ပါတီတွင်း မကျေနပ်မှုများကြောင့် ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၅၀၀ ကျော်က ယခုလ ၂၇ ရက်နေ့တွင် ပုသိမ်မြို့၊ စကားဝါလမ်းရှိ မြို့နယ်ရုံးတွင် နုတ်ထွက်ပွဲ အခမ်းအနားပြုလုပ်၍ ပါတီမှ နုတ်ထွက်ကြမည်ဖြစ်ကြောင်း သိရသည်။
ပါတီအောက်ခြေတွင် ဖြစ်ပွားနေသည့် အခြေအနေမှန်များအား ဗဟိုက မသိရှိဘဲ ဗဟိုနှင့် နီးစပ်သူများ၏ စကားကို နားယောင်၍ ဆုံးဖြတ်ချက်များ ချမှတ်နေခြင်းနှင့် စကားဝါလမ်းရှိ မြို့နယ်ရုံးကို ပိတ်သိမ်းကာ ဆိုင်းဘုတ်ဖြုတ်ချရန် လုပ်ဆောင်မှုအပေါ် မကျေနပ်သည့်အတွက် ပါတီမှ နုတ်ထွက်ကြခြင်း ဖြစ်ကြောင်း ပုသိမ်မြို့နယ် NLD အဖွဲ့ဝင် ကိုမြင့်စိုးက ဧရာဝတီကို ပြောသည်။
“ကျနော်တို့ ပါတီဝင်အဖြစ်က နုတ်ထွက်ပါတော့မယ်။ ကျနော့်လိုပဲ နုတ်ထွက်မယ့်လူ အနည်းဆုံး ၅၀၀ ကျော်ရှိပါတယ်။ နုတ်ထွက်ဖို့ကို အခမ်း အနားလုပ်ပြီးတော့ ဘာကြောင့် နုတ်ထွက်ရတယ်ဆိုတာကို မီဒီယာတွေကိုေ ပြာပြမယ်။ ပြီးရင် ကျနော် မြတ်မြတ်နိုးနိုး တသက်လုံးဝတ်လာတဲ့ ပင်နီတိုက်ပုံကို မီးရှို့ပစ်မယ်ဗျာ”ဟု သူက ပြောသည်။
ပါတီမှ နုတ်ထွက်ခြင်း အခမ်းအနားကို ယင်းနေ့ နံနက် ၁၀ နာရီက စတင်ပြုလုပ်မည်ဖြစ်ပြီး နေ့လယ်ပိုင်းတွင် မီဒီယာရှင်းလင်းပွဲပြုလုပ်ကာ ပင်နီ်အင်္ကျီများကို မီးရှို့သည့် အစီအစဉ်ပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပါတီဝင်အဖြစ်မှ နုတ်ထွက်ကြပြီးနောက် တဆက်တည်းမှာပင် မြို့နယ်အဖွဲ့ချုပ်ရုံး ဆိုင်းဘုတ်ကိုပါ ဖြုတ်ချသွားမည်ဖြစ်ကြောင်း သိရသည်။
ယနေ့တွင် တိုင်းညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာအေးကြူ ဦးဆောင်သည့် အဖွဲ့က NLD မြို့နယ်ရုံးမှ လူကြီးတချို့ကိုခေါ်ယူကာ ဗဟိုညီလာခံ ကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦး၏ ညွှန်ကြားချက်အရ မြို့နယ်ရုံးကို ပိတ်သိမ်းကာ ဆိုင်းဘုတ်နှင့်အလံ အပ်နှံရန်ပြောဆိုခဲ့ကြောင်း တွေ့ဆုံရာတွင် ပါဝင်သူ ၁၉၉၀ ပြည့်နှစ် သာပေါင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းဝင်းကပြောသည်။
ထို့ကြောင့် မြို့နယ်ရုံးရှိ ပါတီဝင်များက မကျေမနပ်ဖြစ်ကြပြီး ယနေ့မှာပင် အစည်းအဝေးထိုင်ကာ ပါတီဝင်အဖြစ်မှ အစုလိုက်အပြုံလိုက် နုတ်ထွက်ကြရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။
နုတ်ထွက်မည့်သူများထဲတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်သဖြင့် ပါတီမှ ယာယီ ထုတ်ပယ်ခံထားရသည့် ဦးသန်းဝင်း၊ ဦးညွန့်လှိုင်၊ ဒေါက်တာ သန်းထိုက် အပါအဝင် အမျိုးသမီးအဖွဲ့ဝင်များ၊ လူငယ်အဖွဲ့ဝင်များပါ နုတ်ထွက်ကြမည်ဖြစ်ကြောင်း သိရသည်။
ပုသိမ်မြို့ စကားဝါလမ်းရှိ မြို့နယ်ရုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အသိအမှတ် မပြုသဖြင့် အဖွဲ့ချုပ်၏ တရားဝင်ရုံးခန်း မဟုတ်ကြောင်း ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်က ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က စာထုတ်ပြန် ကြေညာထားသည်။
ယင်းမြို့နယ်ရုံးရှိ ပါတီဝင်များသည် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် အပါအဝင် ဗဟိုဌာနချုပ်နှင့် တိုင်းအဖွဲ့ချုပ်ကိုပါ တိုက်ခိုက်နေသည့်အတွက် ဖျက်သိမ်းရခြင်း ဖြစ်ကြောင်း တိုင်းညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ အေးကြူက ပြောသည်။
“သူတို့တွေက လုပ်ထုံးလုပ်နည်းတွေကို ကျော်ပြီးတော့ သူတို့လုပ်ချင်တာတွေ လျှောက်လုပ်ပြီး သူတို့စိတ်ကူးတွေကို အကောင်အထည်ဖော်နေတယ်။ ညီလာခံကျင်းပရေးကော်မရှင် ဖွဲ့ပြီးချိန်ကျတော့ ကျနော် တိုင်းဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးနဲ့ ဗဟိုနဲ့ တိုင်ပင်တော့ သူတို့တွေက မဖျက်လို့ မရတော့ဘူး။ အဓိကက ဆိုင်းဘုတ်နဲ့အလံ ရဖို့အရေးကြီးတယ်”ဟု ဒေါက်တာ အေးကြူက ပြောသည်။
တရားမဝင်ကြောင်း ကြေညာခံထားရသည့်ရုံးမှာ ပါတီနာယက ဦးတင်ဦးက ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ဖွင့်လှစ်ပေးခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ပုသိမ်မြို့သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်စဉ်တွင် မြို့နယ်ရုံးအား ဖျက်သိမ်းရန်မလိုဘဲ ဖျက်သူအား သူကိုယ်တိုင် အရေးယူမည်ဟု မှာကြားခဲ့ကြောင်း၊ ယခုအခါခေါင်းဆောင်မှာကြားသည်နှင့် အောက်ခြေတွင် ဖြစ်ပေါ်နေသည့် အခြေအနေများက ဆန့်ကျင်ဘက်ဖြစ်နေကြောင်း ပါတီဝင် ဒေါက်တာ သန်းထိုက်က ပြောသည်။
ယနေ့တွင် ပုသိမ်မြို့သို့ ဗဟိုကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးလာရောက်ခဲ့ပြီး ရပ်ကွက်နှင့် ကျေးရွာအဆင့် ကော်မတီဝင်များနှင့်တွေ့ဆုံကာ ညီလာခံ ကျင်းပရေးကိစ္စများ ရှင်းလင်း ပြောကြားခဲ့သည်။
ဦးတင်ဦးမှာ ပုသိမ်မြို့သို့ နံနက် ၉ နာရီခွဲခန့်က ရောက်ရှိလာခဲ့ပြီး ဥမ္မာဒန္တီလမ်းရှိ တိုင်းအဖွဲ့ချုပ်ရုံး၌ ပြည်သူများအား မိန့်ခွန်းပြောကြားကာ နေ့လယ် ၁ နာရီခန့်တွင် ပုသိမ်မှ ပြန်လည် ထွက်ခွာသွားခဲ့သည်။