အမေရိကန် ပြည်ထောင်စုအနေနဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အင်စတီကျူးရှင်းတွေက မြန်မာနိုင်ငံကို အကူအညီ ပေးတဲ့အပေါ် ထောက်ခံသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီ ကလင်တန်က ပြောကြားလိုက်ပါတယ်။
ဒီလိုပြောလိုက်တာဟာ မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) တို့လိုမျိုး အဖွဲ့ အစည်းတွေထံက ဘဏ္ဍာရေးအထောက်အပံ့တွေ ပေးနိုင်ဖို့ လမ်းခင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။
“နိုင်ငံတကာ ဘဏ္ဍာရေး အင်စတီကျူးရှင်းတွေက မြန်မာနိုင်ငံကို ကူညီတဲ့အပေါ် ထောက်ခံတာဟာ အမေရိကန်ပြည် ထောင်စုရဲ့ အကျိုးစီးပွားနဲ့ကိုက်ညီတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာလ ၁၂ ရက်နေ့မှာ အခိုင်အမာ ပြောကြားလိုက်တာပါ” လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဆိုပါတယ်။
“နိုင်ငံခြားရေးဝန်ကြီးက အဲ့ဒီလို ပြောလိုက်တာဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီအင်စတီကျူးရှင်းတွေကနေ တဆင့် မြန်မာနိုင်ငံကို ကူညီထောက်ပံ့ဖို့နဲ့ မြန်မာပြည်ရဲ့ လက်ရှိပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ထောက်ပံ့သွားနိုင်ဖို့ လမ်းခင်း ပေးလိုက်တာပါပဲ” လို့လည်း ပြောပါတယ်။
အခုလို ပြောဆိုမှုဟာ သမ္မတ ဘားရက် အိုဘားမား ဥပဒေအဖြစ် လက်မှတ်ထိုးအတည်ပြုခဲ့တဲ့ မကြာသေးခင်က လွှတ်တော်ဥပဒေပြဌာန်းချက်အတွက် လိုအပ်တာတွေကို အထောက်အကူ ဖြစ်စေပါလိမ့်မယ်။
နိုင်ငံခြားရေးဝန်ကြီးရဲ့ အခိုင်အမာပြောဆိုမှုဟာ မြန်မာပြည်အတွက် အရေးပါလှပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီ ဥပဒေပြဌာန်းချက် မတိုင်ခင်ကဆိုရင် ကမ္ဘာ့ဘဏ်၊ IMF နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အပါအဝင် နိုင်ငံတကာ ဘဏ္ဍာရေး အင်စတီကျူးရှင်းတွေမှာ တာဝန်ယူ နေကြတဲ့ အမေရိကန် အမှုဆောင်ဒါရိုက်တာတွေဟာ မြန်မာနိုင်ငံအတွက် ဘယ်စီမံကိန်း အစီအစဉ်တွေကိုမှ ထောက်ခံမဲ မပေးခဲ့ကြလို့ပါပဲ။
“အခုဆိုရင် အမေရိကန်ပြည်ထောင်စုအနေနဲ့ လာမယ့် နိုဝင်ဘာလဆန်း ကမ္ဘာ့ဘဏ် ဘုတ်အဖွဲ့ အစည်းအဝေးတွေမှာ မြန်မာပြည်ကို ကူညီဖို့ ထောက်ခံမဲပေးနိုင်တော့မှာပါ” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒါ့ပြင် ဝန်ကြီးရဲ့ ပြောဆိုမှု ကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှု၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်၊ ပွင့်လင်း မြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေ ပိုပြီးတိုးတက်မှုရှိလာဖို့ ဒီအင်စတီကျူးရှင်းတွေရဲ့ မူဝါဒတွေနဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေက စီမံပြုပြင်နိုင်စွမ်း ရှိလာစေပါလိမ့်မယ်လို့လည်း ဆိုပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်က Cobra Gold စစ်ရေးလေ့ကျင့်မှုကို လာရောက်လေ့လာဖို့ မြန်မာကို ဖိတ်မယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။။ အင်အား တသောင်းကျော်ပါဝင်မယ့် ဒီစစ်ရေးလေ့ကျင့်မှုကို တခြား အာရှ နိုင်ငံတွေလည်း ပါဝင်မှာဖြစ်ပြီး ယခုဖိတ်ကြားမှုဟာ ထိုင်းနိုင်ငံက ကြားဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပြါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန် စစ်တပ် ပစိဖိတ် ဒေသ ဆိုင်ရာ စစ်ဦးစီး ဒု ဗိုလ်ချုပ်ကြီး Francis Wiercinski ဦးဆောင်တဲ့ ဝါရင့် စစ်အရာရှိတွေ ပါဝင်တဲ့ အမေရိကန် သံခရီးစဉ်နောက်ပိုင်း ဖြစ်ပေါ်လာတာလည်း ဖြစ်ပါတယ်။ Cobra Gold စစ်ရေးလေ့ကျင့်မှုကို နှစ်စဉ် ဧပြီနဲ့ မေလများအတွင်း ရက်သတ္တ ၆ ပတ်ကြာပြုလုပ်လေ့ ရှိပါတယ်။
အဲ့ဒီလို အခိုင်အမာ ဖြစ်ထွန်းမှုတွေဟာ မြန်မာပြည်အပေါ် အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ရုတ်သိမ်းဖို့ အချိန်မတန်သေးဘူးလို့ ချေပပြောဆိုခဲ့ကြတဲ့ လူ့အခွင့် အရေးအဖွဲ့တွေရဲ့ စိုးရိမ်ပူပန်မှုတွေကို လျစ်လျူရှုလိုက်တာဖြစ်ပါတယ်။
“အမေရိကန်ပြည်ထောင်စုအပါအဝင် ဥရောပနဲ့ အာရှနိုင်ငံ အတော်များများက မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်တဲ့အပေါ် သမ္မတဦးသိန်းစိန်ကို ဆက်တိုက် ချီးမွမ်းနေကြပေမယ့် အပြောင်းအလဲတွေက တချို့နယ်ပယ်တွေမှာ တဝက်တပျက်ဖြစ်နေတဲ့အပြင် တချို့နယ်ပယ်တွေမှာဆိုရင် လုံးဝပြောင်းလဲသေးတာမဟုတ်ပါဘူး” လို့ နိုင်ငံရေး အကျဉ်းသားဖြစ်ခဲ့ဖူးသူ US Campaign for Burma (USCB) အဖွဲ့ရဲ့ လက်ရှိ အမှုဆောင် ဒါရိုက်တာ ကိုအောင်ဒင်က မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ USCB ကြေငြာချက်တခုထဲမှာ ပြောကြားခဲ့ပါတယ်။
“ဒီအပြောင်းအလဲတွေက စိတ်ချလို့မရသေးတဲ့အပြင် နောက်ကြောင်းပြန်မလှဲ့နိုင်တဲ့ အပြောင်းအလဲတွေလည်း မဟုတ် သေးပါဘူး။ ဒါကြောင့်ပဲ မြန်မာ့အရေးမှာ အဓိကကျသူတွေ၊ တိုင်းရင်းသားအင်အားစုတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ဒီမို ကရေစီရေး လှုပ်ရှားသူတွေအားလုံးက အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ ဒဏ်ခတ်အ ရေးယူမှုတွေထဲက လက်ရှိကျန်နေသေးတာတွေကို ဆက်လက်ထားရှိဖို့ တောင်းဆိုကြတာပါ” လို့လည်း သူက ဆိုပါ တယ်။