ပြီးဆုံးခဲ့ပြီဖြစ်တဲ့ ပထမဆုံးအကြိမ် အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးစကားဝိုင်းဟာ “သိပ်ကိုအပြုသဘောဆောင် တယ်” လို့ အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
“အခုဆိုရင် လူ့အခွင့်အရေးကိစ္စတွေကို ဆွေးနွေးဖို့နဲ့ မြန်မာအစိုးရနဲ့ အမေရိကန်ပြည်ထောင်စုအကြား လမ်းကြောင်း ပွင့်သွားပြီလို့ ကျမတို့ယုံကြည်ပါတယ်။ ပြီးတော့ ကျမတို့အနေနဲ့ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေအရ မြန်မာအစိုးရက ဖြစ်ချင်တာတွေ ဖြစ်လာအောင် ဆက်လက်ဆောင်ရွက်ပေးနိုင်ဖို့ လမ်းပွင့်သွားပြီလို့လည်း ယုံကြည်ပါတယ်” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗစ်တိုးရီးယား နူလန် (Victoria Nuland) က နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။
နေပြည်တော်မှာ ဒီရက်များအတွင်း ကျင်းပခဲ့တဲ့ ပထမဆုံးအကြိမ် အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးစကားဝိုင်းကို ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပေါ့စနာ (Michael Posner) ဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တာပါ။ အဖွဲ့ဝင် ၂၂ ပါတဲ့ ဒီကိုယ်စားလှယ်အဖွဲ့ထဲမှာ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးအဖွဲ့ (White House National Security Staff)၊ ဒု သမ္မတရုံး၊ နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာန (Department of Homeland Security)၊ အမေရိကန် နိုင်ငံ တကာဖွံ့ဖြိုးရေး အေဂျင်စီ (US Agency for International Development) နဲ့ ကာကွယ်ရေး ဝန်ကြီးဌာနက အကြီး တန်း ကိုယ်စားလှယ်တွေပါဝင်ကြပါတယ်။
မြန်မာဘက်က ဒု နိုင်ငံခြားရေးဝန်ကြီး ဦးဇင်ယော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဥပဒေနဲ့ ကောင်စစ်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသာအောင်ညွန့် ဦးဆောင်တဲ့ အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်၊ သမ္မတရုံး ဝန်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်းနဲ့ ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ၊ ရှေ့နေချုပ်ရုံး၊ သမ္မတ အကြံပေးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်တက်ရောက် ဆွေးနွေးကြပါတယ်။
စကားဝိုင်းမှာ လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေ အများအပြားကို ဆွေးနွေးကြရာမှာ တရားဥပဒေစိုးမိုးရေး၊ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေက အရပ်သားတွေကို အကာအကွယ်ပေးရေး၊ စီးပွားရေးလုပ်ငန်း၊ အလုပ်သမားရေးရာနဲ့ စီးပွားရေးဖွံ့ဖြိုးမှု၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ ဘာသာရေး လွတ်လပ်ခွင့်၊ မှုခင်းဆိုင်ရာ တရားမျှတမှု (Criminal Justice) နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စ၊ လူ့အခွင့်အရေးနဲ့ စစ်တပ် စတာ တွေ ပါဝင်ပါတယ်။
“လူ့အခွင့်အရေးကိစ္စတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက စိုးရိမ်မှုရှိနေတာတွေအပေါ် မြန်မာနိုင်ငံနဲ့ တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက်ဖို့ အမေရိကန်အစိုးရတခုလုံးက ချဉ်းကပ်ဆောင်ရွက်နေတယ်ဆိုတာကို ဒီစကားဝိုင်းက ပေါ်လွင်စေပါ တယ်။ စကားဝိုင်းရဲ့ ရလာဒ်တွေကို သိပ်အပြုသဘောဆောင်တယ်လို့ ကျမတို့ အကဲဖြတ်မိပါတယ်၊ ဒါကြောင့် အခုလို ဆွေးနွေးမှုတွေကို မြန်မာအာဏာပိုင်တွေနဲ့ ဆက်လက်ပြုလုပ်သွားနိုင်လိမ့်မယ်လို့ ကျမတို့ မျှော်လင့်ပါတယ်” လို့ ဗစ်တိုးရီးယား နူလန်က ဆိုပါတယ်။
“အားလုံးသိကြတဲ့အတိုင်း ကျမတို့ကိုယ်စားလှယ်အဖွဲ့မှာ လူ့အခွင့်အရေးကိစ္စနဲ့ပတ်သက်ပြီး ကျမတို့အစိုးရက ကိုင် တွယ်ဆောင်ရွက်တယ်ဆိုတာကို ကဏ္ဍအသီးသီးကနေ တင်ပြနိုင်တဲ့ ကျွမ်းကျင်သူတွေ ပါဝင်ကြတာပါ။ အဲ့ဒီကိစ္စတွေ အားလုံးကို ဆွေးနွေးနိုင်ဖို့ မြန်မာအစိုးရကိုယ်စားလှယ်တွေ လမ်းဖွင့်ပေးမပေးဆိုတာကို ကျမတို့မသေချာခဲ့ပါဘူး၊ ဒါပေမယ့် တကယ်တမ်းတွေ့ကြတဲ့အခါမှာတော့ ဆွေးနွေးနိုင်ဖို့ သူတို့လမ်းဖွင့်ပေးခဲ့ပါတယ်” လို့ ဗစ်တိုးရီးယား နူလန် က ဆိုပါတယ်။
“မြန်မာပြည်သူတွေရဲ့ သီးခံနိုင်မှုကို ကျမ မခန့်မှန်းတော့ပါဘူး၊ ဒါပေမယ့် မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား အရေ အတွက် သုညဖြစ်ဖို့လိုတယ်ဆိုတာကို ကျမတို့ ပြောခဲ့ပါတယ်၊ အဲ့ဒီလိုဖြစ်အောင်လည်း မြန်မာအစိုးရနဲ့ ကျမတို့ ဆက် လက် လက်တွဲဆောင်ရွက်သွားမှာပါ” လို့ သူက ပြောပါသေးတယ်။
မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့ သတင်းစာတွေကလည်း ဒီအစည်းအဝေးအကြောင်း သတင်းရေးသား ထုတ်ပြန်ပါတယ်။
ဒီစကားဝိုင်းမှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အရှေ့အာရှ ဆိုင် ရာ လက်ထောက် ကာကွယ်ရေးဝန်ကြီး ဗစ်ကရမ် ဆင်း (Vikram Singh) နဲ့ အမေရိကန်စစ်တပ်က ပစိဖိတ်ဒေသ စစ်ဦးစီးမှူး ဒု ဗိုလ်ချုပ်ကြီး ဖရန်စစ် ဝီယာစင်စကီ (Francis Wiercinski) တို့လည်း ပါဝင်တာမို့ အမေရိကန်နဲ့ မြန်မာ ၂ နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ဆက်စပ်ဆောင်ရွက် မှုတွေ ပြန်လည် သက်ဝင်လာပြီလားလို့ မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရပါတယ်။
ဒါပေမယ့် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက စိုးရိမ်မှုရှိနေတာတွေအ ပေါ် ကိုင်တွယ်ဖြေရှင်းပြီးတဲ့အချိန်အထိ မြန်မာပြည်နဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်စပ်ဆောင်ရွက်မှုတွေ လုံးဝ ပြန်လည် စတင်မှာ မဟုတ်ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က ပြောထားပါတယ်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဘန်းစ် (William Burns) က ဒီနေ့ နေပြည်တော်ကို ရောက်ရှိ လာမှာဖြစ်ပါတယ်။ သူက သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်တွေကို တွေ့မှာဖြစ်တဲ့အပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဖို့ အစီအစဉ်ရှိပါတယ်။