ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် တခုအဖြစ် အသိအမှတ်ပြုခံရရန် ကြိုးစားနေသည့် ပုဂံရှေးဟောင်းဇုန်အတွင်း၌ ဟိုတယ်များနှင့် စားသောက်ဆိုင်များ တည်ဆောက်လာခြင်းကို ပုဂံဒေသခံ ၂၀၀ ခန့် ယနေ့နံနက် ၉ နာရီခန့်က ဆန္ဒပြကြသည်။
ကမ္ဘာလှည့်ခရီးသွားများ ပိုမိုဝင်ရောက်လာခြင်းကို အကြောင်းပြုပြီး စီးပွားရေးလုပ်ငန်းရှင်ကြီးများက ဟိုတယ်များနှင့် စားသောက်ဆိုင်များကို စီးပွားရေး အချက်အချာကျပြီး လည်ပတ်မှုများသည့် ရှေးဟောင်း ဘုရားပုထိုးများ အနီးတွင် တည်ဆောက်လာခြင်းနှင့် ခရီးသွားကုမ္ပဏီများက စေတီများပေါ်တွင် ပါတီများ ကျင်းပခြင်းစသည်တို့ကို တားဆီးပေးရန် ဆန္ဒပြတောင်းဆိုခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ဆန္ဒပြပွဲတွင် ပါဝင်သည့် မြစိမ်းရောင် သစ်ပင်ချစ်သူများ အဖွဲ့ဝင် ကိုနိုင်က “ရှေးဟောင်းအမွေအနှစ် နယ်မြေအဖြစ် ကမ္ဘာက အသိအမှတ် ပြုစေချင်ရင်တော့ ဒီလိုအဆောက်အဦးတွေကို ဖယ်ရှားသင့်တယ်ထင်လို့ ဆန္ဒပြကြတာပါ” ဟု ၎င်းက ဆိုသည်။
မကြာသေးမီက ပုဂံဒေသသို့ လာရောက်ခဲ့သည့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ညွှန်ကြားရေးမှူးချုပ်ကလည်း ပုဂံဒေသကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် အသိအမှတ်ပြုရန်အတွက် ယဉ်ကျေးမှုဇုန်အတွင်း စည်းကမ်းနှင့် မညီသည့် အဆောက်အဦးများ၊ လမ်းများနှင့် ဂေါက်ကွင်းများကို ဖယ်ရှားသင့်ကြောင်း ထောက်ပြ ပြောဆိုသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ရှေးဟောင်း ဘုရားပုထိုးစေတီ ပေါများသည့် ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ် တခုအဖြစ် သတ်မှတ်ရန် ယူနက်စကိုသို့ မကြာသေးမီက လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
ရှေးဟောင်းနယ်မြေအတွင်း ဟိုတယ်လုပ်ငန်း လုပ်ကိုင်နေသည့် ဧဒင်၊ အမတ၊ Adventure စသည့် ကုမ္ပဏီကြီးများက ဆောက်လုပ်နေခြင်းဖြစ်ပြီး မကြာသေးမီကလည်း ပုဂံမြိုသစ်ရှိ ထန်းဥယျာဉ်ဟိုတယ် (Treasure Resort) ကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
စစ်အစိုးရလက်ထက်က ဟိုတယ်များ တည်ဆောက်ရန်အတွက် ယဉ်ကျေးမှုနယ်မြေနှင့် ၄ မိုင်ခန့်ဝေးသည့် ဂန့်သာကျေးရွာအနီး သတ်မှတ်ပေးခဲ့သော်လည်း ဦးတေဇပိုင် ထူးကုမ္ပဏီက အချက်အချာကျသည့် သရပါတံခါးအနီး Myanmar Treasure Resort ကို ဖွင့်လှစ်ခဲ့သည်။
ထိုသို့ ယဉ်ကျေးမှုဇုန်အတွင်း စီးပွားရေးလုပ်ငန်းရှင်များက ဟိုတယ်များ၊ စားသောက်ဆိုင်များ တည်ဆောက်နေခြင်းသည် ဥပဒေနှင့် ညီ မညီ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန ဦးစီးဌာနသို့ မေးမြန်းခဲ့သော်လည်း ဖြေဆိုခြင်းမပြုပေ။
ပုဂံဒေသသည် ပျူယဉ်ကျေးမှုပြီးလျှင် မြန်မာတို့၏ ယဉ်ကျေးမှု အမွေအနှစ်များ စုဝေးရာဒေသဟု အများကသတ်မှတ်ထားကြပြီး ဘုရားစေတီပုထိုးပေါင်းများစွာ ရှိကြသည်။
မကြာသေးမီက ခရီးသွားကုမ္ပဏီတချို့က နိုင်ငံခြားသားခရီးသွားများကို ဆွဲဆောင်သည့် အနေဖြင့် ဘုရားစေတီများပေါ်တွင် အရက်သေစာ သောက်စားမှုများ ပါဝင်သည့် ညစားစားပွဲများ ပြုလုပ်ခြင်းများရှိလာသဖြင့် ဘာသာရေး၊ ယဉ်ကျေးမှုများဖြင့် ဆန့်ကျင်ကြောင်း ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်ခဲ့သေးသည်။