ယနေ့နံနက် ၉ နာရီ ဝန်းကျင်က ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အပိုင် ရိုင်သေကျေးရွာ၌ မွတ်စလင် များနှင့် ရခိုင် တိုင်းရင်းသားများ ပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့ပြီး ရွာတွင်းရှိ အိမ်ခြေ ၁၀ လုံးကျော်နှင့် ဗလီတလုံး မီးလောင်ကျွမ်းကာ လူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယင်းပဋိပက္ခမှာ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့၌ ည ၇ နာရီမှ မနက် ၅ နာရီအထိ ညအထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီးနောက် ပထမဆုံး ထမ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ရိုင်သေ ကျေးရွာသည် မွတ်စလင် ဘာသာဝင်များ နေထိုင်ရာရွာ ဖြစ်ပြီး မင်းပြားမြို့နယ်နှင့် မြောင်ဘွေ မြို့နယ်တို့ ထိစပ်ရာနေရာတွင် ရှိကာ ချောင်းတဘက်ကမ်းတွင် မြောင်ဘွေ မြို့နယ် အတွင်းရှိ ရခိုင်တိုင်းရင်းသားများ နေထိုင်ရာ ရွာများနှင့် ထိစပ်နေကြောင်း၊ အဆိုပါ ဖြစ်ပျက်မှုတွင် လူသေဆုံးမှုများ မရှိသေးသော်လည်း အခြေအနေများကို ငြိမ်သက်စေရန် ဒေသဆိုင်ရာ အာဏာပိုင်များက ကြိုးစား ထိန်းသိမ်းနေရကြောင်း မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူ တဦးကပြောသည်။
တာဝန်ရှိသူများ အနေဖြင့် ပဋိပက္ခ ဖြစ်ပွားမှု မရှိသေးသော ကျေးရွာများသို့ သွားရောက်ကာ အခြေအနေများ ထိန်းသိမ်းနေကြောင်းလည်း ၎င်းက ဆိုသည်။
ယမန်နေ့က ဖြစ်ပျက်ခဲ့သော ပဋိပက္ခများကြောင့် ညသန်းခေါင် ၁၂ နာရီခန့်က စစ်တွေမြို့ ဆေးရုံသို့ ဒဏ်ရာရရှိလာသည့် လူ ၄ ဦးကို ရေလမ်းဖြင့် တင်ပို့ လိုက်ရကြောင်း သိရသည်။
မြောက်ဦးမြို့နယ် ပုရိမ်ကုန်း ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက မီးလောင်မှု ဖြစ်ခဲ့ကြောင့် အိမ်ခြေ ၁၀၀ ဝန်းကျင်နှင့် ဘုန်းကြီးကျောင်း တကျောင်း မီးလောင်ခဲ့ပြီး မင်းပြားမြို့နယ်တွင်လည်း အောက်တိုဘာ ၂၁ ရက်နှင့် ၂၂ ရက် နေ့တို့တွင် ပဋိပက္ခများကြောင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီး ခဲ့ကြောင်း သိရသည်။ ထိုဖြစ်ပျက်မှုများတွင် ရခိုင် တိုင်းရင်းသား တဦးနှင့် မွတ်စလင် အမျိုးသမီး တဦး တို့ သေဆုံးခဲ့ရသည်ဟု ရဲမှတ်တမ်း အတည်ပြုချက် စာရင်းများအရ သိရကြောင်း ရခိုင်ပြည်နယ် အစိုးရ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်ဝင်းက ပြောပြသည်။
ရခိုင်ဒေသတွင်း၌ ဒေသခံရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင် ဘာသာဝင်တို့အကြား ယခုနှစ် ဇွန်လဆန်းမှ စတင်၍ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ရခိုင် တိုင်းရင်းသားများနှင့် ဘင်္ဂါလီ လူမျိုးတို့အကြား အတူအကွ ယှဉ်တွဲ နေထိုင်ရန် ယုံကြည်မှု မရရှိတော့ကြောင်းနှင့် ၎င်းတို့ကို သီးခြားစီ နေရာ ချထားပေးရန် ဒေသခံ ရခိုင်လူမျိုးများက တောင်းဆိုခဲ့သည်။
သို့ရာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရခိုင်ဒေသအတွင်း ဖြစ်ပျက်မှုများကို အချိန်ယူ ဖြေရှင်း ဆောင်ရွက်ကာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးအတွက် လုပ်ဆောင်သွားမည့် အကြောင်း ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံစဉ်က ပြောဆိုထားသည်။
ယခုအခါ လူမျိုးရေး ဘာသာရေး ပဋိ ပက္ခ ပိုမို ကြီးထွားလာမည်ကို စိုးရိမ်နေရပြီဖြစ်သည်။
ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ ခု ရှိသည့်အနက် တောင်ကုတ်၊ အမ်း၊ မာန်အောင် မြို့နယ်တို့အပ ကျန်မြို့နယ် အားလုံး၌ မွတ်စလင် ဘာသာဝင်များရှိသည်။ ထိုနေရာများအနက် မောင်တောနှင့် ဘူးသီးတောင်တို့တွင် ၉၀ ရာခိုင်နှှုန်းကျော် ရှိပြီး၊ စစ်တွေတွင် ၅၀ ရာ ခိုင်နှှုန်း အထက် ရှိကြောင်း ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့များ၏ စာရင်းအရ သိရသည်။