သတင်း

စစ်တပ် သရော်သည့် ကာတွန်း သတိပေးခံရ

This article has been converted from Zawgyi One to Unicode

အစိုးရ တပ်မတော်ကို သရော်ထားသည့် ကာတွန်းပုံ တပုံ ပြည်တွင်းထုတ် မြန်မာတိုင်းမ် ဂျာနယ်တွင် ဖော်ပြခဲ့ခြင်းနှင့် ပတ် သက်ပြီး တပ်မတော် ကိုယ်စားပြုထားသည့် မြဝတီ သတင်းဌာနက အင်တာနက် စာမျက်နှာမှတဆင့် ဆောင်းပါး ရေးသားပြီး သတိပေးလိုက် သည်။

လက်ရှိတပ်မတော်၏ အနှောင့်အယှက်ကြောင့် သမ္မတ ဦးသိန်းစိန် ဆောင်ရွက်နေသော ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ မအောင်မြင်သည့် အဓိပ္ပာယ် ယူဆရသော ကာတွန်းကို အောက်တိုဘာ ၈ ရက်နေ့ထုတ် မြန်မာတိုင်း(မ်)ဂျာနယ်၏ အင်္ဂလိပ် ပိုင်းတွင်ဖော်ပြခဲ့သည့်အတွက် ဆောင်းပါးရှင် ပြည်ချစ်သား က“အမှန်က ဤသို့ဖြစ်ပါသည်”ဟူသော ဆောင်းပါးဖြင့် ယမန်နေ့က တုံ့ပြန်ရေးသား၍ သတိပေးထားခြင်း ဖြစ်သည်။

ကာတွန်းရေးဆွဲသူနှင့် တည်းဖြတ်သူများ၊ အယ်ဒီတာချုပ်၊ ဂျာနယ်တိုက် ပိုင်ရှင်များအနေဖြင့် နောင်တွင် ထပ်မံ မမှားယွင်း စေ ရေး သတိပြုဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဆောင်းပါးက ဆိုထားသည်။

ထိုကာတွန်းပုံသည် တပ်မတော်၏ မူဝါဒနှင့်လုံး၀ ဆန့်ကျင်လျက်ရှိသည်ကို အများပြည်သူ သိစေလိုကြောင်း၊ တပ်မတော် သည် နိုင်ငံတော်၏ လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတော်နှင့် တသွေးတည်း တသား တည်း ရှိကြောင်းလည်း ဆောင်းပါး၌ ပါရှိသည်။

အဆိုပါ မြဝတီ က ဆောင်းပါးသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှှိုင် ၏ အာဘော် ဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးနှင့် စစ်တပ်အရာရှိ တဦးဖြစ်သူ ဦးဇော်ဌေး(မှူးဇော်)၏ ဖေ့စ်ဘုတ်တွင်လည်း ယမန်နေ့က ရေး သား ထားသည်။

ပြန်ကြားရေး ဒု ဝန်ကြီးနှင့် တပ်မတော် အရာရှိဟောင်း ဦးရဲထွဋ်ကလည်း“မြန်မာတိုင်းမ် ဂျာနယ်ပါ ကာတွန်းနဲ့ပတ်သက်ပြီး တပ်မတော်သား တဦးရဲ့ခံစားချက် အတိုင်းပဲ တပ်မတော်သားဟောင်း တဦးဖြစ်တဲ့ ကျနော်လည်း ဆောင်းပါးရှင်လိုပဲ အဲဒီ ကာတွန်းကြောင့် စိတ်မကောင်း ဖြစ်ရပါတယ်”ဟု သူ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားသည်။

စစ်တပ်အနေဖြင့် ၎င်းတို့၏ သဘောထားကို ပြည်သူများထံ ထိုသို့ အသိပေးလာခြင်းသည် ကောင်းမွန်သည့် လုပ်ရပ် ဖြစ်ကြောင်း၊ ကလောင်ဝှက်နှင့် ရေးသားခြင်းထက် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ကာ စစ်တပ်၏ လုပ်ဆောင်ချက် သဘောထားများကို ပြည်သူများထံ ထုတ်ဖော်ချပြ ပေးပါက ပိုမိုကောင်းမည်ဟု ထင်ကြောင်း မြန်မာတိုင်းမ် ဂျာနယ်၏ အင်္ဂလိပ်ပိုင်း အယ်ဒီတာ Thomas Kean က ဧရာဝတီ ကို ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ပြန်ကြားရေး ဝန်ကြီးဌာန မှ တစုံတရာ ပြောဆိုခြင်း မရှိသေးသကဲ့သို့ မည်သည့် ခြိမ်းခြောက်မှုမှ မရှိ ကြောင်းလည်း ၎င်းက ဆိုသည်။

ဧရာဝတီ၌ ပင်တိုင် နိုင်ငံရေး ကာတွန်းများ ရေးဆွဲခဲ့သော အဆိုပါ ကာတွန်းရေးဆွဲသူ ကိုဟန်လေး က“ကျနော်က အဖြစ်မှန် ကို ရေးဆွဲထားတာပါ၊ ဆောင်းပါးက သတိပေး ရေးသားထားတဲ့ အပေါ်မှာလည်းပဲ ဘယ်လိုမှ မခံစားရပါဘူး၊ နောင်လည်း ဆွဲဦးမှာပါ”ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် ရပ်စဲမှု မရှိခြင်းသည် စစ်တပ်က တိုက်ခိုက်နေ၍ ဖြစ်ကြောင်း၊ ထိုကာတွန်းသည် မည်သူ့ကိုမျှ ထိ ခိုက်စေလိုသည့် ဆန္ဒဖြင့် ရေးဆွဲခြင်း မဟုတ်ကြောင်းလည်း ဧရာဝတီသို့ ကာတွန်း ဟန်လေးက ပြောသည်။

“ငြိမ်းချမ်းရေး ကိစ္စတွေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၆ လ လောက် ကတည်းကဆွဲထားတာပါ၊ ဒါပေမယ့် အခုချိန်မှာလည်းပဲ စစ်တပ် က တိုက်တာ မရပ်သေးတာရယ်၊ သူတို့ကလည်း ကာတွန်းလို ချင်တယ်ပြောတော့ ဒီပုံပေး လိုက်တာပါ”ဟု ကိုဟန်လေး က ဆို သည်။

ဒီမိုကရေစီ ဖော်ဆောင်နေခြင်း၊ ဒီမိုကရေစီ စနစ် ကျင့်သုံးနေခြင်း ဖြစ်သည်ဟု ပြောဆိုနေသည့်တိုင် ယခုကဲ့သို့ ကာတွန်းပုံ တပုံ ကိစ္စ သည်းမခံနိုင်ခြင်း အပေါ် နားလည်ရခက်ခဲကြောင်း ၎င်းက ဆက်ပြောသည်။

ကာတွန်းဆရာ ဟန်လေးသည် နိုင်ငံရေး ကာတွန်းရုပ်ပြောင်များကို အဓိကရေးဆွဲလေ့ရှိသူဖြစ်ပြီး စစ်တပ်အကြီးအကဲဟောင်း
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် စစ်တပ်နှင့်ပတ်သက်သော ကာတွန်းများကို အစဉ်တစိုက်ရေးဆွဲနေသူလည်း ဖြစ်သည်။

ကာတွန်းပုံသည် တဦးတယောက်ကို ထိခိုက်စေရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ အများပြည်သူ အကျိုးပြုမည်ဟုယူဆပါက ဖော်ပြ ထည့်ပေးသင့်ကြောင်း၊ ဆောင်းပါးတွင် ရေး သား သတိပေးချက်သည်လည်း စာရေးသူ၏ အာဘော်ဖြစ်၍ လွတ်လပ်စွာ ရေးသား ခွင့်ရှိကြောင်း မြန်မာတိုင်းမ် ဂျာနယ် တာဝန်ခံ အယ်ဒီတာ(မြန်မာပိုင်း) ဦးဇော်မြင့်ကလည်း ပြောဆိုသည်။

စိစစ်ရေးကို တင်ပြရခြင်း မရှိတော့သော်လည်း စာပေလွတ်လပ်ခွင့် အပြည့်မရှိသေးကြောင်း၊ မိမိတို့စာစောင်တွင် ဖော်ပြချက် များနှင့် ပတ်သက်၍ ပြဿနာ တစုံတခု ဖြစ်ပေါ်ပါက တာဝန်ယူရမည်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများကို အကျိူးပြု မည်ဟု ယူဆပြီး မည်သူ့ကိုမျှ ထိခိုက်မှုမရှိသည်များကို ထည့်သွင်းဖော်ပြမည်ဟုလည်း ပြောသည်။

Loading