မြန်မာနိုင်ငံ၏ ကားဈေးကွက်ကို နိုင်ငံတကာပုံစံသို့ ဦးတည် ပြောင်းလဲလျှက်ရှိသောကြောင့် လက်ရှိ အနေအထားတွင် ကားဝယ်မည် ဆိုပါက အရှုံးပေါ်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး (စီးပွား/ ကူးသန်း) ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဧရာဝတီသတင်းဌာနနှင့် သီးသန့် တွေ့ဆုံမေးမြန်းရာတွင် ပြောဆိုလိုက်သည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးရသစ် တက်လာပြီးနောက် နိုင်ငံသားတိုင်း ကားစီးနိုင်ရမည်ဆိုသည့် သမ္မတ ဦးသိန်းစိန်၏ စီမံချက်ဖြင့် ကားဈေးနှုန်းများကို လျှော့ချခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ကားဈေးနှုန်းများမှာ ယခင်ထက် အဆပေါင်းများစွာ ကျဆင်းခဲ့ပြီဖြစ်ကြောင်း၊ အစိုးရ၏ ကားမူဝါဒမှာ နိုင်ငံတကာ ကားဈေးကွက်ပုံစံဖြင့် ကားအရောင်း စင်တာများတွင် ပြည်သူများ အခက်အခဲမရှိ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန် ဖြစ်ကြောင်း ဦးဝင်းမြင့်က ရှင်းပြသည်။
“အရင် ကျပ် သိန်း ၃၀၀၀၊ ၄၀၀၀ ရှိခဲ့တဲ့ ကားတွေ အခု သိန်း ၂၀၀ ပဲရှိတော့တယ်။ သိန်း ၂၀၀ နဲ့ ကားကောင်းကောင်း စီးလို့ရပြီ။ အခု ကားဈေးကွက်က တည်တည်ငြိမ်ငြိမ် ဖြစ်မယ့် အခြေအနေတခုကို သွားနေတယ်။ သိပ်မကြာခင် ကာလမှာ နိုင်ငံတကာ ဈေးကွက်ပုံစံကို တဖြည်းဖြည်း သွားနေတယ်။ ချက်ချင်းကြီးတော့ လုပ်လို့မရဘူး။ ဒါပေမယ့် ကျနော် ပြောနိုင် တာက ကားဝယ်ရင် မြတ်မယ့်ခေတ် ကုန်သွားပြီ။ ကားဝယ်ရင် အရှုံးပေါ်မယ်။ ကိုယ်တော့ စီးရတာပေါ့” ဟု သူက ဆိုသည်။
ကားဈေးနှုန်းများ ကျဆင်းခဲ့ခြင်းကြောင့် ၎င်းကိုယ်တိုင်ပင်လျှင် ယခင် သိန်းထောင်ချီကားများ လက်ဝယ် ပိုင်ဆိုင်ထားသဖြင့် အရှုံးပေါ်ခဲ့ပါကြောင်း ဦးဝင်းမြင့်က ပြောသည်။
“ကျနော့်မှာလည်း လင့်ခရူဆာ လေးစီးရှိတယ်။ အရင်တုန်းကဆိုရင် သိန်း ထောင်ချီတန်တဲ့ ကားတွေပေါ့။ အခု သိန်း ရာချီလောက်ပဲ တန်တော့တယ်။ ကျနော်လည်းရှုံးတာပါပဲ။ ဒါပေမယ့် ဒါက မလုပ်လို့မရဘူး။ နိုင်ငံက တကယ့်ဒီမိုကရေစီ ဈေးကွက်စီးပွားရေး စနစ်ဆီ သွားနေပြီ။ ၂၀၁၅ ဆိုရင် အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ခွင့်တွေ လာတော့မယ်။ အစစ အရာရာ ကျနော်တို့က ပြင်ဆင်ရတော့မယ်” ဟု ၎င်းက ဆက်ပြောသည်။
လတ်တလော ကားဈေးကွက် ကားသစ်များ တင်သွင်းနိုင်သော ကားဟောင်းအပ်နှံသော စလစ် ဈေးနှုန်းများ မြင့်တက်လျှက် ရှိသည်ဆိုသော သတင်းများကို စီးပွား /ကူးသန်း ဝန်ကြီးဌာန အနေဖြင့် သိရှိထားကြောင်း၊ အဆိုပါ ဝန်ကြီးဌာန အနေဖြင့်လည်း ကားတင်သွင်း လိုသော နိုင်ငံသားတဦးချင်းစီ အလိုက် ဆက်လက် တင်သွင်းခွင့် ပြုမည်ဖြစ်ပြီး ကားတင်သွင်းခွင့် ပါမစ် လိုင်စင်များကို ပိတ်ပင်ရန် မရှိကြောင်း၊ ကောလာဟလ လွှင့်ကာ ဈေးကစားနိုင်သော
ခေတ်လည်း မဟုတ်ကြောင်း သူက ရှင်းပြသည်။
“ထင်သာမြင်သာရှိရှိနဲ့ ကျနော်တို့လုပ်သွားမယ်။ အခုဆိုရင် ကားစီးရေ ခြောက်သောင်းကျော် တင်သွင်းခွင့်ပြုပြီးပြီ။ အဲဒီမှာ ကားသစ်စီးရေ သုံးသောင်းနီးပါးနဲ့ ကားဟောင်းလဲတာ သုံးသောင်းကျော် ရှိတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။
ကားသစ် များပြားလာခြင်းကြောင့် လမ်းများ ပိတ်ဆို့နေသည်ဆိုသော ပြောဆိုချက်များအပေါ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
“ကားလမ်းပိတ်တဲ့ အထဲမှာ စည်းကမ်း မလိုက်နာတွေကလည်း အဓိက အချက်တချက်လို ဖြစ်နေတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အပိုင်းကို သေသေချာချာလေး လုပ်သွားဖို့ရှိပါတယ်။ ဒါပေမယ့်လည်း ကားဈေးတွေ ကျလာတဲ့အချိန်မှာ တော်တော်လေးကို လူတွေ ကားစီးနိုင်လာကြတယ်။ ကျနော့်ဇာတိ တန့်ဆည်ကိုပြန်တဲ့ အချိန်မှာဆိုရင် နယ်က လမ်းတွေပေါ်မှာ ကားကောင်းတွေ တော်တော်များများ တွေ့ရတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။
ကားဝယ်မစီးနိုင်သေးသော ပြည်သူများအတွက်လည်း ခရီးသည်တင်ကား အသစ်များ ဝယ်ယူတင်သွင်းလျှက်ရှိပြီး လတ်တလော ခရီးသည်တင်ကားသစ် စီးရေ ၁၀၀၀ ကျော် ရောက်ရှိနေကာ ဆက်တိုက် တင်သွင်းခွင့် ပြုသွားရန်ရှိသည်ဟု သိရသည်။
ပြည်တွင်း ဈေးကွက်တွင်မူ ကားသစ်များ တင်သွင်းမှု များပြားခြင်းနှင့် ဆိပ်ကမ်းရောက် ကားတန်ဖိုး ပြင်ဆင် သတ်မှတ် ပေးရန်ရှိခြင်းကြောင့် ကားအရောင်းအဝယ် ငြိမ်သက်ပြီး ဈေးနှုန်း တန့်နေသည်။
ယခင် စစ်အစိုးရ လက်ထက်က ကားတင်သွင်းခွင့် ပါမစ်ကို အစိုးရက တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ခဲ့သောကြောင့် နှစ် ၂၀
ကျော် သက်တမ်းရှိ ကားဟောင်းတစီး၏ တန်ဖိုးသည် ကျပ်သိန်း ၃၀၀ အထက်တွင်ရှိခဲ့ပြီး မော်ဒယ်မြင့် ကားသစ်တစီးလျှင် အနည်းဆုံး ကျပ် သိန်း ၁ ထောင်ကျော် ဈေးပေါက်ခဲ့သည်။