ရန်ကုန်ရှိ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရင့် အဆောက်အအုံများဖြစ်သည့် ဗဟိုတရားရုံးချုပ် (ယခု ရန်ကုန်းတိုင်းဒေသကြီး တရားလွှတ်တော်) နှင့် စုပေါင်းတရားရုံးကို ပုဂ္ဂလိကကို လွှဲပြောင်း ရောင်းချရန် စီစဉ်နေမှုအပေါ် ဆန့်ကျင်သည့် အနေဖြင့် ဆန္ဒပြတောင်းဆိုမှုကို ရှေ့နေကွန်ရက်မှ ရှေ့နေများက ယနေ့ ပြုလုပ်ခဲ့သည်။
ထိုကဲ့သို့ ရှေ့နေများ တညီတညွတ်တည်း ဆန္ဒပြမှုသည် ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒပြပွဲတွင် ပထမအကြိမ် ပြုလုပ်ခဲ့ပြီး ယခုအကြိမ်သည် ဒုတိယမြောက် ရှေ့နေများ စုပေါင်း ဆန္ဒပြခြင်း ဖြစ်ကြောင်း၊ ဆန္ဒပြ တောင်းဆိုရခြင်း၏ ရည်ရွယ်ချက်သည် မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့ပြီး ယခုနှစ် ဧပြီလ အထိ တရားရုံးများ အဖြစ် အသုံးပြုနေသည့် အဆောက်အအုံ နှစ်ခုအား စားသောက်ဆိုင်၊ ဟိုတယ်နှင့် ပန်းဥယျာဉ်များ အဖြစ် ပြောင်းလဲလုပ်ကိုင်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ လွှဲပြောင်းရောင်းချ ခဲ့သောကြောင့် ဖြစ်ကြောင်း ရှေ့နေကွန်ရက်မှ ဦးကိုနီက ဧရာဝတီသို့ ပြောသည်။
ယင်း ဆန္ဒပြ တောင်းဆိုပွဲတွင် ရှေ့နေဦးရေ ၁၅၀ သာ ပါဝင်ရန် သက်ဆိုင်ရာက ခွင့်ပြုထားသော်လည်း ဘေးပတ်ဝန်းကျင်မှ စီတန်း လိုက်လာသူများ ရှိသောကြောင့် ရှေ့နေ ၂၀၀ ခန့်နှင့် ပြည်သူလူထု ၁၀၀၀ နီးပါးခန့် ရှိလာကြောင်း၊ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ကြသော်လည်း အော်ဟစ် ကြွေးကြော်ခြင်းများ မပြုဘဲ ပိုစတာများ၊ ဆိုင်းဘုတ်များသာ ကိုင်ဆောင်၍ တောင်းဆိုလျက် ရှိကြောင်း သိရသည်။
“ကျနော်တို့က ပညာတတ် ရှေ့နေတွေ ဖြစ်တဲ့အတွက် ဥပဒေဘောင် အတွင်းကနေ ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်တာ ဖြစ်ပါတယ်။ ခွင့်ပြုထားတာက ၁၅၀ ပဲဖြစ်ပေမယ့် ဘေးကလိုက်ပြီး အားပေးသူတွေကိုတော့ ကျနော်တို့က ဘာမှပြောပိုင်ခွင့် မရှိပါဘူး” ဟု ဦးကိုနီက ဆိုသည်။
မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံအသင်း ဥက္ကဋ္ဌနိုင်ငံအဖြစ် ဆောင်ရွက်ရမည် ဖြစ်သောကြောင့် ရုပ်ပြ ကောင်းရန် လိုအပ်ကြောင်း၊ ထို့အပြင် လာမည့် ၂၀၁၃ ခုနှစ် Sea Game ကာလတွင်လည်း နိုင်ငံခြားသားများက မြန်မာနိုင်ငံသို့ လာရောက် ကြည့်ရှုကြမည် ဖြစ်သည့် အတွက် နိုင်ငံအတွင်းရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ များကို တွေ့မြင်ကြမည် ဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများအား ယခင်ကဲ့သို့ တရားရုံးအဖြစ် ဆက်လက် ထားရှိပေးစေလိုကြောင်း ရှေ့နေ ဦးသန်းတင်က ဧရာဝတီသို့ ပြောသည်။
“သမ္မတကြီးက လွပ်လပ်စွာ ပြောဆိုပိုင်ခွင့် ရှိတယ်ဆိုလို့ ကျနော် ပြောချင်ပါတယ်။ နိုင်ငံတော်မှာ ဘတ်ဂျက်မရှိလို့ မလုပ်နိုင်ဘူး ဆိုရင် ဟိုတယ်တော့ မလုပ်ပါနဲ့၊ ကျနော်တို့ကိုပြောပါ၊ ကျနော်တို့ ရန်ပုံငွေ ကောက်ပြီးတော့ ကုလသမဂ္ဂကို အကူအညီ တောင်းပြီးတော့ တင်လိုက်ရင် မခက်ပါဘူး” ဟု သူက ဆိုသည်။
ဆက်လက်၍ ၎င်းက ခန့်ညားထည်ဝါသည့် အဆောက်အအုံး များအား တရားရုံးမှအပ တခြားအရာများ အဖြစ် မပြောင်းလဲ သင့်ကြောင်း၊ လူအများ ပျော်ရွှင်မှု၊ ဒုစရိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့် ဟိုတယ်အဖြစ် မပြောင်းသင့်ကြောင်း၊ ထို့အပြင် တံဆိပ်ခေါင်း အခွန်အခများလည်း တိုးမြှင့် မကောက်ခံသင့်ကြောင်း ပြောသည်။
“ကိုယ့်တိုင်းပြည် ဘိုင်ကျနေတယ်ဆိုပြီး ဆင်းရဲနွမ်းပါးတဲ့ ပြည်သူလူထုဆီက တံဆိပ်ခေါင်း ခွန်တွေ၊ အခွန်အခတွေကို တိုးမြှင့် မကောက်သင့်ပါဘူး။ သယံဇာတတွေ ရောင်းရလို့ ရတဲ့ငွေတွေ ဘယ်ရောက်ကုန်ပြီလဲလို့ မေးချင်ပါတယ်” ဟု ရှေ့နေကွန်ရက်မှ အသက် ၉၁ နှစ် ရှိပြီဖြစ်သည့် ဦးသန်းတင်က ဆိုသည်။
တံဆိပ်ခေါင်း အခွန်အခ များသည် ယခင်က ကျပ် ၁ သောင်းခွဲသာ ပေးဆောင်ရသော်လည်း ယခုအချိန်တွင် ကျပ် ၁၅ သိန်း အထိ တိုးမြှင့်ပေးဆောင်နေရကြောင်း သိရသည်။
ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ဥပဒေအား ယခင် နအဖ အစိုးရလက်ထက်တွင် ပြဌာန်းသွားခဲ့ခြင်း ဖြစ်ကြောင်း၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖြစ်သည့် အဆောက်အအုံများတွင် ပါဝင်သည့် တရားရုံး များကို လေလံတင် ရောင်းချသွားသည့် ဖြစ်ရပ်သည် ယခု သမ္မတ ဦးသိန်းစိန် အစိုးရ အနေဖြင့် ယခင် ပြဌာန်းထားသည့် ဥပဒေ များအား လေးစား လိုက်နာခြင်း မရှိသည့် သဘောဆောင်ကြောင်း ဆန္ဒပြ ရှေ့နေ တဦးက ဆိုသည်။
“ဥပဒေဆိုတာ အစိုးရအတွက် မဟုတ်ဘူး၊ လိုက်နာရမယ့် ပြည်သူတွေ အတွက်ပဲ ဖြစ်တယ် ဆိုတဲ့ သဘော ဖြစ်နေတယ်” ဟု သူက ပြောသည်။
သမ္မတ ဦးသိန်းစိန် အစိုးရသည် ပါလီမန် ဒီမိုကရေစီ လမ်းကြောင်းကို ဖော်ဆောင်နေသည်၊ ပြုပြင်ပြောင်းလဲမှုများလည်း လုပ်ဆောင်နေသည်ဟု သိရကြောင်း၊ ပြည်သူလူထု လက်ခံယုံကြည်ရသည့် အစိုးရတရပ် ဖြစ်စေရန် အတွက် ရှေးဟောင်း အမွေအနှစ် တရားရုံး အဆောက် အအုံ နှစ်ခု ကို လေလံတင် ရောင်းချသွားသည့် ကိစ္စအား ပယ်ဖျက်ပေးကာ တရားရုံးများ အဖြစ် ပြန်လည် အသုံးပြုခွင့် ပေးစေလိုကြောင်း အဆိုပါ ရှေ့နေက ဆက်ပြောသည်။
ရှေ့နေများ စုပေါင်းကာ ဆန္ဒပြ တောင်းဆိုခြင်းများ ပြုလုပ်လျက် ရှိသော်လည်း လိုက်လျောပေးခြင်း မရှိပါက တရားဥပဒေ နည်းလမ်းများအတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး အသေးစိတ် လုပ်ဆောင်မည့် အချက်များကိုမူ ယခု ပြောပြနိုင်ခြင်း မရှိသေးကြောင်း ဦးကိုနီက ဆိုသည်။