ထိုင်းနိုင်ငံ အယုဒ္ဓယ ခရိုင်(Phachi) ဖားချီမြို့နယ်တွင် စီနိုထိုင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ ထိုင်း အလုပ်သမားနှင့် မြန်မာအလုပ် သမားများ ယမန်နေ့က ခိုက်ရန်ဖြစ်ပွားခဲ့ရာ မြန်မာ၂ ဦးနှင့် ထိုင်းနိုင်ငံသား ၁ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။
ပြီးခဲ့သည့်အပတ် စနေနေ့က အလုပ်သမားများ နေထိုင်သည့် အဆောင်အနီးတွင် မြန်မာ အလုပ်သမားများ ဖုန်းပြောနေစဉ် ထိုင်း နိုင်ငံသားများက လာရောက် ပြောဆိုရာကနေ စတင်၍ ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ယင်း ဆောက်လုပ်ရေး ကုမ္ပဏီတွင်လုပ် ကိုင်နေသည့် မြန်မာ အလုပ်သမား ကိုဝင်းမောင် ဆိုသူက ဧရာဝတီသို့ ပြောသည်။
စနေနေ့က ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ထိုင်း အဆောင်မှူး တဦးက ဖြေရှင်းပေးခဲ့ရာ ပြေလည်သွားသော်လည်း နောက် တနေ့ ညနေပိုင်းတွင် ထပ်မံ ရန်စလာသည့်အတွက် ပြဿနာ ကြီးထွားသွားကြောင်း ၎င်းက ဆိုသည်။
“အဲဒီ စနေနေ့မှာ ထိုင်းအဆောင်မှူးက ဖြေရှင်းပေးတော့ အေးဆေး ဖြစ်သွားတယ်၊ နောက်နေ့ ညနေမှာ ကျနော်တို့ ထမင်းစားတဲ့ အခန်းထဲကို ထိုင်း ၃ ယောက်က ဝင်လာတယ်၊ မင်းတို့ မြန်မာတွေကို ငါတို့က သေနတ်နဲ့ ပစ်သတ်ပစ်လို့ရတယ် ဆိုပြီးတော့ လာ
ပြောတယ်၊ အဲဒါနဲ့ပဲ ကျနော်တို့ အဖွဲ့တွေက ရုန်းရင်း ဆန်ခတ်တွေ ဖြစ်ကြတယ်၊ ဖြစ်ကြတော့ တယောက်နဲ့ တယောက် စထိုးတာ ပဲ”ဟု ကိုဝင်းမောင်က ရှင်းပြသည်။
ထိုင်း ရဲ နှင့် လုံခြုံရေး တာဝန်ရှိသူများ ပူးပေါင်းထားသော အင်အား ၁၀၀ ခန့်က ခိုက်ရန်ဖြစ်ပွားခဲ့သည့် ထိုင်းနှင့် မြန်မာ အလုပ် သမားများကို သေနတ် မိုးပေါ်သို့ ပစ်ဖောက်၍ လူစုခွဲခဲ့ရသည်ဟုလည်း မြန်မာ အလုပ်သမားများက ပြောသည်။
ခိုက်ရန် ဖြစ်ပွားမှုကြောင့် မြန်မာ အလုပ်သမား ၂ ဦးသည် လက်နှင့် ပေါင်တို့တွင် ဓားဒဏ်ရာများ ရရှိ၍ ယခုအခါ အလုပ်သမားများ နေထိုင်သည့် အဆောင်သို့ ပြန်ရောက်နေပြီး ထိုင်းနိုင်ငံသား ၁ ဦးမှာ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာရရှိ၍ အချက် ၃၀ခန့် ချုပ်ရ ကြောင်း သိရသည်။
ယနေ့တွင်မူ ထိုင်းနှင့် မြန်မာ အလုပ်သမားများ အလုပ်မဆင်းဘဲ အလုပ်သမားများအဆောင်တွင်ပင် နေထိုင်နေကြသည်ဟု ကိုဝင်းမောင် က ပြောပြသည်။
ဖားချီမြို့နယ် အုပ်ချုပ်ရေးမှူး Withit Pinnikorn ကလည်း ထိုင်းနှင့် မြန်မာ အလုပ်သမားများ အချင်းချင်း လတ်တလောတွင် နား လည်မှု ရရှိသွားကြပြီဖြစ်သည်ဟု ပြောကြားကြောင်း ထိုင်းဘာသာဖြင့် ရေးသားထားသည့် krobkruakao အင်တာနက် စာမျက်နှာ တွင် ယနေ့ ဖော်ပြထားသည်။
“မြန်မာ အလုပ်သမားတွေ အတွက် လုံခြုံရေး ယူပေးမယ်၊ ပြဿနာကိုတော့ ထိုင်း၊ မြန်မာ၊ ကုမ္ပဏီ ခေါင်းဆောင်တွေကို ခေါ်ပြီး တော့ ဖြေရှင်းသွားမယ်၊ ဘယ် အဖွဲ့ပဲ ဖြစ်ဖြစ် ကျူးလွန်တဲ့ အဖွဲ့ကိုတော့ ဥပဒေအရ အရေးယူ ဆောင်ရွက်မှုတွေ လုပ်သွားမယ်”ဟု ၎င်းက ဆိုသည်။ သို့သော် မည်သို့ အရေးယူဆောင်ရွက်မည်ကိုမူ သတင်း၌ ဖော်ပြထားခြင်း မရှိပေ။
ယင်း ကုမ္ပဏီတွင် အလုပ်လုပ်နေသူ လူ ၂၀၀၀ ရှိသည့် အနက် မြန်မာနိုင်ငံသား ၆၀၀ ခန့် လုပ်ကိုင်နေပြီး တရားဝင် အလုပ် သမား လက်မှတ် ရှိကြသူများ ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ အလုပ်သမား လက်မှတ်ဖြင့် တရားဝင် အလုပ်လုပ်ခွင့် ပေးထားသူ မြန်မာနိုင်ငံသား ၁ သန်း ၃ သိန်းခန့် ရှိကြောင်း ထိုင်း အလုပ်သမား ဝန်ကြီးဌာန က ထုတ်ပြန် ပြောဆိုထားသည်။
မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများက ထိုင်းတွင် အလုပ်သမား လက်မှတ် ကိုင်ဆောင်ထားသူနှင့် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၂ သန်းခွဲမှ ၄ သန်းအတွင်း ရှိနိုင်သည်ဟု ခန့်မှန်းပြောဆိုကြသည်။