုးရ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး၊ ပြုပြင်ပြောင်းလဲရေး များကို ထိခိုက်စေနိုင်သည်ဟု ကချင်ပြည်နယ် အင်ဂျန်ယန်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ပြောသည်။
“ဖားကန့်မှာ ကျောက်တူးတဲ့ ကုမ္မဏီတွေကလည်း KIA ကို ထောက်ပံ့ကြေး ပေးရတာရှိတယ်။ သူဌေးတွေကို မဖမ်းဘဲနဲ့ ဆင်းရဲသားတွေ ကိုချည်းပဲ ဖမ်းတာကတော့ မသင့်လျော်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ဧပြီလ ကတည်းက လွှတ်တော်မှာ တင်ပြ ထားဖူးပါတယ်။ တချို့ ပြန်လွတ်တာတွေလည်း ရှိတယ်။ လက်ရှိ အောက်ခြေမှာ လုပ်လိုက်တဲ့ လုပ်ရပ်တွေက အစိုးရနဲ့ တပ်မတော်အပေါ် အယုံအကြည် မဲ့စေတာမျိုး ဖြစ်စေပါတယ်” ဟု သူက ဆိုသည်။
သင်္ကန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပုဒ်မ ၁၇ နှင့် ပုဒ်မ ၅ (ည) ကို အပြီးတိုင် ဖျက်သိမ်းပေးရန် လွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့ရာ ၈ မဲသာ ရရှိခဲ့သဖြင့် ရှုံးနိမ့်ခဲ့သည်။
ယင်း ဥပဒေများသည် လက်ရှိအချိန် ဒီမိုကရေစီ အပြောင်းအလဲ၊ လူ့အခွင့်အရေး စံသဘောများနှင့် ကိုက်ညီမှု မရှိကြောင်း၊ လက်ရှိ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များ၊ နိုင်ငံ ပြုပြင်ရေးများ ပြုလုပ်ရန်အတွက် ပြည်ပရောက် မြန်မာပြည်သားများကို ပြန်လည် ဖိတ်ခေါ်နေသည့် အချိန်တွင် ယင်း ဥပဒေများသည် ဆီလျော်မှုမရှိသဖြင့် ဖျက်သိမ်းသင့်ပြီ ဖြစ်ကြောင်း ဦးသိန်းညွန့်က ဧရာဝတီကို ပြောသည်။
“ပုဒ်မ ၁၇ ဆိုတာက ကိုလိုနီခေတ်က ပြဌာန်းထားတာ။ ၁၉၀၈ ခုနှစ်လောက်က မြန်မာနိုင်ငံမှာ အင်္ဂလိပ်က မန္တလေးကို သိမ်းနိုင်ပေမယ့် မျိုးချစ်တွေက ပြန်တုန့်ပြန်ကြတယ်၊ အဲဒါကြောင့် ပုဒ်မ ၁၇ နဲ့ ဖမ်းချုပ်တာပေါ့” ဟု သူက ဆိုသည်။
ပုဒ်မ ၁၇/ ၁ သည် မတရားသင်းနှင့် ဆက်သွယ်ပြီး အောက်ခြေအဆင့်တွင် ပံ့ပိုးခြင်းဖြစ်ပြီး ထောင်ဒဏ် ၂ နှစ်မှ ၃ နှစ် အထိ ချမှတ်နိုင်ကြောင်း၊ ပုဒ်မ ၁၇/ ၂ သည် မတရားသင်းတွင် ကိုယ်တိုင် ပါဝင်ဦးဆောင်သည့် အပိုင်းမှ ဖြစ်ကာ ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်ထိချမှတ်နိုင်ကြောင်း သိရသည်။
ဖမ်းဆီး ခံရသူအများစုသည် ညှဉ်းပမ်းနှိပ်စက်ခံကြရကြောင်း၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်ခံရသည့် ဖားကန့်မှ ဦးမဂျီယော်ထုန် သည်စစ်ကြောစဉ်က လက်နှိပ်ဓာတ်မီး အကြီးဖြင့် ရိုက်နှက်ခံရမှုကြောင့် ဘယ်ဘက်ခေါင်း တခြမ်းတွင် ထုံကျဉ်သည့် ဝေဒနာကို ခံစားနေရကြောင်း ရှေ့နေ ဦးမာခါးက ပြောပြသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်းရှိ သာလောကြီး ရွာသား ၂ ဦးကို KIA စစ်သား အဖြစ် စွပ်စွဲကာ နှိပ်စက် ညှဉ်းပမ်း စစ်ဆေးခဲ့ရာတွင် ဘာသာရေး စော်ကားမူ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းတို့၏ ဇနီးများက ကုလ သမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား၊ ၈၈ ကျောင်းသား ခေါင်းဆောင်များ၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၁၈ နေရာသို့ စာပေးပို့ အကူအညီ တောင်းခဲ့ကြောင်း သိရသည်။
မြစ်ကြီးနား တရားရုံးက နှိပ်စက်ညှဉ်းပမ်းရာတွင် ပါဝင်ခဲ့သည်ဆိုသည့် တရားလို ရဲတပ်ဖွဲ့ဝင်များကို တရားရုံးသို့ လာရောက်ရန် ဆင့်ခေါ်ခဲ့သော်လည်း လာရောက် ခြင်းမရှိခဲ့ကြောင်း အဆိုပါအမှုတွင် တရားခံအဖြစ် စွပ်စွဲခံရသူ ရွာသားများဘက်မှ ရှေ့နေ လိုက်ပေးနေသည့် ဦးမာခါးက ဆိုသည်။
အောက်တိုဘာလ ၁၆ ရက်နေ့တွင် သာလောကြီး ရွာသားများကို စစ်ဆေး ရုံးတင်ခဲ့သည့် တရားလို ရဲတပ်ဖွဲ့ဝင်များကို တရားရုံးက စစ်ဆေးမည့် ရုံးချိန်း ထပ်မံရှိသေးကြောင်း သူက ဆက်ပြောသည်။