ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်နှင့် ပတ်သက်ပြီး မကြာမီရက်ပိုင်း အတွင်း အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။
နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံမည့် နေ့ရက်ကို အတိအကျ ထုတ်ဖော် ပြောကြားခြင်း မရှိသော်လည်း ယခု တပတ်အတွင်း ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် မြို့နယ်တွင် တွေ့ဆုံကြမည်ဟု မျှော်လင့်ကြောင်း SSA တောင်ပိုင်း ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းဆိုင်မိဏ်း က ဧရာဝတီသို့ ပြောသည်။
SSA တောင်ပိုင်း အနေနှင့် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က ဒုတိယ အကြိမ် အစိုးရနှင့် တွေ့ဆုံ၍ သဘောတူညီမှု ရထားသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စရပ်ကို ဆက်လက် အကောင်အထည် ဖော်ဆောင်ရန် အတွက် တွေ့ဆုံဆွေးနွေးကြမည်ဟု ၎င်းက ဆိုသည်။
“အရင်က ကျနော်တို့ သဘောတူညီချက်တော့ ရထားတယ်၊ ဒါပေမယ့် လက်တွေ့ အကောင်အထည် ဖော်တဲ့နေရာမှာ ကျနော်တို့ ဘာမှ လုပ်ဆောင်ရတာ မရှိသေးပါဘူး၊ အခု ပြန်ပြီးတော့ ထပ်မံ ဆွေးနွေးမှာပါ”ဟု စိုင်းဆိုင်မိဏ်းက ဆက်ပြောသည်။
SSA တောင်ပိုင်း တပ်ဖွဲ့နှင့် အစိုးရ ပူးပေါင်း၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက်အရ ဘိန်း အစားထိုး သီးနှံစိုက်ပျိုးရေးနှင့် အသိပညာပေးရေး အစီအစဉ်တို့ ပါဝင်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ တိုက်ဖျက်ရေးရုံး (UNODC) အဖွဲ့မှ ကိုယ်စားလှယ် တချို့ တက်ရောက်မည်ဟုလည်း စိုင်းဆိုင်မိဏ်းက ပြောသည်။
SSA တောင်ပိုင်း တပ်ဖွဲ့မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီဝင်များကို ဗိုလ်မှူးချုပ် ပေါင်ခေးက ဦးဆောင်၍ အစိုးရဘက်မှ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေ ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်မည်ဟု သိရသည်။
မူးယစ်ဆေးဝါး လေ့လာ စောင့်ကြည့်ရေး အဖွဲ့မှ ဦးခွန်စိုင်းက“ရှမ်းပြည်နယ်မှာ မြို့နယ်တိုင်းလိုလို ဘိန်း စိုက်ပျိုးနေကြတယ်။ အားလုံး ၅၅ မြို့နယ် ရှိတယ်။ အဲဒီမှာ ဘိန်းမစိုက်ပျိုးတဲ့ မြို့နယ်ဆိုတာ ၆ မြို့နယ်ပဲရှိတယ်” ဟု ပြောသည်။
ဘိန်းစိုက်ပျိုးခြင်း မရှိသည့် မြို့နယ်များမှာ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ဒေသတွင် ၄ မြို့နယ် အပါအဝင် မိုင်းလာနှင့် ကိုးကန့်ဒေသတို့ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဦးခွန်စိုင်း၏ အဆိုအရ SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များနှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးပြီးပါက ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး၊ မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် ဆေးဖြတ် စခန်းများနှင့် ပညာပေးရေး အစီအစဉ်များ ပေါ်ပေါက်လာနိုင်ဖွယ်ရှိသော်လည်း ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေသည့် ကိစ္စများနှင့် ပတ်သက်၍ မလွယ်ကူသေးကြောင်း ပြောသည်။
မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန် ပြီးလျှင် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု ဒုတိယ အများဆုံးနိုင်ငံအဖြစ် ဆက်လက် တည်ရှိနေကြောင်း၊ တကမ္ဘာလုံး၌ မူးယစ်ဆေးဝါး သုံးစွဲသူပေါင်း ၂၇ သန်းခန့်ရှိပြီး တနှစ်လျှင် သုံးစွဲသူ၏ ၁ ရာခိုင်နှုန်း နီးပါး သေဆုံးမှု ရှိကြောင်း၊ ဘိန်းဖြူနှင့် ကိုကင်းသုံးစွဲမှုကြောင့် တနှစ်လျှင် လူ ၂ သိန်း ဝန်းကျင် သေဆုံးမှုရှိကြောင်း UNODC ၏ ၂၀၁၂ ခုနှစ် အစီရင်ခံစာ၌ ဖော်ပြထားသည်။
“မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်း အပြင် ထပ်ပြီးဆွေးနွေးရမှာက အများကြီး ကျန်သေးတယ်။ အစိုးရနဲ့ ကျနော်တို့ ကြားမှာလည်း နားလည်မှု ယုံကြည်မှု တည်ဆောက်ဖို့ အချက်ဟာ အဓိက ဆွေးနွေးရမယ့် အထဲမှာ ပါဝင်နေတယ်” ဟု SSA တောင်ပိုင်း တပ်ဖွဲ့မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြောင်း သျှမ်း သံတော်ဆင့် သတင်းဌာန အင်တာနက် စာမျက်နှာတွင် အောက်တိုဘာ ၁၃ ရက်နေ့က ဖော်ပြထားသည်။
မေလ ၁၉ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် SSA တောင်ပိုင်းမှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီအဖွဲ့နှင့် နောက်ဆုံး တွေ့ဆုံခဲ့ပြီးနောက် ရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သေးသည်။
ယင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပတ်သက်၍ အစိုးရဘက်မှ ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းက တရားဝင် တောင်းပန်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးပွဲတွင် သဘောတူညီချက် ၁၂ ချက် ရရှိထားပြီး အစိုးရဘက်မှ ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ဦးအောင်မင်း၊ SSA တောင်ပိုင်းဘက်မှ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဗိုလ်မှူးချုပ် ပေါင်ခေးတို့က သဘောတူ လက်မှတ် ထိုးခဲ့ကြသည်။
သဘောတူညီချက် ၁၂ ချက်တွင် မူးယစ်ဆေးဝါး ပူးတွဲနှိမ်နင်းရေး၊ SSA တောင်ပိုင်း အဖွဲ့အား မတရားအသင်း အဖြစ်မှ ပယ်ဖျက်ပေးရေး၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရေး၊ SSA တောင်ပိုင်း အဖွဲ့နှင့် မိသားစုဝင်များ နေရာချထားရေး၊ စီးပွားရေး လုပ်ငန်းများ ဖော်ဆောင်ရေး စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။