အစိုးရက ခွင့်ပြုရန်ရှိသည့် အမြဲတမ်းနေထိုင်ခွင့် (Permanent Resident-PR) အား ပြည်ပနိုင်ငံသား ခံယူထားသည့် မြန်မာနိုင်ငံ သားများအပြင် မြန်မာပြည် ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုသော နိုင်ငံခြားသားများကိုလည်း ပေးအပ်သွားမည် ဖြစ်ကြောင်း သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောဆိုလိုက်သည်။
“ရင်းနှီးမြုပ်နှံမယ့် နိုင်ငံခြားသားတွေ၊ ပါမောက္ခတွေ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက် အထောက်အကူ ပြုနိုင်မယ့် သူတွေကို လည်း ပေးသွားမယ်။ နိုင်ငံခြားသားတိုင်းကိုတော့ ပေးမှာ မဟုတ်ပါဘူး။ စင်ကာပူ တို့လို့ပေါ့။ PR သက်တမ်းကတော့ ၃ နှစ်နဲ့ ၅ နှစ် ပေါ့”ဟု ဦးစိုးသိန်းက ပြောသည်။
PR စနစ်ကို လပိုင်းအတွင်း အကောင်အထည်ဖော်ရန် လုပ်ဆောင်နေသည်ဟုလည်း ၎င်းက ဆိုသည်။
နေပြည်တော်တွင် အောက်တိုဘာ ၂၁ ရက်နေ့က သမ္မတ ဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ မကျင်းပမီ ဧရာဝတီ သတင်းဌာန၏ မေးမြန်းချက်ကို ဝန်ကြီး ဦးစိုးသိန်းက အထက်ပါအတိုင်း ပြန်လည်ဖြေဆိုခြင်း ဖြစ်သည်။
သမ္မတဦးသိန်းစိန်ကလည်း မြန်မာနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ထွက်ခွာသွားပြီး ပြည်ပနိုင်ငံခြားသား ခံယူထားသူများ အနေဖြင့် PR စနစ်ကြောင့် မိခင်နိုင်ငံသို့ ပြန်လာနိုင်မည်ဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံ ခရီးစဉ်အတွင်း မြန်မာ မိသားစုများနှင့် တွေ့ဆုံ စဉ် တွင် PR စနစ် လုပ်ဆောင်ပေးမည်ဟု ပြောဆိုခဲ့ပြီးဖြစ်ကြောင်း နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။
“မြန်မာမိသားစုတွေက အကြောင်းကြောင်းတွေကြောင့် အမေရိကန် နိုင်ငံသား ခံယူထားတယ်။ သူတို့ရဲ့ဆွေမျိုးတွေရှိတဲ့ ဒီနိုင်ငံကို
ကျနော်တို့ပြန်လာချင်တယ်။ ကြာကြာလေးလည်း နေချင်ပါတယ်၊ ဘယ်လိုလုပ်ရမလဲဆိုတော့ ဟိုနိုင်ငံသား ခံယူထားတော့ Dural Citizen (နှစ်နိုင်ငံ နိုင်ငံသား)တော့ ပေးလို့မရဘူး။ သို့သော်လည်း PR စနစ်နဲ့ လုပ်ပေးမယ် ပြောခဲ့ပါတယ်”ဟု သမ္မတ ဦးသိန်းစိန် က ပြောသည်။
ဝန်ကြီး ဦးစိုးသိန်းက ဆက်လက်ပြီး PR စနစ် အကောင်အထည် ဖော်နိုင်ရေးအတွက် အစိုးရက လိုအပ်သော အမိန့်၊ ညွှန်ကြားချက် များကို ဦးစွာထုတ်ပြန်မည်ဖြစ်ပြီး နောက်ပိုင်းတွင် လွှတ်တော်၌ ဥပဒေအဖြစ် တရားဝင် တင်သွင်းဖွယ်ရှိသည်ဟု ပြောဆို သည်။
လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီကလည်း PR စနစ်ကို လာ မည့် ၃ လ အတွင်း အကောင်အထည် ဖော်မည်ဖြစ်ပြီး လတ် တလော ပြည်ပနိုင်ငံသား ခံယူထားသော မြန်မာ နိုင်ငံသားများသည် လူမှုရေး ဗီဇာများဖြင့် မြန်မာနိုင်ငံသို့ ပြန်လာနေကြပြီဖြစ်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက် ကြံ့ခိုင်ရေး ပါတီ ညီလာခံတွင် ဧရာဝတီ သို့ ပြောဆိုထားသည်။
မြန်မာ နိုင်ငံသားများသည် နိုင်ငံ နှစ်နိုင်ငံ ၏ နိုင်ငံသား အဖြစ် ရပ်တည်ခွင့်မရှိကြောင်း ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေတွင်လည်း ပြဋ္ဌာန်း ထားသည်။