ကချင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတခု ဖြစ်သော ကန်ပိုက်တီး လမ်းရှိ ကန်ပိုက်တီး တံတား ပြန်လည် ပြုပြင် တည်ဆောက်ရေး ကြန့်ကြာနေ၍ သယ်ယူပို့ဆောင်ရေး အခက်အခဲရှိကြောင်း သတင်းရရှိသည်။
“ကန်ပိုက်တီးက လုံး၀ သုံးလို့ မရတာတော့ မဟုတ်ဘူး။ ဆိုင်ကယ်တွေ၊ ဂျစ်ကားတွေ သွားလို့ ရတယ်။ ကားကြီးတော့ ဖြတ်လို့မရ ဘူး။ ပစ္စည်းတွေကိုတော့ ကောင်းကင် ကြိုးတန်း လုပ်ထားတယ်၊ ကြိုးတွေနဲ့ ဆိုင်းပြီး ဒီဘက်ကို ပို့ရတယ်”ဟု မြစ်ကြီးနားမြို့မှ ဒေ သခံ ကုန်သည်တဦးက ပြောသည်။
ပြီးခဲ့သည့် ဧပြီလက ကချင်လွတ်လပ်ရေး တပ်မတော်(KIA)ဖျက်ဆီးလိုက်သည့် ကန်ပိုက်တီး တံတားကို ကချင်ပြည်နယ် အစိုးရ အဖွဲ့နှင့် တရုတ်နိုင်ငံပိုင် တိန်ချုံး ဆောက်လုပ်ရေး ကုမ္ပဏီတို့က ပြန်လည်တည်ဆောက်ရန် ညှိနှိုင်းထားသော်လည်း တိန်ချုံး ကုမ္ပဏီ ဘက်မှ စတင်ဆောင်ရွက်မှု မရှိသေးကြောင်း သိရသည်။
ကချင်ပြည်နယ် အစိုးရ လမ်းတံတား ဝန်ကြီး ဦးကမန်းဒူနော် က “ဆောက်ပေးမယ်လို့ ပြောထားပြီးသားကို သူတို့ဘက်က ဘာမှ စ မလုပ်သေးဘူး။ မေးတော့ နယ်မြေလုံခြုံရေးကို အကြောင်းပြတယ်။ ကျနော်တို့ဘက်ကတော့ အလုပ်ဖြစ်အောင် ဆက်ညှိနှိုင်းသွား မယ်”ဟု ဆိုသည်။
ကန်ပိုက်တီး တံတားသည် အစိုးရစစ်တပ် ထိန်းချုပ်နယ်မြေအတွင်း တည်ရှိသဖြင့် ပြန်လည် တည်ဆောက်မည် ဆိုပါက အချိန်တို အတွင်း ပြီးစီးနိုင်ပြီး တိန်ချုံး ကုမ္ပဏီအနေဖြင့် နယ်မြေလုံခြုံရေးကို အကြောင်းပြခြင်းသည် ခိုင်မာမှုမရှိကြောင်းလည်း ဦးကမန်းဒူနော် က ပြောဆိုသည်။
ဝိုင်းမော်မြို့နယ်အတွင်းရှိ ကန်ပိုက်တီး တံတားကို စတင် တည်ဆောက်စဉ် ယခင် စစ်အစိုးရလက်ထက် ကတည်းက တိန်ချုံး ကုမ္ပဏီနှင့် တည်ဆောက်ခဲ့ခြင်းဖြစ်၍ တံတား ပျက်စီးယိုယွင်းပါက ပြန်လည်တည်ဆောက်ပေးရန် သဘောတူညီချက် ရှိထားကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း KIA နှင့် အစိုးရတပ်များအကြား တိုက်ပွဲများဖြစ်ပွားစဉ် KIAက အစိုးရ တပ်များ၏ ရိက္ခာ ထောက်ပံ့မှုကို ဖြတ် တောက်ရန် ရည်ရွယ်ချက်ဖြင့် လမ်း၊ တံတား တချို့ကို ဖျက်ဆီးမှုများ ပြုလုပ်ရာတွင် ကန်ပိုက်တီး တံတားလည်း ပါဝင်ခဲ့ သည်။
ကန်ပိုက်တီး၊ လိုင်ဇာ၊ မိုင်ဂျာယန်နှင့် ပန်ဝါ ဟူ၍ ကချင်ပြည်နယ်၌ တရုတ်နိုင်ငံနှင့် ဆက်သွယ်သည့် နယ်စပ် စခန်း ၄ ခု ရှိသည့် အနက် ကန်ပိုက်တီး စခန်းတခုကိုသာ လက်ရှိအချိန်တွင် အသုံးပြုနိုင်ကြောင်း ဒေသခံ ကုန်သည်များက ပြောဆိုကြသည်။
လိုင်ဇာနှင့် မိုင်ဂျာယန်သည် KIA ထိန်းချုပ်နယ်မြေအတွင်း တည်ရှိပြီး ၂၀၁၁ ခုနှစ် ဇွန်လအတွင်း KIA နှင့် အစိုးရတပ်များ၏ တိုက်ပွဲများ စတင်ဖြစ်ပွားစဉ်ကတည်းက အသုံးမပြုကြတော့ကြောင်း၊ ပန်ဝါ စခန်းမှာလည်း နယ်မြေ လုံခြုံမှုမရှိကြောင်း သိရသည်။
“ပန်ဝါစခန်းက နယ်ခြားစောင့်တပ်ရှိတယ် ဆိုပေမယ့် အဲဒီဘက်မှာ နယ်မြေ မလုံခြုံဘူး။ ကန်ပိုက်တီးနဲ့ စာရင် ဝေးတယ်၊ တိုက်ပွဲတွေ စဖြစ်တဲ့နောက် ဒီကန်ပိုက်တီး တခုကိုပဲ အားကိုးနေရတာ။ ပြည်နယ်အစိုးရက ပြင်ပေးမယ်လို့ ကြားပေမယ့် အခုထိတော့ ပြင် မယ့် အရိပ်အရောင် မတွေ့ရသေးဘူး”ဟု မြစ်ကြီးနားဒေသခံ ကိုဇော်လတ် က ပြောပြသည်။
ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ပို့ကုန် အမေရိကန် ဒေါ်လာ ၈ ဒသမ ၇၁၂ သန်း၊ သွင်းကုန် ဒေါ်လာ ၁၂၇ ဒသမ ၅၅၀ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၃၆ ဒသမ ၂၆၂ သန်း ဆောင်ရွက် နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် တွင် ဧပြီလ အထိသာ ကုန်သွယ်နိုင်ခဲ့သည့်အတွက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅ ဒသမ ၀၂၂ သန်း သာ ရှိသည်ဟု ဆိုသည်။
ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော KIA နှင့် အစိုးရတပ်များ၏ တိုက်ပွဲများကြောင့် ဒေ သခံ လူထု တစ်သိန်း ကျော် မှာလည်း စစ်ပြေး ဒုက္ခသည်များအဖြစ်နှင့် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေကြရဆဲ ဖြစ်ပြီး တိုက်ပွဲများ လည်း ယနေ့ အထိ ဆက်လက် ဖြစ်ပွားနေသည်။