[irrawaddy_gallery]
ချက်သမ္မတနိုင်ငံတွင် ယမန်နေ့က အဆုံးသတ်ခဲ့ပြီး သုံးရက်ကြာပြုလုပ်ခဲ့သော Forum 2000 ညီလာခံတွင် မြန်မာပြည်မီဒီယာ အခြေအနေများ အကြောင်း ဆွေးနွေးချက်များလည်း ပါဝင်ခဲ့သည်။
သမ္မတဦးသိန်းစိန်အစိုးရတွင် မီဒီယာနှင့် ပတ်သက်ပြီး ဗျူဟာရှိနေကြောင်း ဧရာဝတီသတင်းဌာန အယ်ဒီတာအောင်ဇော်က ညီလာခံတွင် ပြောသည်။
“အစိုးရက မီဒီယာကို ပိုရင်းနှီးလာ၊ အသုံးချတတ်လာတယ်။ မီဒီယာနဲ့ ပတ်သက်ရင် ဒေါ်အောင်ဆန်းစုကြည် အနားမှာတောင် မရှိတဲ့ အကြံပေးသူတွေ၊ ပညာရှင်တွေ အစိုးရဆီမှာ ရှိနေတာ တွေ့ရတယ်” ဟု အယ်ဒီတာအောင်ဇော်က ပြောသည်။
ညီလာခံရောက် ၈၈ မျိုးဆက်ခေါင်းဆောင်တဦးဖြစ်သည့် ကိုကိုကြီးက ဆွေးနွေးရာတွင် မကြာသေးမီက စတင်ပြီး မြန်မာအစိုးရ စာပေစိစစ်ရေးဌာန၏ခွင့်ပြုချက် တောင်းခံရန် မလိုတော့ဘဲ ပုံနှိပ်ထုတ်ဝေနိုင်ကြပြီ ဆိုသော်လည်း
အစိုးရက မီဒီယာကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်သည်ဟု ဆိုသည်။
မီဒီယာလွတ်လပ်ခွင့်ကို အထောက်အကူပြုဖြစ်ရေးအတွက် ဖျက်သိမ်းသင့်သည့် ဥပဒေများထဲတွင် အီလက်ထရွန်နစ်ဥပဒေလည်း ပါဝင်သည်ဟု ကိုကိုကြီးက ပြောသည်။
မြန်မာအတိုက်အခံတို့၏အမြင်တွင် မီဒီယာဆိုသည်မှာ တခါတရံ အစိုးရကို တန်ပြန်ရင်ဆိုင်ရာတွင် အသုံးပြုသည့် ကိရိယာတခု ဖြစ်နေတတ်သည်ဟု ကိုကိုကြီးက ဆိုသည်။
အင်တာနက်အသုံးပြုမှုမရှိသည့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး လှုပ်ရှားမှု ကာလအတွင်း သတင်းအချက်အလက်များ၊ ကြေညာချက်များ ပုံနှိပ်ရန်အတွက် ဖယောင်းစက္ကူနှင့် စာကူးစက်တို့ကို အသုံးပြုခဲ့ရကြောင်း၊ လတ်တလော အခြေ အနေတွင် သတင်းအချက်အလက် ရရှိရေးအတွက် ပြည်ပမီဒီယာများကို အားကိုးနေရဆဲဖြစ်ကြောင်း ကိုကိုကြီးက သူ၏ အတွေ့အကြုံများကို ရှင်းပြသွားသည်။
Forum 2000 ညီလာခံသို့ တက်ရောက်လာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထိပ်တန်းခေါင်းဆောင် တယောက်ဖြစ်သူ ဦးအုန်းကြိုင်က မြန်မာပြည်အကြောင်း သတင်းအချက်အလက်များ ရရှိရန် ပြည်ပအသံလွှင့်ဌာနတို့၏ မြန်မာဘာသာဖြင့် ထုတ်လွှင့်ချက်များကို အားထားနေရဆဲဖြစ်သည်ဟု ဝင်ရောက် ဆွေးနွေးသွားသည်။
ညီလာခံတွင် ဆွေးနွေးရာတွင် မြန်မာပြည် ဒီမိုကရေစီဖြစ်ထွန်းမှုအကြောင်းလည်း ပါဝင်ရာ ပေါင်းကူးအဖွဲ့မှ ဒေါက်တာကျော်သူက လူ့အခွင့်အရးချိုးဖောက်မှု၊ အကျင့်ပျက်ချစားမှု အများအပြား ရှိခဲ့ပုံကို တင်ပြသွားသည်။
နာဂစ်ဆိုင်ကလုန်း တိုက်ခတ်သည့် ၂၀၀၈ ခုနှစ်တွင် မြို့ပြအခြေစိုက် အဖွဲ့အစည်း အများအပြား ကျေးလက်ဒေသသို့ အရောက်သွားနိုင်ခဲ့ကြောင်း၊ ထိုသို့ ရောက်သွားခြင်းသည် လူထုအခြေပြုအဖွဲ့အစည်းများအတွက် ကြီးမားသည့် အလှည့်အပြောင်းတခု ဖြစ်ကြောင်း ဒေါက်တာကျော်သူက သုံးသပ်ပြသည်။
မြန်မာမီဒီယာများက ပိုမို ဖော်ထုတ်တင်ပြရန် လိုအပ်နေသေးသည့် အချက်ထဲတွင် ရေအားလျှပ်စစ်စီမံကိန်းများကဲ့သို့သော အကြောင်းအရာလည်း ပါဝင်သည်ဟု သူက ထောက်ပြသည်။
ဧရာဝတီသတင်းဌာန အယ်ဒီတာအောင်ဇော်က တိုင်းရင်းသားဒေသ အဖြစ်အပျက်များကို ပိုမို ရေးသားတင်ပြရန် လိုအပ်နေကြသေးသည်ဟု ဆိုသည်။
ယခင်က အတိုက်အခံနှင့် မီဒီယာတို့ အလွန်နီးကပ်ခဲ့ကြပြီး ကြားတွင် comfort zone ခေါ် နှစ်ဘက်စလုံး သက်တောင့်သက်သာရှိသည့် အနေအထား ရှိခဲ့သော်လည်း ယခု ထိုအနေအထား မရှိတော့ကြောင်း သူက သုံးသပ်ပြသည်။ အထူးသဖြင့် ကချင်ဒေသ၊ ရခိုင်ဒေသ ဖြစ်ရပ်များနှင့် ပတ်သက်ပြီး မီဒီယာတို့က ဒေါ်အောင်ဆန်းစုကြည် နှင့် အတိုက်အခံတို့ကို ဝေဖန်လာပြီးနောက်တွင် ထိုအနေအထား ပျက်ယွင်းသွားခဲ့သည်ဟု သူက ဆိုသည်။
ဆောင်ရွက်စရာ အများအပြား ရှိသည့် မြန်မာနိုင်ငံတွင် ပေါ်ပေါက်နေသော အပြောင်းအလဲက အားပျော့သွားနိုင်သကဲ့သို့ ရပ်ဆိုင်းသွားသည့် အခြေအနေသို့ပင် ရောက်သွားနိုင်ကြောင်း၊ မြန်မာပြည်သို့ သွားရောက်စဉ် ပြုပြင်ပြောင်းလဲရေးသမားများကို တွေ့ရသကဲ့သို့ ဟန်ပြလုပ်ကိုင်သူများကိုလည်း တွေ့ခဲ့ရကြောင်း သူက ဆက်ပြောသည်။
ယခင်စစ်အစိုးရနှင့် နီးစပ်ပြီး မြန်မာ့စီးပွားရေးကိုလက်ဝါးကြီးအုပ်ထားသူတို့က မြန်မာပြည်မီဒီယာလောကတွင်လည်း ဝင်ရောက်ကြီးစိုးနေသည်ဟုလည်း ဧရာဝတီအယ်ဒီတာအောင်ဇော်က Forum 2000 ညီလာခံတွင် ဆွေးနွေး ပြောဆိုခဲ့သည်။
Forum 2000 အဖွဲ့ကို ဦးဆောင် တည်ထောင်သူများထဲတွင် လွန်ခဲ့သည့် ဒီဇင်ဘာလက ကွယ်လွန်သွားသည့် ချက်သမ္မတနိုင်ငံက ခေါင်းဆောင်ဟောင်း ဗားကလက်ဟာဗဲလ်လည်း ပါဝင်သည်။
အဖွဲ့၏ ညီလာခံများ၊ ဆွေးနွေးပွဲများကို ချက်သမ္မတနိုင်ငံ၏ ပရက်မြို့တော်တွင် ပြုလုပ်ခဲ့ပြီး ယခု ကျင်းပနေသည်မှာ ၁၆ ကြိမ်မြောက် ညီလာခံဖြစ်သည်။
ညီလာခံကို နိုင်ငံတကာမှ အထင်ကရခေါင်းဆောင်များ၊ နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်များ၊ နိုင်ငံရေးသမားများ၊ စီးပွားရေးလောကမှ ခေါင်းဆောင်များ တက်ရောက်လေ့ရှိသည်။
၁၆ ကြိမ်မြောက် ညီလာခံကို ၃ ရက်ကြာ ကျင်းပရာ ဧည့်ပရိသတ် ၂၅၀၀ ထက်မနည်း တက်ရောက်ခဲ့ကြသည်ဟု Forum 2000 အဖွဲ့၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မက်ဒလင်းအောဘရိုက် အပါအဝင် နိုင်ငံတကာမှ ထင်ရှားသည့် ပုဂ္ဂိုလ် အများအပြားလည်း ညီလာခံသို့ တက်ရောက်ခဲ့ကြသည်။
ယမန်နေ့က အဆုံးသတ်ခဲ့သည့် ညီလာခံတွင် မီဒီယာ နှင့် ဒီမိုကရေစီရေးရာတို့ကို ဆွေးနွေးခဲ့ကြသည်။