စစ်ရေး တင်းမာမှု အခြေအနေများကြောင့် ဆွေးနွေးရန် အဆင်မပြေဖြစ်နေသည့် ကချင် လွတ်လပ်ရေး အဖွဲ့(KIO) နှင့် အစိုးရ ငြိမ်း ချမ်းရေး အဖွဲ့တို့အကြား ထပ်မံ၍ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးမည့်နေ့ရက် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
တွေ့ဆုံမည့် နေရာကို တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့ကို ရွေးချယ်ထားပြီး ယခုလ ၃၀၊ ၃၁ ရက်နေ့များတွင် ဆွေးနွေးကြမည်ဖြစ် ၍ နှစ်ဖွဲ့လုံးတွင် စစ်ရေးနှင့် နိုင်ငံရေး တာဝန်ရှိသူများအပါအဝင် ငြိမ်းချမ်းရေး အကျိုးဆောင်များလည်း လိုက်ပါမည်ဟု သိရသည်။
“သမ္မတရုံးကို တိုက်ရိုက် အကြောင်းကြားတယ်၊ ကျနော်တို့ဆီကို မိတ္တူပို့တာ၊ တွေ့မယ့်နေရာက ရွှေလီမှာပါ၊ ကျနော်တို့ သွားပြီးမှ စီစဉ်ရမှာပေါ့”ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့(PCG) မှ ဦးဆန်းအောင် က ဧရာဝတီသို့ ပြောသည်။
တွေ့ဆုံ ဆွေးနွေးမည့်ရက်ကို KIO က သတ်မှတ်၍ အကြောင်းပြန်ကြားပေးခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲအတွက် KIO ခေါင်းဆောင်များလည်း ဌာနချုပ်တွင် ဆွေးနွေးမှုများ ပြုလုပ်နေကြသည်ဟု ဆိုသည်။
ယင်းတွေ့ဆုံပွဲ ဖြစ်မြောက်ရေးအတွက် အစိုးရငြိမ်းချမ်းရေး အဖွဲ့က ယခုလ ၁၀ ရက်နေ့တွင် KIO ထံစာပို့ ကမ်းလှမ်းထားခြင်း အပေါ်မူတည်၍ PCG အနေဖြင့် ၂၂ ရက်နေ့က KIO ခေါင်းဆောင်များနှင့် သွားရောက်ဆွေးနွေးဖြစ်ခဲ့ကြောင်း သိရသည်။
ယခင်က နှစ်ဖက်တွေ့ဆုံမှုများရှိခဲ့သော်လည်း တပ်ပိုင်းဆိုင်ရာကိစ္စများတွင် ဆွေးနွေးမှု အဆင်မပြေဖြစ်ခဲ့ရသဖြင့် ဆွေးနွေးပွဲများ ရှေ့ မဆက်နိုင်ဘဲဖြစ်ရကြောင်း၊ ယခုအကြိမ်တွင် ယင်းကိစ္စများကို ဆွေးနွေးနိုင်ရန် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ ပါလာနိုင်ပြီး ဖြေ ရှင်းသွားနိုင်မည်ဟု မျှော်လင့်ရကြောင်း ဦးဆန်းအောင် က ပြောသည်။
“ဒီအချိန်မှာတော့ အဓိက ကတော့ ဘယ်ဘက်ကပဲဖြစ်ဖြစ်၊ စစ်ရေးလှုပ်ရှားမှုကိုတော့ အတတ်နိုင်ဆုံး ထိန်းသိမ်းသွားရင်တော့ အကောင်းဆုံး ဖြစ်မယ်လို့ယူဆပါတယ်၊ ထိန်းသိမ်းနိုင်ခဲ့ရင်တော့ သေချာပေါက် အတိုင်းတာတခုထိ ယုံကြည်မှုရမယ်လို့ ထင်ပါ တယ်၊ အခုဟာ ယုံကြည်မှုမရှိလို့ဘဲ ပျက်ပျက်နေတာ”ဟု ဦးဆန်းအောင် က ပြောဆိုသည်။
ယခုနှစ် ဇွန်လ ၂၀ ရက်နေ့က ဦးအောင်မင်းနှင့် KIO ခေါင်းဆောင်များ မိုင်ဂျာယန်ဒေသတွင် နောက်ဆုံး တွေ့ဆုံခဲ့စဉ် နှစ်ဖက် တပ်များ တင်းမာနေသည့် စစ်ရေးကိစ္စများ ပြေလည်ရေးအတွက် တွေ့ဆုံရန် စီစဉ်ထားခဲ့ကြသည်။
ထိုအချိန်က တရုတ်နိုင်ငံ ရွှေလီမြို့တွင် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွန်မော်နှင့် အစိုးရ ဒု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း ဗိုလ်ချုပ်ကြီး စိုးဝင်း အနေဖြင့် ရွှေလီမြို့သို့ သွားရောက်ရန် အခက်အခဲရှိသည့်အတွက် အစီအစဉ် အကောင်အထည် မပေါ်ခဲ့ကြောင်း သိရသည်။
အစိုးရ ငြိမ်းချမ်းရေးအဖွဲ့မှ ဝန်ကြီး ဦးအောင်မင်းကမူ ကချင်ဒေသ စစ်မြေပြင်သို့ ရောက်ရှိနေသည့် အစိုးရတပ်များကို တဆင့်ချင်း ရုပ်သိမ်းသွားမည်ဟု ပြောကြားကြောင်း ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ပေါ်ပြုလာဂျာနယ်တွင် ဖော်ပြထားသည်။
KIO သည် ၁၉၉၄ ခုနှစ်တွင် ယခင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇွန်လတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့သည်။
ယင်း တိုက်ပွဲများကြောင့် လက်ရှိ အစိုးရနှင့် KIO ကြား ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှ စတင် ၍ ၂၀၁၂ ခုနှစ်အတွင်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြသော်လည်း သဘောတူညီချက် တစုံတရာ မရရှိသေးပေ။
သောင်းနှင့် ချီသော ဒေသခံများမှာလည်း အိုးအိမ်၊ တောင်ယာများကို စွန့်ခွာ၍ တရုတ်-မြန်မာနယ်စပ် ဒုက္ခသည် စခန်းများ၊ ပြည်တွင်း စစ်ဖြစ်ရာ ဒေသ အနီးရှိ မြို့ပေါ်များနှင့် တောတောင်များထဲတွင် ထွက်ပြေး ခိုလှုံနေကြရဆဲ ဖြစ်သည်။