မြန်မာပြည်တွင် ဝင်ရောက် လုပ်ကိုင်နေသော တရုတ် စီမံကိန်းများသည် ယခင် စစ်အုပ်ချုပ်ရေး လက်ထက်က ပြုလုပ်ခဲ့ဖူးခြင်း မရှိသည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေး လှုပ်ရှားသူများနှင့် ဆွေးနွေးမှု၊ စီမံကိန်း အထမြောက်စေရန် တွေ့ဆုံကြိုးပမ်းမှုများ လုပ်နေသည်ဟု သိရသည်။
ကျောက်ဖြူ – ကူမင်း ပိုက်လိုင်း အကောင်အထည် ဖော်နေသည့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) က ပိုက်လိုင်းတလျှောက်တွင် အခြေစိုက်သည့် အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဝမ်ပေါင် ကုမ္ပဏီမှ တာဝန်ရှိသူများက စက်တင်ဘာလ ၃၀ ရက်နေ့တွင် ၈၈ မျိုးဆက် ကျောင်းသားများ ပြုလုပ်သည့် ရှင်းလင်းပွဲသို့ တက်ရောက်ကာ အချက်အလက်များ ဖြန့်ဝေခြင်း၊ နှစ်ဘက် ဆက်ဆံရေး ထူထောင်ခြင်း၊ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်း ဆောင်ရွက်နေသည့် CPI ကုမ္ပဏီက ရပ်ရွာသားများနှင့် တွေ့ဆုံခြင်း၊ မြစ်ဆုံဆည် ကောင်းကြောင်း ရေးသားထားသည့် စာများဖြန့်ဖြူးခြင်း ကဲ့သို့သော လှုပ်ရှားမူများ ပြုလုပ်လျှက် ရှိသည်။
“စီမံကိန်း စတုန်းက ကောလာဟလတွေ သိပ်မထွက်ဘူး။ ဒီနောက်ပိုင်းကျတော့ ကောလာဟလတွေကို ဖြေရှင်းဖို့အတွက် လူတွေကို ပြောပြဖို့ ပြည်သူ့ဆက်ဆံရေး အဖွဲ့ဖွဲ့လိုက်တာပါ” ဟု South-East Asia Crude Oil Pipeline Company Limited (SEAOP) နှင့် South-East Asia Gas Pipeline Company Limited (SEAGP) ၏ ပြည်သူ့ဆက်ဆံရေး တာဝန်ခံ မစ္စတာ ကျန်းက ဧရာဝတီသို့ ပြောသည်။
ကျောက်ဖြူ – ကူမင်း ပိုက်လိုင်း ဖြတ်သွားမည့် နေရာတလျှောက်မှ အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် အဆက်အဆံ၊ တွေ့ဆုံမူများ ပြုလုပ်ခဲ့ပြီး စီမံကိန်းကြောင့် ပေါ်ပေါက်လာသည့် ပြဿနာများကို အမြန်ဆုံး ရှင်းပေးသွားမည်ဟု ဆိုကြောင်း China National Petroleum Corporation ၏ လူမှုဆက်ဆံရေး တာဝန်ရှိသူများနှင့် ၁၁ ရက်နေ့က တွေ့ဆုံခဲ့သည့် မကွေးမြို့ Green Network မှ ကိုအိုလာက ဆိုသည်။
“သူတို့ပြောတာကတော့ စီမံကိန်းနဲ့ ဆိုင်တာတွေကို ဖြေရှင်းပေးမယ်၊ ဒါပေမယ့် တခြားလူတွေ လုပ်တာကိုတော့ မရှင်းပေးနိုင်ဘူးလို့ ပြောတယ်။ ဒါနဲ့ ကျနော်တို့ကလည်း ဒီပြဿနာတွေက ပိုက်လိုင်းလာမှ ဖြစ်လာတာချည်းပဲလို့ ပြန်ပြောလိုက်တော့ ပြဿနာတွေ ရှိရင် ချရေးပေးလိုက်ပါ၊ အထက်ကို တင်ပြပေးပါမယ်ဆိုပြီး မှတ်တော့ မှတ်သွားတယ်” ဟု ကိုအိုလာက ပြောသည်။
ယင်းသည် ယခုလ အလယ်ပိုင်းက မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် ပိုက်လိုင်း ဖြတ်သွားရာ ဒေသများမှ အရပ်ဘက် လူ့အဖွဲ့အစည်းများက ထုတ်ပြန်သည့် ကြေညာချက်ကို ပြန်လည် တုန့်ပြန်ရန် အလျင်စလို ဖွဲ့စည်းထားခြင်း ဖြစ်နိုင်ကြောင်း ကိုအိုလာက ရှင်းပြသည်။
“သူတို့က ဂျာနယ်တွေထဲမှာ ပါသွားတာတွေကို ပြန်ရှင်းချင်တဲ့ သဘောနဲ့ အလောတကြီး ဖွဲ့လိုက်တဲ့ ပုံစံ ဖြစ်နေတယ်” ဟု သူက ပြောသည်။
စက်တင်ဘာ လကုန်တွင် ပြုလုပ်ခဲ့သည့် ကြေးစင်တောင်နှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင်လည်း ဦးပိုင်ကုမ္ပဏီနှင့် တွဲဖက် လုပ်ကိုင်နေသည့် ဝမ်ပေါင်ကုမ္ပဏီမှ တက်ရောက်ခဲ့ပြီး ဖြေရှင်းမှုများ ပြုလုပ်ခဲ့သည်။
“လက်ပန်းတောင်းတောင် တုန်းက သူတို့ဘက်က ပြန်ရှင်းပြချင်တာတွေ စာရွက်စာတမ်း ပေးချင်တာတွေ ရှိတယ်။ ဒါပေမယ့် သူတို့ကို စင်ပေါ်တက်ခွင့် မပေးလိုက်ဘူး။ တဘက်က အမြင်စောင်းမှာစိုးလို့ သူတို့လည်း စာနယ်ဇင်း ရှင်းလင်းပွဲတပွဲ လုပ်ထားတယ်။ သူတို့ဘက်က လုပ်ပြီး ကိုယ့်ဘက်က မလုပ်သေးလို့ လုပ်တာပါ” ဟု ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုဉာဏ်လင်းက ပြောသည်။
ထိုကဲ့သို့ PR များ ဖွင့်လှစ်ခြင်းသည် ကောင်းမွန်ပြီး ကုမ္ပဏီသို့ ပြောလိုသည်များကိုလည်း ပြောနိုင်ကြောင်း ကိုဉာဏ်လင်းက ဆိုသည်။
“အရင်တုန်းက ပိတ်ထားတာလေ။ အခုတော့ ဒေသခံတွေ နစ်နာတာတွေ ပြောလို့ရတယ်။ အရင်တုန်းကဆို ပြောရ သိပ်ခက်တယ်။ တကယ် ရပ်တည်ရင်တော့ တိုင်းပြည်အကျိုး၊ ဒေသခံတွေအကျိုး ဘက်ကပဲ ရပ်တည်မှာပါ” ဟု ၎င်းက ပြောသည်။
ယခုလက်ရှိတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများကို ပိုမို အသိအမှတ် ပြုလာကြကြောင်း၊ ယခင်က တောင်းဆိုမှုများ ပြုလုပ်ချင်ခဲ့သော်လည်း စုရုံးခွင့် မရခဲ့သဖြင့် ခြယ်လှယ်မှုများ ခံခဲ့ရကြောင်း၊ ယခုလက်ရှိ အချိန်တွင် စိတ်ကြိုက် ခြယ်လှယ်၍ မရနိုင်တော့ကြောင်း၊ သို့ရာတွင် တင်းမာမှုများ ရှိနေဆဲ ဖြစ်သကဲ့သို့ ထိုက်သင့်သည့် ပြေလည်မှုများလည်း ရှိနေကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများ၏ အရပ်ဘက် လူ့အဖွဲ့အစည်းများ အပေါ် အသိအမှတ်ပြုလာမှုကို ရှင်းပြသည်။
“နိုင်ငံသားတွေအတွက် အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်းလာဖို့ တကယ်လိုအပ်တယ်။ လူမှု အဖွဲ့အစည်းတွေရော၊ ပရဟိတ လုပ်ငန်းတွေပါ ညီညွတ်မယ်ဆိုရင် ပိုအားကောင်းလာပြီးတော့ တဘက်ကလည်း တကယ် အင်နဲ့အားနဲ့ ပိုပြီးတော့ ညှိလာရလိမ့်မယ်။ မြစ်ဆုံ၊ ဓာတ်ငွေ့ပိုက်လိုင်းကိစ္စ၊ ဒါတွေက လုံး၀ ပြီးပြတ်သေးတာမှ မဟုတ်တာ” ဟု သူက ဆိုသည်။
မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်နေသည့် CPI ကုမ္မဏီက ပြောင်းရွှေ့ခံ ရွာသားများကို ဆန် ၆ လစာ ပေးမည်ဟု စည်းရုံးခြင်း၊ စီမံကိန်းကောင်းကြောင်း ရေးသားထားသည့် စာရွက်စာတမ်းများ ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့ပြီး ရွာသားများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
“တရုတ် ကုမ္ပဏီတွေက တိုက်ရိုက် ပြည်သူ့အသံကို နားထောင် ဖြေရှင်းလို့ရတဲ့ အခြေအနေ၊ အခွင့်အရေးတွေ ရှိပါတယ်။ အရင် စီမံကိန်းတွေ လုပ်တဲ့အခါ ပြည်သူလူထုဆန္ဒကို အလေးမထားခဲ့ဘူး၊ တာဝန်ရှိသူတွေနဲ့ပဲ အဆင်ပြေအောင် လုပ်ခဲ့တာ၊ ပွင့်လင်းမြင်သာမှု အပိုင်းမှာလည်း အားနည်းခဲ့တာတွေ ရှိပါတယ်။ ကျနော်တို့ ရုံးကို ပြေလည်ချင်လို့ လာရောက် ညှိနှိုင်းတာတော့ မရှိသလောက်ပါပဲ” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုပြုံးချိုက ပြောသည်။
“မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်း (EIA)၊ လူမှုဝန်းကျင် ထိခိုက်မှု စစ်တမ်း (SIA) တွေ လုပ်ဖို့ ဥပဒေ မရှိပါဘူး။ ဒါပေမယ့် CPNC က လုပ်ခဲ့ပြီးသား ပိုက်လိုင်းနဲ့ ပတ်သက်တဲ့ EIA နဲ့ SIA တွေကို စွမ်းအင်ဝန်ကြီးဌာနကို ပေးထားပါတယ်” ဟု CPNC မှ ပြည်သူ့ ဆက်ဆံရေး တာဝန်ခံ မစ္စတာကျန်းက ရှင်းပြသည်။
အများပြည်သူသို့ ပွင့်လင်းမြင်သာမှု ရှိစွာ ထုတ်ဖော်ပြသမှု မရှိခြင်းနှင့် ပတ်သက်ပြီး တခြား စီမံကိန်းများသည်လည်း EIA နှင့် SIA ကို လူထုသို့ ချပြခြင်း ရှိမရှိနှင့် ပတ်သက်၍ CPNC ၏ ပြည်သူ့ ဆက်ဆံရေး ဌာနမှ မခင်စန္ဒာက မေးခွန်းထုတ်သည်။
ပိုက်လိုင်း အကောင်အထည်ဖော်မည့် ကုမ္ပဏီများက ဒေါ်လာ ၆ သန်းကို အစပိုင်းလှူဒါန်းမည် ဖြစ်ပြီး နောက်ပိုင်းတွင် နှစ်စဉ် ဒေါ်လာ ၂ သန်းကို စီမံကိန်း လည်ပတ်ခြင်းကြောင့် ထိခိုက်သွားသည့် ကိစ္စရပ်များအား တာဝန်ယူသည့် အနေဖြင့် ပြန်လည် ပေးဆပ်သည့် အခါများတွင် အသုံးပြုသွားရန်ရှိကြောင်း သိရသည်။
SEAOP နှင့် SEAGP ကို ၂၀၁၀ ပြည့်နှစ်တွင် ဟောင်ကောင်၌ ကုမ္ပဏီ မှတ်ပုံတင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌ မှတ်ပုံတင်ခဲ့သည်။ ၎င်း ကုမ္ပဏီနှစ်ခုတွင် South-East Asia Pipeline Company Limited (SEAP) က ရှယ်ယာ ၅၀.၉ ရာခိုင်နှုန်းစီ ပါဝင်ထားပြီး SEAP ကို China National Petroleum Corporation က တိုက်ရိုက် စီမံခန့်ခွဲသည်။