House of Media and Entertainment (Home) က စီစဉ်ပြီး ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ ဝတ္ထုတို၊ ဟာသ စတာတွေကို ရုပ်သံအဖြစ် တင်ဆက်ထားတဲ့ ဗီဒီယိုမဂ္ဂဇင်း (Motion Magazine) ကို မကြာခင် ဖြန့်ချိတော့မယ်လို့ သိရပါတယ်။
အဲဒီ ဗီဒီယို မဂ္ဂဇင်း မိတ်ဆက်ပြသပွဲ အခမ်းအနားကို အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီမှာ ရန်ကုန် ဗိုလ်အောင်ကျော် လမ်းက Home ခန်းမမှာ ကျင်းပရာမှာ Home ရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တဦးဖြစ်သူ ဦးဇာဂနာက ဒီမဂ္ဂဇင်းကို လစဉ် ဖြန့်ချိနိုင်အောင် ကြိုးစားသွားမယ်၊ ရုပ်ရှင် အစည်း အရုံးက ဆင်ဆာခွင့်ပြုချက် ကျပြီးဖြစ်ပေမယ့် ဖြန့်ချိဖို့ ရက်အတိအကျ မသတ်မှတ်ရလို့ လောလောဆယ်တော့ DVD ချပ်တွေကို မရောင်းသေးဘူးလို့ ပြောပါတယ်။
ဗီဒီယိုမဂ္ဂဇင်း ဆိုတာကို မြန်မာပြည်မှာ Home က ပထမဆုံး စတင်တာ မဟုတ်ပေမယ့် အရင်လုပ်ခဲ့ဘူးတာတွေနဲ့ ပုံစံကွဲမယ်လို့လည်း သူက ဆိုပါတယ်။
ဗီဒီယို မဂ္ဂဇင်း အမှတ် ၁ ကို မပြသခင်မှာ အမှတ် ၂ မှာ ပါမယ့် “မမြင်ရတဲ့ လ” ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတို တကားကို မိတ်ဆက် ပြသ ပါတယ်။ အဲဒီ ဇာတ်လမ်းတို ကလေးကတော့ အကျဉ်းထောင်ထဲက လူတယောက် သာနေတဲ့ လပြည့်လကို မြင်ချင်လို့ ကြံဖန် ကြိုးစားထားတဲ့ အကြောင်းကို ရိုက်ပြထားတာပါ။ သာနေတဲ့လကို မြင်ချင်လွန်းတာကြောင့် ကြံရာမရတဲ့ အဆုံး အကျဉ်းခန်း အပြင်က ဆီးခွက်ထဲကို ဆီးသွားချပြီး လမင်းကို ဖမ်းလိုက်နိုင်တဲ့အကြောင်း ရိုက်ပြထားတာပါ။ အဲဒီဇာတ်လမ်းမှာ သရုပ်ဆောင်သူက နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်ပြီး ဒီဇာတ်လမ်းက ဦးဇာဂနာရဲ့ တကယ့်အဖြစ်အပျက်ကို ပြန်ရိုက်ပြ ထားတာလို့ သိရပါတယ်။
“ဒီဇာတ်လမ်းမှာ သရုပ်ဆောင်တဲ့သူက နိုင်ငံရေးအကျဉ်းသားဟောင်း တယောက်ပဲ။ သူက သရုပ်ဆောင်တယောက်တော့ မဟုတ်ဘူး။ ဒါပေမယ့် သူ့ကို အကျဉ်းထောင်အခန်းထဲ ပြန်ထည့်လိုက်တော့ တကယ်ကို သရုပ်ပါသွားတယ်” လို့ ဦးဇာဂနာက ဆိုပါတယ်။
ဗီဒီယို မဂ္ဂဇင်း အမှတ် ၁ ကို အစအဆုံး ပြသရာမှာတော့ မာတိကာအရ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇော်သက်ထွေး ရေးတဲ့ “ဟေး” ဆိုတဲ့ ကဗျာကို သရုပ်ဖော် ရိုက်ချက်တွေနဲ့ တကွ ပထဆုံး ကြည့်ရပါတယ်။
ဒုတိယ အနေနဲ့ “ကလေးတွေကို တကယ်ချစ်ရဲ့လား” ဆိုတဲ့ ကာတွန်းရုပ်ရှင် ကားတိုကလေးကို ပြသရာမှာတော့ မိဘတွေရဲ့ ဖြစ်စေချင်ဇောကြီးတဲ့ ဆန္ဒတွေကြားမှာ စက်ရုပ်ဆန်ဆန် လှုပ်ရှားနေရတဲ့ ကလေးတယောက်ရဲ့ ဘဝကို ကြည့်ရပါတယ်။ မနက်မိုးလင်း မျက်နှာသစ်တာကနေ စပြီး ကျောပိုးအိတ်အလေးကြီး လွယ်၊ ကျောင်းသွား၊ ပြန်လာ၊ တခြား ကလေးတွေနဲ့ အတူကစားခွင့်မရှိလို့ ငေးမော၊ စာကြည့်စားပွဲမှာ အဆူအငေါက် အရိုက်အပုတ်ခံရင်း စာကြည့် ဆိုတဲ့ သူ့ကိုယ်ပိုင် ဆန္ဒမပါဘဲ နေ့စဉ်လှုပ်ရှားနေတဲ့ ကလေးဘဝကို တိုတိုနဲ့ ထိထိမိမိ တင်ဆက်ထားတာပါ။
“မကင်းရာ မကင်းကြောင်း” ဆိုတဲ့ ဇာတ်လမ်းတိုကလေးကလည်း ပရိသတ်ကို တော်တော်လေး ဆွဲဆောင်နိုင်ပါတယ်။ မကင်းရာ မကင်းကြောင်း ဖြစ်တဲ့အတွက် ပေးလိုက်ရတဲ့ ပန်းချီကားတချပ်က စလက်ခံတဲ့ သူကနေ မကင်းရာ မကင်းကြောင်း လူတွေဆီ တဆင့်တဆင့် ပေးလိုက်ရာက နောက်ဆုံး စပြီးပေးတဲ့သူဆီ ပြန်ရောက်လာတဲ့ ခေတ်ကိုသရောင်ထားတဲ့ ဟာသ ဇာတ်လမ်းတပုဒ် ဖြစ်ပါတယ်။
မဂ္ဂဇင်းမှာ ပါတဲ့ စတုတ္ထမြောက် အစီအစဉ်ကတော့ ပရိသတ်တွေ တော်တော်လေး စိတ်ဝင်စားတဲ့ Documentary တခုဖြစ်ပါတယ်။ လက်ရှိ ဖြစ်နေတဲ့ လက်ပန်းတောင်းတောင်နား တဝိုက်က ကျေးရွာတွေ အသိမ်းခံရတဲ့ အကြောင်း ရိုက်ထားတာပါ။ အဲဒီဒေသမှာ ဖြစ်ပျက်နေတဲ့ ဒေသခံတွေနဲ့ စီမံကိန်း ပြုလုပ်သူတွေအကြား ဖြစ်နေတဲ့ ပဋိပက္ခကို အဲဒီဒေသမှာ သွားရောက်နေထိုင်ပြီး ရိုက်ထားတဲ့ Documentary တပုဒ်ဖြစ်သလို ကြည့်ရှုသူ ပရိသတ်ဆီက လက်ခုပ်သံ အများဆုံးရတဲ့ အစီအစဉ်တခုလို့လည်း ပြောလို့ရပါတယ်။
“ကျနော်တို့ လူတွေကို လက်ပန်းတောင်းတောင် ဒေသမှာ သွားနေခိုင်းပြီး ဖြစ်ပျက်နေတာတွေကို အရှိအတိုင်း ရိုက်ပြထားတာပါ။ တခုမှ လိမ်ထားတာ မပါပါဘူး” လို့ ဦးဇာဂနာက ရှင်းပြပါတယ်။
စီမံကိန်း တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ ညှိနှိုင်းတာ၊ ဝက်မှေးကျေးရွာက ဘုန်းတော်ကြီးကျောင်းကို ဖြိုဖျက်ဖို့အတွက် ချိတ်ပိတ်ထားလို့ ရွာသူရွာသားတွေ စိတ်ဆင်းရဲရတာ၊ မနှစ်က ရွာကို ဖျက်လိုက်လို့ ကလေးတွေ ကျောင်းမတက်ရ၊ စာမေးပွဲ မဖြေကြရတာ၊ ကုမ္ပဏီရှေ့မှာ ဒေသခံတွေ ဆန္ဒပြတာ စတာတွေကို အင်တာဗျူးတွေနဲ့တကွ ဖြစ်ရပ်မှန် ရိုက်ကူးထားတာ တွေ့ရပါတယ်။
နောက်ထပ် ဇာတ်လမ်းတိုတပုဒ် ကတော့ မန္တလေးအကြောင်း ရိုက်ကူးပြထားတာ ဖြစ်ပါတယ်။ မြန်မာ့အနုပညာ လက်ရာတွေ၊ မြန်မာမှုတွေနဲ့ ပြည့်နှက်နေတဲ့ မန္တလေးမြို့က မြန်မာလင်မယားနှစ်ယောက်ရဲ့ စာအုပ်နဲ့ စာရေးကိရိယာ ဆိုင်ကလေးမှာ ကုမ္ပဏီဝန်ထမ်း မိန်းကလေးတယောက်က တရုတ်လိုရေးထားတဲ့ မြန်မာပြည်မြေပုံ၊ မန္တလေးမြေပုံလိုချင်လို့ လာရှာတဲ့ အကြောင်းနဲ့ ရိုက်ပြထားပါတယ်။ စာရေးဆရာ ညီပုလေးရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငဒေသက မြန်မာရွှေ့ပြောင်းအလုပ်သမား သားသမီးတွေ၊ အလုပ်သမားတွေ အကြောင်း ရိုက်ပြထား Documentary တပုဒ်လည်း ပါဝင်ပါတယ်။ ဦးဇာဂနာကိုယ်တိုင် အလုပ်သမား သားသမီးတွေ၊ အလုပ်သမားတွေကို သွားရောက် မေးမြန်းထားတာ တွေ့ရပါတယ်။
အင်တာဗျူးကဏ္ဍ အနေနဲ့တော့ လက်ရှိ သာယာဝတီ အကျဉ်းထောင်ထဲမှာ အကျဉ်းကျ ခံနေရဆဲဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား ကိုလက်ျာထွန်းရဲ့ မိခင်ကြီးကို သွားရောက်မေးမြန်းထားတဲ့ အစီအစဉ် ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ လူရွှင်တော် ဆူးဆူးရဲ့ တကိုယ်တော်ဟာသ ဖြေဖျော်တဲ့ အစီအစဉ်ပါ။ ဒီအစီအစဉ်ရဲ့ အသံ မကြည်လင်မှု၊ တကိုယ်တော် ဖျော်ဖြေတင်ဆက်တဲ့ အချိန် ကြာမြင့်မှုတွေကြောင့် ဒီအစီအစဉ်ကိုတော့ ပရိသတ်တွေ နည်းနည်း ညည်းငွေ့ လာတာ တွေ့ရပါတယ်။ မဂ္ဂဇင်းတခုလုံး အနေနဲ့ကတော့ လာရောက်ကြည့်ရှုတဲ့ ခန်းလုံးပြည့်နီးပါး ပရိသတ်က လက်ခုပ် အားပါးတရ တီးပြီး အားပေးကြပါတယ်။
လက်ပန်းတောင်းတောင် Documentary ကတော့ လာရောက်ကြည့်ရှုတဲ့ ပရိသတ်ကို တော်တော်စွဲဆောင်ပုံ ရပါတယ်။ အမေးအဖြေ ကဏ္ဍမှာ ဒီအကြောင်းကို အသားပေးမေးသွားတာ တွေ့ရပါတယ်။
“နောက်ထပ်ထုတ်မယ့် အမှတ် ၂ မှာ လက်ပန်းတောင်းတောင် Documentary ဒုတိယပိုင်း ထပ်ပါဦးမယ်။ ဒေသခံတွေ ခံစား နေရတာတွေကို အရှိ အရှိအတိုင်း ရိုက်ထားတာပါ” လို့ ဦးဇာဂနာက ဆိုပါတယ်။