အစိုးရနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားရာ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် လက်နက်ကြီး အစ ထိမှန်၍ ဒေသခံတချို့ ဒဏ်ရာရ သေဆုံးမှု ရှိကြောင်း သတင်းရသည်။
ဖားကန့်မြို့နှင့် ၃ မိုင်ခန့် အကွာရှိ မှော်မောင်းကုန်း ကျေးရွာထဲကို ယခုလ ၁၇ ရက်နေ့က အစိုးရ အမြောက် တပ်ဖွဲ့ဝင်များက လက် နက်ကြီးများနှင့် ပစ်ခတ်ခဲ့ကြောင်း၊ ဖားကန့်မြို့ အခြေစိုက် အစိုးရ စစ်ဗျူဟာကုန်းမှ တဆင့် မှော်မောင်းကုန် ကျေးရွာထဲ သို့ လက် နက်ကြီးနှင့် ၆ ကြိမ်ခန့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖားကန့်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အဖွဲ့ဝင် ဦးဒါချီလစိုင်းက ဧရာဝတီ သို့ ပြောသည်။
“လက်နက်ကြီးနဲ့ ပစ်တော့ မှော်မောင်းကုန်က ဦးမုံနွယ်လ အိမ်မှာ တလုံးကျတယ်၊ နောက်ပြီးတော့ အဲဒီ အိမ်ဘေးနားတွေမှာ ကျ တယ်”ဟု ဦးဒါချီလစိုင်းက ဆိုသည်။
ဦးဒါချီလစိုင်းက ဆက်လက်ပြီး ပစ်ခတ်မှုကြောင့် ၄ ဦးသေဆုံး၍ ၄ ဦး ဒဏ်ရာရရှိပြီး ဒေသခံရွာသားတချို့ ဖားကန့်မြို့ပေါ်သို့ ထွက် ပြေး တိမ်းရှောင်သွားသည်ဟု ကြားသိရကြောင်း၊ အတည်မပြုနိုင်သော သတင်းများအရ သေဆုံးသူ ၄ ဦးတွင် KIA တပ်ဖွဲ့ဝင် ၂ ဦး ပါဝင်ကြောင်းလည်း ပြောဆိုသည်။ ဧရာဝတီက KIA ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ဦးဒါချီလစိုင်းက“အဲဒီရွာက ဒေသခံတွေ လွန်ခဲ့တဲ့ လအတွင်းမှာ အစိုးရတပ် ထိုးစစ်ဆင်မှုကြောင့် အကုန်းလုံး တိမ်းရှောင်ခဲ့ကြ တယ်၊ ရှောင် ပြီးတော့ နောက်ပိုင်းမှာ KIA တပ်ဖွဲ့ဝင်တွေက နေရာယူထားတယ်၊ ဒီရက်ပိုင်းမှာ နည်းနည်း အခြေအနေကောင်း တော့ ရွာသားတွေ ကလည်း ပြန်သွားနေကြတယ်၊ အဲဒီမှာ မမျှောင်လင့်ဘဲ အစိုးရက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်”ဟု ပြောပြ သည်။
ယခုဖြစ်ရပ်များနှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် ဖားကန့်မြို့ပေါ်ရှိ အစိုးရ စစ်ဗျူဟာမှူးရုံးသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ တာဝန် ထမ်းဆောင်နေသူ တဦးက အစိုးရ တပ်က ပစ်ခတ်ခြင်း မဟုတ်ကြောင်း ငြင်းဆိုသည်။
ယင်းသို့ ဖြစ်ပွားမှုသည် လတ်တလောတွင် KIA ခေါင်းဆောင်များကို တွေ့ဆုံ ဆွေးနွေးရန် အစိုးရက ကမ်းလှမ်းချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ယခုနှစ် သြဂုတ်လကလည်း KIA တပ်ဖွဲ့နှင့် အစိုးရတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၈၀၀၀ ခန့် ဖားကန့်မြို့ပေါ်သို့ ထွက် ပြေး တိမ်းရှောင် ခဲ့ရသည်။
KIA သည် ၁၉၉၄ ခုနှစ်တွင် ယခင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
ယင်း တိုက်ပွဲများကြောင့် လက်ရှိ အစိုးရနှင့် KIA ကြား ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင် ၍ ၂၀၁၂ ခုနှစ်အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း သဘောတူညီချက် တစုံတရာ မရရှိသေးပေ။ သောင်းနှင့် ချီသော ဒေသခံ များမှာလည်း အိုးအိမ်၊ တောင်ယာများကို စွန့်ခွာ၍ တရုတ် မြန်မာနယ်စပ် ဒုက္ခသည် စခန်းများ၊ ပြည်တွင်း စစ်ဖြစ်ရာဒေသ အနီးရှိ မြို့ပေါ်များနှင့် တောတောင်များထဲတွင် ထွက်ပြေး ခိုလှုံနေကြရဆဲ ဖြစ်သည်။