အောက်တိုဘာလ ၂၇ ရက်နေ့ လာမည့် စနေနေ့တွင် ကျရောက်မည့် ကုရ်ဘာနီ အိဒ် ပွဲတော်နေ့ကို အစဉ်အလာမပျက် ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်ရှိ အစ္စလာမ် ဘာသာရေး အသိုင်းအဝန်းမှ သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ယနေ့နံနက် ပြုလုပ်သည့် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အစ္စလမ် ဘာသာရေး အဖွဲ့ခေါင်းဆောင်များ၏ အစည်းအဝေးတွင် အိဒ် ပွဲတော်ကို အစဉ်အလာမပျက် ကျင်းပရန်နှင့် လုံခြုံရေး အပြည့်အဝပေးမည်ဟု အစိုးရအဖွဲ့က ပြောဆိုခဲ့အပြီး ယခုလို ကျင်းပရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် သာသနာရေးအဖွဲ့ကြီးက အောက်တိုဘာလ ၂၃ ရက် ရက်စွဲဖြင့် ၂၀၁၂ ခုနှစ် ကုရ်ဘာနီ ပြုလုပ်ခြင်း ရပ်ဆိုင်းထားရန် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထို အသိပေးကြေညာချက်ကို အိုလမာ-အစ္စလမ် သာသနာ ပညာရှင်များ အဖွဲ့ချုပ်၊ အစ္စလမ် သာသနာရေးရာ ကောင်စီ ဌာနချုပ်၊ မြန်မာမွတ်စလင် လူငယ်များ (ဘာသာရေး) အဖွဲ့နှင့် မြန်မာ မွတ်စလင် အမျိုးသားရေးရာ ဌာနချုပ်တို့က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ်က သဘောမတူပေ။
“ဒီသတင်းကြားပြီး ကျနော်တို့ အစ္စလမ် ဘာသာဝင်တွေ အကုန် စိတ်မကောင်းဖြစ်ရတယ်။ အစိုးရက တားမြစ်တာ မဟုတ်ဘဲနဲ့ ကိုယ့် ဘာသာရေး အဖွဲ့အစည်းတွေက တားလိုက်တာကို ကျနော်တို့ လက်မခံပါဘူး။ အစိုးရအဖွဲ့က ကုရ်ဘာနီ ပွဲတော်အတွက် အစည်းအဝေး ခေါ်ထားရက်နဲ့ ဒီကြေညာချက်မျိုး ထွက်လာတာဟာ အစ္စလမ် ဘာသာဝင်တွေကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တာပဲ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးကျော်စိုးက ဧရာဝတီကို ပြောသည်။
ကုရ်ဘာနီနှင့် စပ်လျဉ်း၍ အသိပေးညာချက်၌ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပဍိပက္ခများ၊ ပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင် ကုရ်ဘာနီနှင့် စပ်လျဉ်း၍ ယခင်မရှိခဲ့သော စည်းကမ်းချက်များဖြင့် ချုပ်ချယ်ကန့်သတ်နေမှုများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့ တချို့က အစ္စလမ် ဘာသာဝင်များအပေါ် လူ့အခွင့်အရေး ချိုးဖောက်၍ ဆန့်ကျင် ရေးသား ခြိမ်းခြောက်မှုများကို ကြုံတွေ့နေရသဖြင့် လုံခြုံရေးအရ ကုရ်ဘာနီ ပြုလုပ်ခြင်း ရပ်ဆိုင်းထားကြပါရန် ဟု ရေးသား ဖော်ပြထားသည်။
“ကျနော်တို့ဘက်က နိုင်ငံတော်က ခွင့်ပြုတာကို လေးစားပါတယ်။ ရန်ကုန်မှာလည်း လုံခြုံရေး အပြည့်အ၀ ရှိတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် တနိုင်ငံလုံးမှာ ရှိတဲ့ အစ္စလမ် ဘာသာဝင်တွေ အားလုံးအတွက် အခြေအနေကို သိလို့ ကုရ်ဘာနီ မလုပ်ကြဖို့ ထုတ်ပြန်လိုက်တာပါ” ဟု မြန်မာ မွတ်ဆလင် အမျိုးသားရေးရာ အဖွဲ့ချုပ်၏ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးတင်မောင်မောင်က ပြောသည်။
ကုရ်ဘာနီ မလုပ်ရန် ကြေညာချက် ထုတ်ပြန်ထားသော်လည်း အစ္စလမ် ဘာသာဝင်များအနေဖြင့် လုပ်လိုသော ဆန္ဒရှိပါက ပြုလုပ်နိုင်ကြောင်း ဦးတင်မောင်မောင်က ပြောသည်။
“ကျနော်တို့က အခြေအနေအပေါ် သုံးသပ်ပြီးတော့ ဒါကို ထုတ်ပြန်တာပါ။ တချို့က ကုရ်ဘာနီ လုပ်ဖို့ အင်မတန် စိတ်အား ထက်သန်ပါတယ်။ လုပ်ချင်တာကို ကျနော်တို့ မကန့်ကွက်ပါဘူး။ ဒါပေမယ့် ကျနော်တို့ အစ္စလမ် သာသနာရေး အဖွဲ့ကြီးရဲ့ ရပ်တည်ချက်ကတော့ မနေ့က ထုတ်တဲ့ ကြေညာချက်အတိုင်းပါပဲ” ဟု ၎င်းက ဆက်ပြောသည်။
ကုရ်ဘာနီ အိဒ်ပွဲတော် ပြဌာန်းရခြင်းနှင့် ပတ်သက်ပြီး ကိုရမ်ကျမ်းစာ ၂၂: ၂၈ တွင် “တွက်ချက်သတ်မှတ်ထားသော နေ့ကာလအတွင်း ခွါကွဲစားမြှုံ့ပြန် သတ္တဝါများကို သင်တို့အတွက် ရိက္ခာဖြစ်စေ၏။ သို့ဖြစ်၍ ၎င်းကို စားသုံးကြလော့။ နွမ်းပါးသော သူဆင်းရဲများအား ကျွေးမွေးကြလော့” ဟု ဆိုထားသည်။
“နယ်တွေမှာ နွားအကောင်ရေ လျှော့ခိုင်းတာတွေ လုပ်တယ်။ ကုရ်ဘာနီဆိုတာ ငွေကြေး တတ်နိုင်တဲ့ သူတွေအတွက် မလုပ်မဖြစ်တဲ့ စွန့်လွှတ်လှူဒါန်းမှုပါ။ ဒါကို ကန့်သတ်တာတွေ များနေတော့ ကျနော်တို့လည်း စိတ်မကောင်း ဖြစ်ရတယ်” ဟု မွတ်စလင် လူငယ်တဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် အစ္စလမ် ဘာသာဝင် ဦးရေ ၄ ရာခိုင်နှုန်း၊ လက်ရှိ လူဦးရေ သန်း ၆၀ နှင့် ဆိုပါက ၂. ၄ သန်းခန့် ရှိကြောင်း ဝီကီပီဒီယာ ဝဘ်ဆိုက်တွင် မြန်မာအစိုးရ၏ တရားဝင် ကိန်းဂဏန်းများကို ကိုးကားဖော်ပြထားသည်။
၁၉၉၇ ခုနှစ်နှင့် ၁၉၈၃ ခုနှစ် တွင်လည်း မွတ်စလင် ဘာသာဝင်များ၏ ကုရ်ဘာနီ အီဒ် ပွဲတော် ကျင်းပနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။