ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ၏ ပထမအကြိမ် ပြည်လုံးကျွတ် ညီလာခံမှ လက်ရှိ သမ္မတတာဝန်ထမ်း ဆောင်နေသော ဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုက်ညီမှု ရှိ မရှိ အငြင်းပွားဖွယ်ရှိနေကြောင်း သိရသည်။
ကြံ့ခိုင်ရေးပါတီ၏ ပထမအကြိမ် ပြည်လုံးကျွတ် ညီလာခံကို နေပြည်တော်တွင် ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပခဲ့ပြီး ညီလာခံအတွင်း သမ္မတ ဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌ အဖြစ် ပြန်လည် ရွေးကောက် တင်မြှောက်ခြင်း ဖြစ်သည်။
“နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများသည် နိုင်ငံရေးပါတီတခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယ သမ္မတများအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ” ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၃၊ ပုဒ်မ ၆၄ တွင် ဖော်ပြထားသည်။
ရှေ့နေတဦးလည်းဖြစ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အထက်ပါ ဥပဒေပုဒ်မအရ သမ္မတ၊ ဒု သမ္မတ တာဝန်ယူလျှင် ပါတီ လုပ်ငန်းများကို ဝင်ရောက် မလုပ်ရဟူ၍သာ ရေးသားထားကြောင်း၊ ပါတီဝင်အဖြစ်မှ နုတ်ထွက်ရမည်ဟု ဖော်ပြမထားကြောင်း ဧရာဝတီသို့ ပြောသည်။
“ပါတီဝင်အဖြစ်က မနုတ်ထွက်ရတဲ့အတွက် ပါတီဥက္ကဋ္ဌအဖြစ် သူ့ကို ပြန်ရွေးတာကလည်းပဲ အခြေခံဥပဒေအရ ဘယ်လိုမှ ပြောစရာ မရှိဘူး” ဟု ၎င်းက ဆိုသည်။
ရန်ကုန်မြို့မှ ရှေ့နေကြီး ဦးအောင်သိန်းကလည်း ဖွဲ့စည်းပုံတွင် နိုင်ငံတော် သမ္မတသည် ပါတီတာဝန်မှ စွန့်လွှတ်ရမည်ဟု ဖော်ပြမထားသည့်အတွက် ယခုကဲ့သို့ သမ္မတ ဦးသိန်းစိန်ကို ပါတီ ဥက္ကဋ္ဌ ရာထူးနေရာတွင် ပြန်လည် ရွေးချယ်တင်မြှောက်ခြင်းဖြစ်နိုင်ကြောင်း ပြောသည်။
“ဖွဲ့စည်းပုံမှာက သမ္မတ၊ ဒု သမ္မတ ဖြစ်ရင် ပါတီလုပ်ငန်း ပါဝင်ဆောင်ရွက်ခွင့် မရှိဆိုတာပဲပါတယ်။ ဒီတာဝန်တွေကို စွန့်ရမယ်ဆိုပြီး ဒီကိစ္စ ရှင်းရှင်းလင်းလင်းတော့ ဖော်ပြမထားဘူး” ဟု သူက ဆိုသည်။
ဒီမိုကရေစီပါတီ (မြန်မာနိုင်ငံ) မှ ခေါင်းဆောင်တဦးဖြစ်သည့် ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေကမူ သမ္မတ ဦးသိန်းစိန်အား ပါတီဥက္က္ကဋ္ဌရာထူး ပြန်လည် ရွေးချယ်တင်မြှောက်သည့်အပေါ် ဖွဲ့စည်းပုံအရ မရှင်းလင်းကြောင်း၊ အကယ်၍ ပါတီ ဥက္ကဋ္ဌရာထူးဖြင့် သမ္မတ ဦးသိန်းစိန်ဖြစ်နေပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် မကိုက်ညီကြောင်း ဧရာဝတီသို့ ပြောသည်။
“အဲဒါ ကျနော်တို့ နားလည်သလောက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ ဝန်ကြီးဖြစ်စေ၊ သမ္မတဖြစ်စေ တာဝန်ယူလို့ရှိရင် ပါတီလှုပ်ရှားမှုမှာ မပါရဘူးလို့ ပါတာတွေ့တယ်လေ။ သမ္မတကြီး ဦးသိန်းစိန်ကို မနေ့က ကျနော် သတင်းစာထဲမှာ တွေ့လိုက်တယ်။ ဘယ်နှယ်လဲလို့၊ ဒါဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတာပဲလို့ တွေးမိတယ်။ ဒီလိုပဲ ကျနော်နားလည်တယ်လေ” ဟု ၎င်းက ဆိုသည်။
ဦးသုဝေက ဆက်လက်၍ “ပါတီတွင်း ရှုပ်ထွေးမှုတွေ ရှိကောင်းရှိနိုင်တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအတိုင်း သူတို့လုပ်ရမယ်လေ။ သမ္မတကြီး ဦးသိန်းစိန်သည် ပါတီ ဥက္ကဋ္ဌကြီးဆိုတာ ဖြစ်တယ်ဆိုရင်တော့ ဒါဟာ ပြောစရာ ဖြစ်လာမယ်။ ကျနော်တို့လည်းပဲ ဒါဟာ ပြန်ပြီးတော့ သေချာအောင် မေးရမှာပဲ” ဟု ပြောသည်။
ဦးသိန်းစိန်သည် သမ္မတ တာဝန်ယူသည့် ၂၀၁၁ မတ်လ ၃၁ ရက်နေ့မှ စတင်ကာ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌရာထူး တာဝန်ကို ထမ်းဆောင်ခဲ့ခြင်း မရှိတော့ဘဲ ပါတီဥက္ကဋ္ဌရာထူးနေရာ လစ်လပ်နေသည့်အတွက် ယခု ကျင်းပသည့် ပထမအကြိမ် ပါတီညီလာခံမှ ပါတီ ဥက္ကဋ္ဌအသစ်နှင့် ခေါင်းဆောင်အသစ်များ ပေါ်ထွက်လာမည်ဟု ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များက အစောပိုင်းက ပြောကြားခဲ့ကြသေးသည်။
ကြံ့ခိုင်ရေး ပါတီဗဟို အလုပ်အမှုဆောင် ဦးအောင်သောင်းက “ပါတီ ဥက္ကဋ္ဌက လက်ရှိ သမ္မတပဲ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၆၄ အရ သမ္မတက ပါတီနိုင်ငံရေး လုပ်ခွင့်မရတာ။ ပါတီက နုတ်ထွက်စရာ မလိုဘူး။ သမ္မတက ဦးဆောင်နေတာ အားလုံး ကောင်းနေတာပဲ” ဟု ပြောသည်။
ကြံ့ခိုင်ရေး ပါတီညီလာခံမှ ပါတီ ဥက္ကဌအဖြစ် သမ္မတ ဦးသိန်းစိန်၊ ဒု ဥက္ကဌအဖြစ် သူရ ဦးရွှေမန်း (တွဲဖက် ဥက္ကဋ္ဌ တာဝန်ယူရမည်)၊ ဒု ဥက္ကဋ္ဌ နောက်ထပ် ၂ ဦးအဖြစ် သူရ ဦးအေးမြင့်နှင့် ဦးဌေးဦး၊ အတိုင်ပင်ခံ ၃ ဦးအဖြစ် ဦးအောင်သောင်း၊ ဦးတင်ထွဋ်၊ ဦးစိုးသာ၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်သိမ်း၊ တွဲဖက် အထွေထွေအတွင်း ရေးမှူးအဖြစ် ဦးသိန်းဇော်၊ အတွင်းရေးမှူးအဖြစ် ဦးခင်အောင်မြင့်တို့အား ရွေးချယ် တင်မြှောက်ခဲ့ကြသည်။
“သမ္မတက ပါတီ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်လို့ မရဘူး။ သို့သော်လည်းပဲ နိုင်ငံတကာမှာလည်းပဲ ရှိပါတယ်။ ဥက္ကဋ္ဌ ရာထူး တာဝန် ပေးထားတယ်။ သူရဲ့ ဥက္ကဋ္ဌ ရာထူးတာဝန်ကိုတော့ ကျန်တဲ့သူက တွဲလုပ်ရမှာပေါ့။ သူမှ မလုပ်နိုင်တာပဲ။ ဥက္ကဋ္ဌ နေရာမှာ သမ္မတကြီး ဆက်ရှိနေမှာပါ” ဟု ညီလာခံ ပထမနေ့အပြီး ဧရာဝတီနှင့် တွေ့ဆုံရာတွင် ဦးဌေးဦးက ပြောခဲ့သည်။
ယခုကဲ့သို့ သမ္မတ ဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌအဖြစ် ပါတီညီလာခံက ပြန်လည် ရွေးချယ်တင်မြှောက်လိုက်ခြင်းသည် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်ခြင်းဖြစ်ပြီး ပါတီ၏ ရှေ့ရေးအတွက် ယခုကဲ့သို့ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။
“ဒီကနေ့ သမ္မတဟာ လူကြိုက်များလာတယ်လေ။ အဲဒီတော့ သူတို့ပါတီအနေနဲ့ လာမယ့် ရွေးကောက်ပွဲအတွက် ပြင်ကြ ဆင်ကြတဲ့ သဘောပဲ” ဟု ၎င်းက ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် ဟူသည့် လွှတ်တော် ၃ ရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ နေရာအနက် ကြံ့ခိုင်ရေးပါတီက ၈၈၂ နေရာ (၇၆.၅ ရာခိုင်နှုန်း) ကို အငြင်းပွားဖွယ်ရာ မဲရလဒ်များဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ၏ အားသာချက် ၂ ချက်ရှိသည်ကို သတိပြုမိရန် လိုအပ်ကြောင်း ဦးသိန်းညွန့်က ဆိုသည်။
“တချက်က တပ်မတော်အမတ် ၂၅ ရာခိုင်နှုန်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရယူခွင့် ရှိတယ်။ ဒုတိယ တချက်ကလည်း သူတို့ တပ်မတော်က အရာရှိတွေ၊ ဗိုလ်ပြုတ်တွေ တည်ထောင်ထားတဲ့ ပါတီဖြစ်တယ်။ သူတို့ဆီမှာ နိုင်ငံရေးအရ ကျနော်တို့ မပြောလိုပေမယ့် စနစ်ကျတယ်၊ စနစ်တကျ သူတို့လုပ်တယ်။ နောက်ပြီးတော့ သူတို့တွေဟာ အမှားတွေကို သင်ခန်းစာယူ ပြင်ဆင်တဲ့ အရည်အချင်းရှိတယ်” ဟု ဦးသိန်းညွန့်က ထောက်ပြသည်။