ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ မြန်မာ နိုင်ငံက မနန်းခင်ဇေယျာဟာ အွန်လိုင်း ကနေ မဲပေးတဲ့ ပရိသတ် အကြိုက်ဆုံးမဲ(People Choice Award) ရဲ့ ထိပ်ဆုံးမှာရှိတယ်လို့ နိုင်ငံတကာအလှမယ် (Miss International) ပြိုင်ပွဲဝင်သူတွေအကြောင်း သတင်း ဖော်ပြတဲ့ မစ်ဆိုဆိုလိုဂျီ (Missosology) ဝက်ဘ်ဆိုက်က ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံက အလှမယ် တဦးအနေနဲ့ နှစ်ပေါင်း ၅၀ အတွင်း နိုင်ငံတကာ အလှမယ်ပြိုင်ပွဲကို ပထမဆုံး ပြန်လည် ယှဉ်ပြိုင်ခြင်း လည်း ဖြစ်ပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာ အပြီးသတ်ယှဉ်ပြိုင်ရမယ့် ပအို့ဝ် တိုင်းရင်းသူ နန်းခင်ဇေယျာ အပါအဝင် ပြိုင်ပွဲဝင် ၆၉ ဦးစလုံးဟာ ဂျပန် နိုင်ငံ အိုကီနာဝါ ကျွန်းမြို့ကလေးမှာ လေ့လာစရာတွေ မပြတ်လေ့လာ နေရပါတယ်။
အလှမယ်တွေဟာ စင်ပေါ်မှာ ဘယ်လောက်ပြောဆိုနိုင်သလဲဆိုတာရယ်၊ ရေကူးဝတ်စုံဝတ် အလှပြပြိုင်တာရယ် နဲ့ ပွဲတက်ဝတ်စုံ ဝတ်ပြိုင်ပွွဲတွေပေါ် မူတည်ပြီး အမှတ်ရရှိမှာဖြစ်ပါတယ်။ စင်ပေါ်မှာ ကောင်းကောင်းပြောဆိုနိုင်ရင် မေးခွန်းတွေ ဖြေနိုင်ရင်တော့ ၁၀ ရာခိုင်နှုန်း ရမှာဖြစ်ပြီး ကျန်တဲ့ပြိုင်ပွဲနှစ်ခုအတွက် ၄၅ ရာခိုင်နှုန်း ရရှိမှာ ဖြစ်ပါတယ်။
အမျိုးသမီး တဦးရဲ့ ခန္ဓာကိုယ် ကျစ်လျစ်လှပမှုသာမက အတွေးအခေါ်၊ ဗဟုသုတ ပြောဆိုနိုင်စွမ်းတွေကိုပါ အမှတ်ပေး အကဲဖြတ် တဲ့ ဒီပြိုင်ပွဲဟာ ကမ္ဘာကြီး အတွက် ငြိမ်းချမ်းရေး စကားလက်ဆောင်တွေ ဖလှယ်နိုင်ဖို့လို့ ပြိုင်ပွဲ ရည်ရွယ်ချက်မှာ ထည့်ထားတာ တွေ့ရပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမြို့ဇာတိဖြစ်တဲ့ နန်းခင်ဇေယျာက ပြီးခဲ့တဲ့ မတ်လက ရန်ကုန်မှာ ကျင်းပတဲ့ မြန်မာ့အလှမယ် (Miss Myanmar) ဆုကို ရခဲ့ပါတယ်။ သူဟာ မယ်မြန်မာ ပြိုင်ပွဲမှာ ဝင်ပြိုင်သလို ခရီးသွားဧည့်လမ်းညွှန် အလုပ်ကိုလည်း လုပ်ကိုင်နေသူ ဖြစ် ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ဂျာမန်ဘာသာကို ကောင်းစွာ တတ်ကျွမ်းသူဖြစ်ပြီး လမ်းညွှန်အဖြစ် လုပ်ကိုင်နေတာကြောင့် အနုပညာဘက်ကို ဒီနှစ်ကမှ စပြီး ဝင်ရောက်လာတာ ဖြစ်တယ်လို့ ပြည်တွင်းက အင်တာဗျူးတခုမှာ ပြောဆိုထားဖူးပါတယ်။
သူဟာ အိုကီနာဝါ ကို အောက်တိုဘာ ၁ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ၅၂ ကြိမ်မြောက် ရှိပြီဖြစ်တဲ့ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲရဲ့ နေ့စဉ် လှုပ်ရှားမှုတွေမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒီ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲဟာ ကမ္ဘာမှာ အဆင့် ၄ နေ ရာရှိတဲ့ မယ်ပြိုင်ပွဲလည်း ဖြစ်ပါတယ်။ အခုနှစ်ပြိုင်ပွဲမှာ ဝင်ပြိုင်နေသူတချို့ဟာ အတွေ့အကြုံရှိပြီးသားလူတွေ ပါနေတယ်လို့လည်း မစ်ဆိုဆိုလိုဂျီ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ သဘောထား မှတ်ချက်တွေအရ သိရပါတယ်။
မစ်ဆိုဆိုလိုဂျီ အယ်ဒီတာအဖွဲ့ရဲ့ အောက်တိုဘာ ၈ ရက် တရားဝင်အမှတ်ပေးမှုအရတော့ အကောင်းဆုံး ရိုးရာဝတ်စုံပိုင်ရှင် ထိပ် ဆုံး ၁၅ ဦးထဲမှာ မြန်မာအလှမယ်လေးက နံပါတ် ၉ နေရာက ချိတ်ပါတယ်။ ခရမ်းစေ့ရောင် မြန်မာရင်ဖုံးအကျႌ ဝတ်စုံလေးနဲ့ပါ။ တခြား အာရှက ထိပ်ဆုံးစာရင်းဝင်သူတွေကတော့ အင်ဒိုနီးရှားက နံပါတ် ၁ ဖြစ်ပြီး မွန်ဂိုလီးယားက နံပါတ် ၃ နဲ့ ဂျပန်က နံပါတ် ၄ နေ ရာက ဖြစ်ပါတယ်။ အရင်နှစ်က အကောင်းဆုံး ရိုးရာဝတ်စုံဆုကိုတော့ ထိုင်းနိုင်ငံက ရရှိခဲ့ပါတယ်။
ဒါ့အပြင် ၄၅ ရာခိုင်နှုန်း အထိ အမှတ်ပေးတဲ့ ရေကူးဝတ်စုံနဲ့ ယှဉ်ပြိုင်သူတွေထဲက ထိပ်ဆုံး ၁၅ ဦးထဲမှာလည်း နန်းခင်ဇေယျာက နံပါတ် ၁၅ မြောက် အရွေးခံထားရပါသေးတယ်။
မစ်ဆိုဆိုလိုဂျီ ဝက်ဘ်ဆိုက်က သူ့ကိုရွေးချယ်ရပုံကို“နန်း က မြန်မာက ဘာလဲဆိုတာ ကမ္ဘာကို ပြသ လိုက်နိုင်တာပဲ။ ပြီးတော့ သူ ဘီကီနီဝတ်တာက ကျွနု်ပ်တို့ကို စိတ်အနှောင့်အယှက်မဖြစ်ပါဘူး။ သူ့မှာ အလှမယ်တဦးရဲ့ ခန္ဓာကိုယ်အလှမျိုး တသီးတသန့် မရှိပေမယ့်လည်း သူ့ အချိုးအစားက ပြေပြစ်သင့်တင့်တဲ့ ပုံစံပါ”လို့ ရေးထားပါတယ်။
ဘီကီနီဝတ်စုံနဲ့ သူ့ပုံကို မြင်ကတည်းက မြန်မာ အွန်လိုင်း ပရိသတ်အကြား ဝေဖန်မှုတွေ ညံခဲ့သလို ထောက်ခံသူတွေ အများအပြားလည်း ရှိခဲ့ပါတယ်။
အွန်လိုင်းအသုံးပြုသူ အမျိုးသမီးတဦးကတော့ “မြန်မာအမျိုးသား၊ အမျိုးသမီးတွေ ဘာအကျိုးအတွက်မှလည်း မဟုတ်ဘဲ လျှပ်ပေါ်လော်လီ၊ အဝတ်အစားမျိုးစုံ စရိုက်ပေါင်းစုံ လူမြင်ကွင်းရော လူနောက်ကွယ်ရော ပုံစံမျိုးစုံနေကြတယ်၊ သရုပ်ပျက် ကြတယ်။ အကျင့် စာရိတ္တ ပျက်ကြတယ်။ နန်းခင်ဇေယျာ ကျတော့ ပြိုင်ပွဲစည်းကမ်းအရ ဝတ်တာနဲ့တော့ သပ်သပ်ဆီ လို့မြင်တယ်လေ။ ဒီလောက် လေးတော့ မြန်မာနိုင်ငံသားတွေ နာလည်ပေးလို့ရတယ်”လို့ ဆိုပါတယ်။
အသက် ၂၃ နှစ်အရွယ် နန်းခင်ဇေယျာကို အမျိုးသားရေး စိတ်ဓာတ်အရ မဲပေးကြသူ များပါတယ်။ နှစ် ၅၀ အတွင်း ပထမဆုံး ကမ္ဘာမှာ ပြန်ဝင်ဆံ့လာတဲ့ ပြယုဂ်အဖြစ် သူ့အကြောင်းကို ဂဃနဏ မသိပေမယ့် မြန်မာ နိုင်စေချင်တဲ့စိတ်ကြောင့် နေ့ညမပြတ် မဲပေး နေ သူတွေ အများအပြားပါ။ သူကတော့ မဲပေးသူများကို ကျေးဇူးတင်ကြောင်း မနေ့က ဘီဘီစီ အင်တာဗျူးမှာ ပြောဆိုသွားပါတယ်။
ဧရာဝတီက အွန်လိုင်းပရိသတ်တချို့နဲ့ စကားပြောကြည့်တဲ့အခါ သူ့ရဲ့ အလှဟာ အေးချမ်းပြီး တည်ကြည်နေတာရယ်၊ အပြုံးချိုချိုရယ်ကြောင့် ချစ်ခင်စိတ် မေတ္တာစိတ်တွေ ဖြစ်ရတယ်လို့ ဆိုကြသလို တိုင်းရင်းသားဝတ်စုံတွေ ဝတ်ဆင်ပြီး ယှဉ်ပြိုင်ရတာတွေကြောင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအကြောင်း ကမ္ဘာသိအောင် ကြေညာလိုက်သလို ဖြစ်တယ်လို့ ဆိုကြပါတယ်။
ပလောင် တိုင်းရင်းသူ တဦးဖြစ်တဲ့ ဒီဂျေ ကတော့ နန်းခင်ဇေယျာဟာ တိုင်းရင်းသူ တဦးဖြစ်တာကြောင့် သတိပြုမိလာတာဖြစ်ပြီး သူ့အတွက် ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။
“သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိတဲ့ ပုံစံပေါ့။ သူ့ကို မြန်မာ ဆန်ဆန် ဝတ်စုံလေးနဲ့ သူ့ပအို့ဝ်၀တ်စုံလေး ဝတ်တာ ပိုသဘောကျတယ်။ သူ့အလှက အဲဒီလိုဝတ်စုံနဲ့ ပိုပေါ်လွင်သလို ခံစားရတယ်”လို့ ဧရာဝတီ ကို ပြောပါတယ်။
နောက် မဲပေးနေတဲ့ အွန်လိုင်းပရိသတ်တဦးကတော့ နန်းခင်ဇေယျာက ချစ်စရာကောင်းတယ်၊ မြန်မာ ဆိုတဲ့ အယူစွဲကြောင့်သာ မဲပေးနေပေမယ့် ဖက်ရှင်တော့ သိပ်မကျဘူးလို့ မချင့်မရဲ ဆိုပါတယ်။
“နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် မြန်မာတွေ ကမ္ဘာကို ပြန်လာပြီဆိုတဲ့အသိနဲ့ မဲပေးဖြစ်ခဲ့တာပါ။ မြန်မာ အမျိုးသမီးတယောက်ရဲ့ ရှင်းသန့်တဲ့ အပြုံးကြောင့်လို့ ထင်ပါရဲ့”ဟုလည်း ဘန်ကောက်မြို့မှာနေတဲ့ ကိုသက်ခိုင် က ဆိုပါတယ်။
နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေကို ၁၉၆၀ ခုနှစ်ကစခဲ့တာဖြစ်ပြီး ဒုတိယနှစ်ပြိုင်ပွဲမှာတော့ မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် တာ ရှိခဲ့တယ်လို့ သိရပါတယ်။ ၁၉၆၂ စစ်တပ် အာဏာမသိမ်းခင်အထိ မြန်မာမယ်တွေ ကမ္ဘာအထိ ခြေဆန့်နိုင်ခဲ့ဖူးတာ ရှိခဲ့ပေမယ့် အဲဒီနောက် ဆယ်စုနှစ် ၅ စုကျော်မှ နန်းခင်ဇေယျာက ဒုတိယမြောက် မြန်မာအလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့ နောက်ဆုံးပြိုင်ပွဲပြီးတဲ့အခါ ၂၀၁၂ ခုနှစ် နိုင်ငံတကာအလှမယ်အတွက် သရဖူကို မနှစ်က ဆုရခဲ့တဲ့ အီကွေဒေါ နိုင်ငံ က မာရီယာ ဖာနန်ဒါ ကော်နီဂျိုက လွှဲပြောင်းပေးအပ်မှာ ဖြစ်ပါတယ်။
မစ်ဆိုဆိုလိုဂျီ ဝက်ဘ်ဆိုက်ရဲ့ မနေ့က နောက်ဆုံး အလှဆုံး ရွေးချယ်မှုစာရင်းမှာတော့ အမေရိကန်ပြည်ထောင်စုက အလှမယ် အမန်ဒါ ရီနေး ဒီဂါဒို(Amanda Renee Delgado) က ထိပ်ဆုံးက ရှိနေပြီး အိမ်ရှင် ဂျပန်နိုင်ငံက အလှမယ် အိကုမိ ရိုရှိမတ်စု(Ikumi Yoshimatsu)က ဒုတိယ နေရာ လိုက်နေပါတယ်။
ထိပ်တန်း ၂၀ စာရင်းဝင် တခြား အာရှနိုင်ငံ ကိုယ်စားပြုမယ်တွေကတော့ ကိုရီးယားက နံပါတ် ၄၊ ဖိလစ်ပိုင်က နံပါတ် ၈၊ အိန္ဒိယက နံပါတ် ၉၊ နယူးဇီလန်က နံပါတ် ၁၀၊ သီရိလင်္ကာက နံပါတ် ၁၂ နဲ့ စင်္ကာပူက နံပါတ် ၁၄ အသီးသီးဖြစ်ပါတယ်။ ။