မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုမှ ကာကွယ်ရေးဆိုင်ရာ နည်းပညာအကူအညီများ ရယူသွားရန် စဉ်းစားနေကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။
အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်း နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သော ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲတွင် ဧရာဝတီသတင်းဌာန၏ မေးခွန်းများကို ပြန်လည်ဖြေကြားစဉ် သမ္မတဦးသိန်းစိန်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
ဧရာဝတီသတင်းဌာနက မြန်မာနိုင်ငံအနေနှင့် အမေရိကန်ပြည်ထောင်စုထံမှ စစ်ရေး အကူအညီများ ရယူရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းရာ သမ္မတဦးသိန်းစိန်က စစ်ရေး အကူအညီ ဆိုသည်ထက် နည်းပညာ အကူအညီပိုင်းနှင့်ပတ်သက်ပြီး ရယူရန် စဉ်းစားလျက်ရှိကြောင်း ပြန်လည်ဖြေဆိုသည်။
“စစ်ရေးအကူအညီဆိုတာ လောလောဆယ်တော့ မလိုပါဘူး။ ဘယ်နိုင်ငံကိုမှ ကျနော်တို့က ရန်ပြုနေတာမှ မရှိတာ။ အမေရိကန် စစ်ရေးအကူညီ ဆိုတာ မလိုသေးဘူး။ သို့သော်လည်းပဲ နည်းပညာ အကူအညီပိုင်းနဲ့ပတ်သက်ပြီးတော့ သင်တန်းတွေ ဘာတွေလွှတ်ဖို့ ပြုဖို့ စဉ်းစားနေတယ်။ ဟိုတုန်းကဆိုရင် အရာရှိသင်တန်းတွေ အမေရိကန်က လက်ခံပေးတာတွေရှိပါတယ်” ဟု သမ္မတဦးသိန်းစိန်က ဆိုသည်။
ဆက်လက်ပြီး ဧရာဝတီသတင်းဌာနက အမေရိကန်ပြည်ထောင်စုက Cobra Gold စစ်ဆင်ရေးအတွက် မြန်မာနိုင်ငံကို လေ့လာရန် ဖိတ်ကြားမည်ဆိုသည့်အပေါ် မေးမြန်းရာ လတ်တလော တရားဝင်ဖိတ်ကြားမှု မရရှိသေးသည့်အတွက် သွားရောက်လေ့လာရန် အစီအစဉ်မရှိသေး ကြောင်း ရှင်းပြသည်။
“ Cobra Gold ဆိုတာ ဟိုတုန်းကတည်းက လုပ်နေတာ။ ဟိုတုန်းကတည်းက ဒီဟာနဲ့ပူးပေါင်း ဆောင်ရွက်တယ်ဆိုတာ မရှိပါဘူး။ အခုက ဖိတ်တယ်ဆိုတာပြောတာ ကျနော်တို့ အစိုးရဆီလည်း တရားဝင်ပို့တာမရှိသေးဘူး။အဲဒီတော့ ပူးပေါင်းဆောင်ရွက်ဖို့တို့ သွားလေ့လာဖို့တို့ အစီအစဉ် မရှိသေးပါဘူး” ဟု သမ္မတက ဆက်လက်ပြောသည်။
အမေရိကန်က Cobra Gold စစ်ရေးလေ့ကျင့်မှုကို လာရောက်လေ့လာရန် မြန်မာကို ဖိတ်ရန် စဉ်းစားနေပြီး ဆုံးဖြတ်ချက် မချရသေးကြောင်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ကလည်း ပြောသည်။ အင်အား တသောင်းကျော်ပါဝင်မည့် ယင်းစစ်ရေးလေ့ကျင့်မှုကို တခြား အာရှ နိုင်ငံတွေလည်း ပါဝင်မှာဖြစ်ပြီး ထိုင်းနိုင်ငံက အမေရိကန်ကို မြန်မာအား ဖိတ်ကြားရန် ကြားဝင် တိုက်တွန်းနေခဲ့သည်။ ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့်နိုင်ငံများ အားလုံး သဘောတူညီမှုလိုကြောင်း ပြောဆိုထားသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်ကမူ ယင်းသတင်းအပေါ် ၎င်းအနေနှင့် သတင်းအချက် အလက် တစုံတရာ မရရှိသေးကြောင်း ဆိုသော်လည်း မကြာသေးမီက အမေရိကန် ကာကွယ်ရေး လက်ထောက် ဝန်ကြီးနှင့် အမေရိကန်စစ်တပ်မှ အဆင့်မြင့် အရာရှိကြီးများသည် မြန်မာနိုင်ငံသို့ လာရောက်ပြီး အရပ်သား ထိန်းချုပ်သည့် စစ်တပ်၏ အခန်းကဏ္ဍ အပါအဝင် အမေရိကန် စစ်တပ် အတွေ့အကြုံများကို ရှင်းလင်းသွားကြောင်း ရန်ကုန် အခြေစိုက် အမေရိကန်သံရုံးတွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
သမ္မတ ဦးသိန်းစိန်ကလည်းက မြန်မာ့နိုင်ငံရေးတွင် တပ်မတော်ပါဝင်မှု အခန်းကဏ္ဍကို ဒီမိုကရေစီ ရင့်သန်လာသည်နှင့်အမျှ လျော့ချသွားရန်ရှိပြီး
အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီပြောင်းလဲမှုကို ဥပမာပေး ပြောဆိုသွားသည်။
“လောလောဆယ်ကတော့ မြန်မာနိုင်ငံရေးကဏ္ဍမှာ တပ်မတော်ကိုလည်း ပစ်ပယ်ထားလို့မရပါဘူး။ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတို့ကို ပြန်ကြည့်ရင် ဗိုလ်ချုပ်အောင်ဆန်းတို့က အစပေါ့လေ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံရဲ့ဦးဆောင်မှုကဏ္ဍမှာ တပ်မတော်က ပါဝင်ခွင့်ပေးထားပါတယ်။ ခုနကလို ယူနီဖောင်းကြီးနဲ့ လွှတ်တော်ထဲ ဝင်ထိုင်နေတယ် ဆိုပြီးတော့ မြင်ကြမှာပါ။ သို့သော်လည်း နိုင်ငံရေးရာကိစ္စတွေမှာ အစိတ်အပိုင်းတခုအနေနဲ့ ပါဝင်ကူညီဆောင်ရွက်ပေးတဲ့ သဘောပဲဖြစ်ပါတယ်။ သိပ်ပြီးတော့ ဒီမိုကရေစီ ရင့်သန်လာတဲ့အမျှ တဖြည်းဖြည်းနဲ့တော့ လျှော့သွားစရာရှိပါတယ်။ ကျနော်တို့တင် မဟုတ်ပါဘူး။ အင်ဒိုနီးရှားတို့လည်း ဒီအတိုင်းပဲ လုပ်သွားတာ ဖြစ်ပါတယ်” ဟု ဦးသိန်းစိန်က ရှင်းပြသည်။
သို့ရာတွင် တပ်မတော်၏ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍ လျော့ချရန်မှာမူ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မပြင်ဆင်ရေးနှင့် ပတ်သက်နေကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်မူ မိမိတဦးတည်းဆန္ဒနှင့် မဖြစ်နိုင်ကြောင်း ပြောဆိုသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ပြင်ဖို့ မပြင်ဖို့ဆိုတာ ကျနော် တယောက်တည်း ဆန္ဒနဲ့ မရပါဘူး။ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆန္ဒလည်းပါဝင်ရပါမယ်” ဟု သမ္မတက ရှင်းပြသည်။
သမ္မတ၏ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းသမား တရာကျော် တက်ရောက်ခွင့်ပြုခဲ့ပြီး ၂ နာရီကျော်ကြာ စိတ်ရှည်လက်ရှည်ဖြင့်ဖြေကြားပေးခဲ့သည်။