အရပ်သားထိန်းချုပ်သည့် စစ်တပ် ဖြစ်ရေး အမေရိကန်နှင့် မြန်မာ ဆွေးနွေး
This article has been converted from Zawgyi One to Unicode
အမေရိကန် ကာကွယ်ရေး လက်ထောက် ဝန်ကြီးနှင့် အမေရိကန်စစ်တပ်မှ အဆင့်မြင့် အရာရှိကြီးများသည် မြန်မာနိုင်ငံသို့ လာရောက်ပြီး အရပ်သား ထိန်းချုပ်သည့် စစ်တပ်၏ အခန်းကဏ္ဍ အပါအဝင် အမေရိကန် စစ်တပ် အတွေ့အကြုံများကို ရှင်းလင်း ပြောဆိုခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောဆိုလိုက်သည်။
ယနေ့ ရန်ကုန် အခြေစိုက် အမေရိကန်သံရုံးတွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဒဲရစ်မစ်ချယ်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံမှ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမား လက်ထောက်ဝန်ကြီး Mr. Michael Posner၊ လက်ထောက် ကာကွယ်ရေးဝန်ကြီး Vikram Singh နှင့် အမေရိကန် စစ်တပ်မှ အဆင့်မြင့် အရာရှိကြီးများ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့တို့ မြန်မာနိုင်ငံ လာရောက်ခဲ့ပြီး လူ့အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို အောက်တိုဘာလ ၁၆ ရက်၊ ၁၇ ရက်နေ့တို့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ယင်းအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာစစ်တပ်မှ အရာရှိကြီးများ၊ မြန်မာအစိုးရဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း၊ ယင်း အစည်းအဝေးတွင် အမေရိကန် စစ်တပ်၊ ပစိဖိတ် တပ်မတော်မှ ကြယ်သုံးပွင့် အဆင့်ရှိ ဗိုလ်ချုပ်ကြီးတဦးက အရပ်သား ထိန်းချုပ်သော စစ်တပ်၊ လွတ်လပ်သော လူ့အဖွဲ့အစည်းနှင့် စစ်တပ်၏ အခန်းကဏ္ဍ၊ အမေရိကန် စစ်တပ်၏ အခြေအနေများ အကြောင်း ရှင်းလင်းကာ အတွေ့အကြုံ ဖလှယ်ခဲ့ကြောင်း အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ရှင်းပြသည်။
“လုံခြုံရေးနဲ့ လူ့အခွင့်အရေး ကြားမှာ ဘယ်လိုမျှမျှတတ ဆောင်ရွက်မလဲ၊ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးတွေကို လုံခြုံရေးဆိုတဲ့ အရေးအောက်မှာ ဘယ်လိုထိန်းသိမ်းမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အမေရိကန်စစ်ဘက်က ဒီကိုလာခဲ့ကြတာပါ။ အမေရိကန် ပစိဖိတ် တပ်မတော်က ကြယ်သုံးပွင့်အဆင့်ရှိတဲ့ ဗိုလ်ချုပ်ကြီးက သူ့အတွေ့အကြုံတွေကို ပြောပြတယ်။ သူရဲ့ အတွေ့အကြုံတွေကို စစ်သားချင်း အပြန်အလှန် မျှဝေပါတယ်။ ဒါက နှစ်ဦးနှစ်ဘက် ကြားမှာ
နားလည်မှုတွေ တည်ဆောက်တာပါ။ ဒါက အရမ်းကို အရေးကြီးပါတယ်။ ဒါက ဘာကြောင့် ဒီကိုလာတယ်ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။ ဒါထက်မပိုပါဘူး” ဟု ဒဲရစ်မစ်ချယ်က ရှင်းပြသည်။
ထို့အပြင် အလုပ်သမား အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ တရားဥပဒေ စိုးမိုးရေး၊ တရားရေးစနစ်၊ တရားဥပဒေ စိုးမိုးရေးမှသည် ကောင်းမွန်သော တရားရေးစနစ် မည်သို့မည်ပုံ အကောင်အထည် ဖော်မည် စသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
“ဒီဆွေးနွေးမှုကနေ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ၊ အပြောင်းအလဲတွေ အတွက် အတူတွဲ အလုပ်လုပ်နိုင်မယ့် စိတ်ကူးတွေ၊ အမြင်ဖလှယ်မှုတွေ၊ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတွေရဖို့ အတူပူးတွဲ ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။
ယုံကြည်မှု တည်ဆောက်ဖို့အတွက် တိုးတက်မှုတွေ ရဖို့ မျှော်လင့်ပါတယ်။ ဒီလိုဆွေးနွေးမှုတွေ ဆက်တိုက် ဖြစ်ထွန်းမယ် လို့လည်း မျှော်လင့်ပါတယ်” ဟု သူက ဆက်ပြောသည်။
လတ်တလော အမေရိကန်စစ်တပ်၊ ထိုင်းစစ်တပ်နှင့် အာရှနိုင်ငံများမှ စစ်တပ်များ ပါဝင်သော နှစ်စဉ်ပြုလုပ်နေကျ ဖြစ်သည့် Cobra Gold စစ်ရေး လေ့ကျင့်မှုအတွက် မြန်မာနိုင်ငံကို လာရောက်လေ့လာရန် ဖိတ်ကြားသည် ဆိုသော သတင်းများအပေါ် ၎င်းအနေနှင့် သတင်းအချက် အလက် တစုံတရာ မရရှိသေးကြောင်း သူက ဆိုသည်။
“Cobra Gold ကို မြန်မာနိုင်ငံလာလေ့လာဖို့ ဖိတ်ကြားတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ကျနော့်မှာ ဘာသတင်း အချက်အလက်မှ မရသေးပါဘူး။ ကျနော်လည်း ဒါကို မှတ်ချက် မပြုနိုင်သေးပါဘူး” ဟု သူက ပြောသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်ပြီး စိုးရိမ်စရာများ ရှိနေပြီး ရခိုင်ပြည်နယ်မှ လိုအပ်ချက် များစွာ ရှိနေသော ဒေသခံများ အတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၃ သန်း ပေးအပ်လိုက်ကြောင်း သံအမတ်ကြီးက ပြောသည်။
“အမေရိကန်အစိုးရက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို ဒေါ်လာ ၂ သန်း၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ကို ဒေါ်လာ ၇၃၀၀၀၀ ကုလသမဂ္ဂ တာဝန်ယူ ဆောင်ရွက်နေသူတွေဆီကို ပေးအပ်လိုက်ပါတယ်” ဟု
သံအမတ်ကြီးက ဆိုသည်။
အမေရိကန် ပြည်ထောင်စုတွင် သမ္မတ ရွေးကောက်ပွဲအပြီး အုပ်ချုပ်ရေး ယန္တရား မည်သို့ပင် ရှိစေကာမူ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ် ရပ်စဲရေး၊ ရာချီကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးတို့အတွက် ဆက်လက် တောင်းဆို ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောဆိုခဲ့သည်။