မြန်မာနိုင်ငံတွင် နိုင်ငံခြားနှင့် ချိတ်ဆက်ထားသော ကုမ္ပဏီတချို့က ရင်းနှီးမြှုပ်နှံမှုဘဏ် (Investment Bank) လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိပြီဟုဆိုကာ ငွေကြေးနှင့် အစုရှယ်ယာထည့်ဝင်ကြရန် ကြော်ငြာမှုများရှိနေပြီး ယင်းသို့ လုပ်ရပ်များမှာ တရားမဝင်ကြောင်းနှင့် ပြည်သူများ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ကြရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက သတိပေး ပြောဆိုလိုက်သည်။
ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲလာချိန်တွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် ဘဏ်များနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ စနစ်ကျစွာ ပေါ်ထွန်းရန် လုပ်ဆောင်ဆောင်လျက်ရှိကြောင်း၊ စီးပွားရေးအခွင့်အလမ်း များပြားလာချိန် အင်တာနက်၊ အီးမေးလ်နှင့် မီဒီယာများမှတဆင့် ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းလိုင်စင် ရရှိပြီဟုဆိုကာ ငွေကြေးထည့်ဝင်ခိုင်းမှုများနှင့် အစုရှယ်ယာ ခေါ်ယူမှုများ ရှိလာကြောင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် ယင်းသတင်းများအပေါ် ချက်ချင်းတုံ့ပြန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
“နိုင်ငံခြားကို အခြေပြုထားတဲ့ ကုမ္ပဏီတခု၊ နှစ်ခုလောက်ကနေပြီးတော့ Investment Bank လုပ်ခွင့်ရထားပြီဆိုပြီး မီဒီယာတွေမှာ ဖော်ပြနေတာတွေ့ရတယ်။ အဲဒီလိုဖော်ပြရုံနဲ့ အီးမေးလ်တွေပို့ပြီး ငွေတွေထည့်ကြပါပေါ့နော်၊ ရင်းနှီးမြှုပ်နှံကြပါဆိုပြီး ခေါ်တယ်ဆိုတဲ့ သတင်းတွေလည်း ဖြစ်နေတယ်။ ဘယ်နိုင်ငံခြားဘဏ်ကိုမှ ပြည်တွင်းမှာ ဘဏ်လုပ်ငန်းလုပ်ခွင့် လိုင်စင်ပေးမထားဘူး။ အခု Investment Bank လိုင်စင်ရပြီလို့ ပြောနေတဲ့ အဖွဲ့အစည်းတွေတောင်မှ မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးခွဲ ထောင်ခွင့်မရှိသေးဘူး” ဟု ဒေါက်တာ မောင်မောင်သိမ်းက ရှင်းပြသည်။
ငွေရေးကြေးရေး အဖွဲ့အစည်းဥပဒေအရ ခွင့်ပြုချက်မရှိဘဲ ငွေရေးကြေးရေးလုပ်ငန်းများတွင် လုပ်ကိုင်ပါက ငွေဒဏ် ၅ သောင်း၊ ထောင်ဒဏ်ငါးနှစ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ချမှတ်ခံရမည်ဖြစ်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
မြန်မာနိုင်ငံတွင် ငွေစုငွေချေးအသင်းပုံစံဖြင့် အတိုးပေးပြီး ငွေကြေးလိမ်လည်သွားသော ဆိုးရွားခါးသီးသည့် အတွေ့အကြုံများရှိခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေနှင့် သတိထားကြစေလိုကြောင်း ဒု ဝန်ကြီးက ဆက်လက်ပြောသည်။
“ငွေရေးကြေးရေး အဖွဲ့အစည်းဆိုတာက အင်မတန်မှ လူထုကို လှည့်ဖြားလို့လွယ်တဲ့ အဖွဲ့အစည်းတွေ။ အတိုးပေးမယ်၊ ငွေထည့်ကြပါဆိုတော့ ငွေထည့်ကြတယ်။ နောက်ကျတော့ ငွေမပေးဘဲ လိမ်သွားတယ်။ ဒါမျိုးအတွေ့အကြုံတွေ
မြန်မာပြည်သူတွေ ခံစားရပြီးပြီ။ မြန်မာပြည်မှာ ငွေစုငွေချေးအသင်းတွေမှာ အတိုးရလို့ ငွေထည့်ပြီး ပြန်မရတာမျိုးတွေ ဖြစ်ခဲ့ပြီ။ ပြည်သူတွေခံခဲ့ရပြီးပြီ။ ဆိုးရွားတဲ့၊ ခါးသီးတဲ့ အတွေ့အကြုံတွေ ရှိခဲ့ပြီးပြီ” ဟု ၎င်းက ဆိုသည်။
မြန်မာ့ချေးငွေ သက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီမှ အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ပြည်သူများအနေနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင်လည်းကောင်း၊ အစုရှယ်ယာနှင့် ငွေကြေးထည့်ဝင်မှုများပြုလုပ် ရာတွင် သေချာစွာစုံစမ်းပြီးမှ လုပ်ဆောင်သင့်ကြောင်း၊ အထူးသဖြင့် မိမိရှယ်ယာနှင့် ငွေကြေးထည့်ဝင်ရမည့် ကုမ္ပဏီ၏ နောက်ကြောင်းကို လေ့လာစုံစမ်းရမည်ဖြစ်ကြောင်း ပြောသည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ငွေကြေးတည်ငြိမ်ရေးတို့တွင် အစိုးရ၏ငွေကြေးမူဝါဒ၊ ဗဟိုဘဏ်၏ ငွေရေးကြေးရေး အဖွဲ့အစည်းများ ထိန်းကျောင်းစိစစ်နိုင်မှု အရေးကြီးကြောင်း ပြည်တွင်းစီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုက ဆိုသည်။
“ငွေရေးကြေးရေး အဖွဲ့အစည်းတွေကို ဗဟိုဘဏ်ရဲ့ Monitor & Surveillance က အရေးကြီးတယ်။ ဘဏ်လုပ်ငန်း လုပ်တဲ့သူတွေက တခြားစီးပွားရေး လုပ်ငန်းတွေ အများကြီးမလုပ်ဖို့ လိုတယ်” ဟု ဒေါက်တာ အောင်ကိုကိုက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က သစ္စာပန်းခင်း၊ ဧရာမြေ၊ မဟာဓနံ အစရှိသည့် ငွေစုငွေချေး လုပ်ကိုင်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများစွာ ပေါ်ပေါက်ခဲ့ပြီး အတိုးနှုန်းကောင်းကောင်းပေးကာ ငွေအစုအလိုက်အပြုံလိုက် လိမ်လည်မှုများ ဖြစ်ပွားခဲ့သည်။